မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / ရက် ၁၀ဝ သစ္စာစီမံချက်နဲ့ မွန်ပြည်နယ်

ရက် ၁၀ဝ သစ္စာစီမံချက်နဲ့ မွန်ပြည်နယ်

ရေးသားသူ: >

NLD အစိုးရသစ်အာဏာလွှဲယူတဲ့ ဧပြီလ ၁ ရက်နေ့ကနေ စခဲ့တဲ့ရက် ၁၀ဝ စီမံကိန်းတွေမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက “သစ္စာစီမံချက်” ကို အကောင်အထည်ဖော်နေပါပြီ။ တရားဝင်ထုတ်ပြန်တာမျိုးမရှိပေမယ့်လည်း မိတ်ဆွေလဝက အရာရှိတစ်ဦးပြောပြချက်အရ “သစ္စာစီမံချက်” ဆိုတာ ပြည်သူအပေါ်ရော အစိုးရအပေါ်ရော သစ္စာရှိရှိလုပ်ကိုင်ဆောင်ရွက်တာကို ဆိုလိုတဲ့အကြောင်း အကြမ်းအားဖြင့် “ဝန်ကြီး” မှာကြားထားတယ်လို့ ဆိုပါတယ်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန Website(Screenshot)
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန Website(Screenshot)

ရက် ၁၀ဝ အတွင်းမှာ ရွှေ့ပြောင်းအလုပ်သမားစာရင်းကောက်ယူသွားမှာဖြစ်ပြီး သာမန်ရွှေ့ပြောင်းနဲ့ ယာယီရွှေ့ပြောင်းဆိုပြီး ၂ မျိုးခွဲခြားထားမှာပါ၊ ယာယီရွှေ့ပြောင်းဆိုတာ ရွာနား၊ မီးရထားလမ်းဘေး၊ စည်ပင်နယ်မြေ၊ သာသနာပိုင်နယ်မြေတွေမှာ နေထိုင်သူများနဲ့ သာမာန်ရွှေ့ပြောင်းဆိုတာ စက်ရုံ၊ အလုပ်ရုံ၊ ရာဘာစက်ရုံ၊ ကိုယ်ပိုင်အိမ်ခြံဝယ်ပြီး သက်ဆိုင်ရာ ရပ်/ကျေးတွေမှာ အိမ်ထောင်စုစာရင်းမပေါက်တဲ့ မိသားစုတွေကို သတ်မှတ်ပါတယ်။ ဒီရက် ၁၀ဝ ပြည့်သွားရင်လည်း “သစ္စာ” စီမံချက်ဟာ ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။

ရွှေ့ပြောင်းဝင်ရောက်လာတဲ့မိသားစုတွေဟာ သူတို့မူရင်း ပုံစံ ၁၀ အမှန်တကယ် ပြန်ယူရမှာဖြစ်သော်လည်း ရက် ၁၀ဝ သစ္စာစီမံချက်မှာက သူတို့ပုံစံ ၁၀ ပြန်ယူစရာ မလိုအပ်တော့ပါ။ ၆ လနဲ့ ၃ နှစ်အကြား ပြောင်းရွှေ့နေထိုင်တဲ့သူတွေကို သာမန်ရွှေ့ပြောင်းအဖြစ် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ ထောက်ခံချက်ပေးရင် သက်ဆိုင်ရာမြို့နယ်လဝက ရုံးလုပ်ထုံးလုပ်နည်းနဲ့အညီ ပုံစံ ၁၀ အသစ် ထုတ်ပေးမှာဖြစ်တယ်။ ၃ နှစ် အထက်နေထိုင်သူတွေကိုလည်း သက်ဆိုင်ရာမြို့နယ်နဲ့ချိတ်ဆက်ပြီး အိမ်ထောင်စုစာရင်း ထုတ်ပေးမယ်လို့ ပြောပါတယ်။

ဒါကြောင့် တိုင်းရင်းသားနယ်မြေများအတွင်း ရွှေ့ပြောင်းအခြေချနေထိုင်သူများအတွက် အိမ်ထောင်စုစာရင်းထုတ်ပေးမယ့် စီမံချက်ဟာ တိုင်းရင်းသားနယ်မြေအတွင်းနယ်မြေချဲ့ထွင်မှု (သို့မဟုတ်) ကိုလိုနီလက်သစ်ပြုလုပ်တဲ့အတွက် အစိုးရရဲ့ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်နေမှုအပေါ် စိန်ခေါ်မှုဖြစ်စေတာမို့ ဒီစီမံချက်ပြန်လည်သုံးသပ်ပေးဖို့ မွန်ရဟန်းသံဃာတော်တွေ မွန်အရေးလှုပ်ရှားသူတွေက မွန်ပြည်နယ်ဝန်ကြီးချုပ်ကို ဇွန်လ ၁၀ ရက်နေ့စွဲနဲ့ စာရေးသား တင်ပြလိုက်ပါပြီ။ ထို့အတူ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး၊ လွှတ်တော်ဥက္ကဌများ၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြည်နယ်လွှတ်တော်ကိုလည်း မိတ္တူပေးခဲ့ပါတယ်။

အချက် (၇) ချက်ပါ မွန်ပြည်နယ်ဝန်ကြီးချုပ်ထံပေးပို့ခဲ့သော တောင်းဆိုစာအရ “ယခင် စစ်အစိုးရရဲ့ တပြည်ထောင်စနစ်ကိုအကောင်ထည်ဖော်ရန်နှင့် နိုင်ငံရေးအရ လူမျိုးတမျိုးတည်း ကြီးစိုးရေး အတွက်လုပ်ဆောင်ခြင်းဖြစ်ပြီး တိုင်းရင်းသားတို့၏ စာပေ ၊ ယဉ်ကျေးမှု ၊ ဓလေ့ထုံးတမ်းများကို ပျောက် ကွယ်သွားစေရန် ၊ တိုင်းရင်းသားအချင်းချင်းသော်လည်းကောင်း ၊ တိုင်းရင်းသားအချင်းချင်း ကြား သော်လည်းကောင်း ချစ်ကြည်ရင်းနှီးမှုပျက်ပြားလာစေရန် စသည့် အကြောင်းအချက်များမှာ ယခုရွှေ့ပြောင်း အခြေချသူများအား အိမ်ထောင်စုဇယားထုတ်ပေးမည့် အစီအစဉ်တွင် ပါဝင်နေကြာင်း” ရေးသားချက်ကို ဖတ်ရှုလိုက်ရပါတယ်။

မွန်နိုင်ငံရေးပါတီတွေက မွန်ပြည်နယ်ထဲဝင်ရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကိစ္စကို ရေငုံနှုတ်ပိတ်နေတုန်းမှာ NLD အစိုးရ ရက် ၁၀ဝ စီမံချက်မှာပါဝင်တဲ့ ရွှေ့ပြောင်းအလုပ်သမားများ ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် အိမ်ထောင်စုဇယားထုတ်ပေးမယ့်အစီအစဉ်ကို သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD (ခေါ်) ကျားခေါင်းပါတီက လာမယ့်လွှတ်တော်မှာ တင်ပြကန့်ကွက်မယ်လို့ မီဒီယာတွေကနေ ပြောလိုက်ပါပြီ။

သျှမ်းပြည်နယ်မှာ ပြည်တွင်းစစ်ပွဲကာလရှည်ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံများစွာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ထိုင်းနိုင်ငံအတွင်း သျှမ်းတိုင်းရင်းသားတွေ သန်းနှင့်ချီ ရောက်ရှိနေပေမယ့်လည်း ပြီးခဲ့တဲ့သန်းခေါင်စာရင်းကောက်ယူခဲ့ရာမှာ သျှမ်းပြည်နယ်အတွင်း လူဦးရေ တစ်သန်းခန့်တိုးပွားလာခဲ့ပါတယ်၊ သျှမ်းအပါအဝင်အခြားတိုင်းရင်းသားတွေ နေရပ်စွန့်ခွာခဲ့ရပြီး ပြည်မနဲ့တရုတ်နိုင်ငံဘက်မှ အခြေချလာသူ များပြားခဲ့တယ်လို့ စောင့်ကြည့်လေ့လာသူအချို့က ဆိုပါတယ်။

မွန်ပြည်နယ်ဟာ ရှမ်းပြည်နယ်လို လက်နက်ကိုင်ပဋိပက္ခတွေ မဖြစ်ပေါ်နေပေမယ့်လည်း တရားဝင်/တရားမဝင် ပြည်ပရောက်ရှိနေသူ ၄ သိန်း ၂ သောင်း (၄,၂၆,၅၈၆) ကျော်ရှိတယ်လို့ ကောက်ခံရရှိတဲ့အချက်အလက်ကို ၂၀၁၄ သန်းခေါင်စာရင်းမှာ ဖော်ပြပါတယ်၊ ပြည်ပထွက်ခွာ သွားရောက် အလုပ်လုပ်ကိုင်နေသူတွေရဲ့ နေရပ်ရင်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ဝင်ရောက်လုပ်ကိုင်တာလို့ပဲ ယူဆရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဧပြီလသန်းခေါင်စာရင်းမှာ မွန်ပြည်နယ်လူဦးရေ မွန်ပြည်နယ်လူဦးရေစုစုပေါင်း ၂၀ သိန်းကျော်(၂၀,၅၄,၃၉၃) ဦးရှိနေပြီး ရွှေ့ပြောင်းဝင်ရောက်လာသူ ဦးရေ ၃ သိန်း ၄ သောင်းကျော်(၃,၄၂,၁၈၉ ဦး) စာရင်းပေးသွင်းထားတယ်လို့ အတိအလင်း ဖော်ပြထားပါတယ်။ မွန်တိုင်းရင်းသားတွေ မဟုတ်ကြတဲ့ ဧရာဝတီ၊ ပဲခူး၊ မကွေးတိုင်းဒေသကြီးက ရွှေ့ပြောင်းလာသူလို့လည်း လေ့လာတွေ့ရှိရပါတယ်။ ပြီးခဲ့တဲ့သန်းခေါင်စာရင်းကောက်ယူအပြီး ၂ နှစ်ကျော် လက်ရှိကာလမှာ မွန်ပြည်နယ်အတွင်း ရွှေ့ပြောင်းအလုပ်သမား ဘယ်လောက်များများ တိုးပွားလာမှာကိုတော့ မခန့်မှန်းတတ်ပါ။ သို့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ NLD အစိုးရသစ်ရဲ့ ရက် ၁၀ဝ သစ္စာစီမံချက်နဲ့ဘဲ မွန်ပြည်နယ်ဟာ ဗမာလူမျိုးအများဆုံး နေထိုင်တဲ့ပြည်နယ်တစ်ခု မကြာခင်ဖြစ်လာတော့မှာကိုတော့ တွေးကြည့်စရာမလိုဘူးလို့ ဆိုပါရစေ။

About မွန်သတင်းအေဂျင်စီ

Check Also

အစိုးရနှင့် NCA အကျပ်အတည်း

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ကို သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က စတင်ဖော်ဆောင်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင် …

Leave a Reply

%d bloggers like this: