မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / UNFC အဖွဲ့အား ယခုလလယ်ပိုင်းတွင် တွေ့ဆုံရန်ဖိတ်ခေါ်ထားသည်ဟု ဦးလှမောင်ရွှေပြော

UNFC အဖွဲ့အား ယခုလလယ်ပိုင်းတွင် တွေ့ဆုံရန်ဖိတ်ခေါ်ထားသည်ဟု ဦးလှမောင်ရွှေပြော

ရေးသားသူ: >

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့အား ယခုလလယ်ပိုင်းတွင် တွေ့ဆုံရန် ဖိတ်ခေါ်ထားသည်ဟု NCA လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးရန် နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းပေးထားသော ၂၁ ရာစု ပင်လုံညီလာခံ အကြို

13315637_1703623196554978_9113435273024651409_nပြင်ဆင်ရေးဆပ်ကော်မတီ (၂) အတွင်းရေးမှူး ဦးလှမောင်ရွှေက ဆိုသည်။

ဦးလှမောင်ရွှေ က “ကျွန်တော်တို့ကတော့ သူတို့ကို ဒီလ လလယ်ပိုင်းလောက်မှာ ရန်ကုန် သို့မဟုတ် နေပြည်တော်မှာ တွေ့ဖို့ ဖိတ် ထားတယ်။ သူတို့လည်း အဲဒါကို မကြာမီ အကြောင်းပြန်မယ်လို့ ပြောတယ်။ ကျွန်တော်တို့က အားလုံးနဲ့ ညိှ နှုိင်း ပြီးတော့ နည်းလမ်းရှာတာဖြစ်တော့ DPN ပဲ ဖြစ်ဖြစ်၊ UNFC ပဲဖြစ်ဖြစ် ဖိတ်ထားပါတယ်” ဟု ဆိုသည်။

၂၀၁၆ ခုနှစ်၊ဇွန် ၃ ရက်က ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ ညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ၏ အောက်ရှိ ဆပ်ကော်မတီ(၂)မှ အစိုးရ ကိုယ်စားလှယ်များသည် UNFC မှ ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညိှနှုိင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့(DPN) နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုတွင် UNFC အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံညီလာခံ သို့ တက်ရောက်ရန် အစိုးရ ကိုယ်စားလှယ်များက ဖိတ်ခေါ်ခဲ့သလို NCA တွင် ပါဝင် လက်မှတ်ရေးထိုးလာရန် လည်း တိုက်တွန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

၂၁ ရာစုပင်လုံညီလာခံနှင့်ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ပူးတွဲကော်မတီ UPDJC ခေါင်းဆောင်များနှင့် အသေးစိတ်အချက်အလက်များ တွေ့ဆုံမေးမြန်းရန် ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ မကြာမီသီတင်းပတ်အတွင်း စေလွှတ်မည်ဟု UNFC အစည်းအဝေး တက်ရောက်ခဲ့သူ မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်က မွန်သတင်းအေဂျင်စီ MNA ပြောကြားခဲ့သည်။

နိုင်ထောမွန်က “အစိုးရကိုယ်စားလှယ်နဲ့ ကျနော်တို့ DPN ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အချက်အလက်တွေ ကောင်းပါတယ်၊ ဒါပေမယ့် ကျနော်တို့မရှင်းလင်းတဲ့အချက်တွေ အများကြီးကျန်ရှိနေသေးတယ်၊ ဒါကိုအခုလာတဲ့အစိုးရကိုယ်စားလှယ်အဖွဲ့ တိတိကျကျမပြောပြနိုင်သေးဘူး၊ ဒါကြောင့် ကျနော်တို့ရဲ့ကိုယ်စားလှယ်တွေ ပြည်တွင်းကိုသွားရောက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ပူးတွဲကော်မတီခေါင်းဆောင်တွေနဲ့ တရားဝင်တွေ့ဆုံဖို့ သဘောတူထားတယ်” ဟု ဆိုသည်။

အစိုးရသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ ညီလာခံ ကို လာမည့်သြဂုတ်လ အတွင်း ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယင်း ညီလာခံသို့ ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး ပါဝင်လာနိုင်ရေးအတွက်ကိုလည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ ညီလာခံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီကို ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ ညီလာခံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ၏ အောက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးည့် အဖွဲ့ အား လည်းကောင်း၊ လက်မှတ်ရေးထိုးပြီး အဖွဲ့ကို လညး်ကောင်း တွေ့ဆုံ ဆွေးနွေးနိုင်ရေးအတွက် ဆပ်ကော်မတီ (၂) ကို ဖွဲ့စည်း၍ တစ်ပြိုင်တည်း ဆောင်ရွက်နေကြောင်း သိရသည်။

NCA စာချုပ် လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့များ နှင့် တွေ့ဆုံ ဆွေးနွေးရန် ဆပ်ကော်မတီ(၂) ကို တာဝန် ပေးထားပြီး ယင်းဆပ်ကော်မတီ(၂)အား ဒေါက်တာတင်မျိုးဝင်းမှ ဥက္ကဌ အဖြစ် တာဝန်ယူထားပြီး ဦးလှမောင် ရွှေက အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦး(ငြိမ်း)မှ အဖွဲ့ဝင်အဖြစ် ပါဝင် ဆောင်ရွက်လျက်ရှိပြီး တပ်မတော်အရာရှိကြီးများ နှင့် လွှတ်တော် ကိုယ်စားလှယ်ဟောင်းများကလည်း အဖွဲ့ဝင် များအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသည်။

About မွန်သတင်းအေဂျင်စီ

Check Also

စက်ရုံပြောင်းရွှေ့မည့်အစား ရာဘာအနံ့ဆိုးများမရှိစေရေး အစိုးရညွှန်ကြားခဲ့

လူနေရပ်ကွက်အနီးရှိ ရာဘာစက်ရုံအချို့ပြောင်းရွှေ့ရမည့်ကိစ္စကို ရာဘာအနံ့ဆိုးများမရှိစေရေး ပြုလုပ်ထားရန် အစိုးရညွှန်ကြားခဲ့ကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းမှ သိရသည်။ Related

Leave a Reply

%d bloggers like this: