မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အမြင်နှင့်သုံးသပ်ချက် / ရွှေ့ပြောင်းတွေကို အိမ်ထောင်စုစာရင်းထုတ်ပေးတဲ့ဗျူဟာ

ရွှေ့ပြောင်းတွေကို အိမ်ထောင်စုစာရင်းထုတ်ပေးတဲ့ဗျူဟာ

ရေးသားသူ: >

မွန်ပြည်နယ်အစိုးရ ရက် ၁၀ဝ စီမံချက်?

ရက်ပေါင်း ၁၀ဝ စီမံချက်နဲ့ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ မေ ၃၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲ အချက်တွေထဲက (၁၁) မှာ အမျိုးသား မှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဋ္ဌာနက “ရွှေ့ပြောင်းများကို အိမ်ထောင်စု စာရင်းထုတ်ပေးမည်၊ ကျောင်းဖွင့် ရာသီတွင် ကျောင်းသားကျောင်းသူများကို ၁၀ နှစ်ပြည့် မှတ်ပုံတင်များ ကျောင်းများတွင် ကွင်းဆင်း လုပ်ဆောင်ပေးမည်၊ မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ မှတ်ပုံတင်များကို စနစ်တကျ လုပ်ဆောင်ပေးမည်” လို့ ပါရှိခဲ့ပါတယ်။ ရက် ၁၀ဝ စီမံချက်ကာလဟာ ၂၀၁၆ ဧပြီ ၁ ရက်မှ ဇူလိုင်လ ၉ ရက်နေ့အထိ ဖြစ်ပါတယ်။

Mawlamyine Daily
Mawlamyine Daily

အဲဒီအထဲက “ရွှေ့ပြောင်းများကို အိမ်ထောင်စု စာရင်းထုတ်ပေးမည်” ဆိုတဲ့အဓိပ္ပါယ်ကို ရှင်းလင်းအောင်ပြောရမယ်ဆိုရင် မွန်ပြည်နယ်အတွင်း အခြားဒေသမှဝင်ရောက်အခြေချ အလုပ်လုပ်ကိုင်နေသူအားလုံးကို အိမ်ထောင်စုစာရင်းထုတ်ပေးမယ်လို့ အဓိပ္ပါယ်ရှင်းရှင်းလင်းလင်း ပေါ်လွင်နေပါတယ်။ ချုံပြီးပြောလိုက်ရင် ပြည်နယ်တွင်း ရောက်ရှိနေတဲ့ရွှေ့ပြောင်းအားလုံးကို မွန်ပြည်နယ်သားအဖြစ် မွန်ပြည်နယ်အစိုးရအသိအမှတ်ပြုခွင့် ပေးလိုက်တာပါပဲ။

ဒီရွှေ့ပြောင်းတွေဟာ မြန်မာနိုင်ငံသားတွေဖြစ်တဲ့အတွက် တဖက်မှာလည်း မူလဇာတိမွေးဖွားနေထိုင်ခဲ့ရာဒေသတွေမှာ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတွေ ရှိခဲ့ကြမှာပါ။ “ရွှေ့ပြောင်းများကို အိမ်ထောင်စု စာရင်းထုတ်ပေးမည်” ဆိုလျင် လက်ရှိနေထိုင်တဲ့ဒေသမှာလည်း အိမ်ထောင်စုစာရင်းအသစ်တစ်ခု ထပ်မံရရှိမှာဖြစ်သလို မူလဇာတိမှာလည်း အိမ်ထောင်စုစာရင်းအဟောင်းက အတိုင်းသားကျန်ရှိနေဦးမှာပါ။ ဆိုတော့ လူတစ်ဦး(ဝါ) မိသားတစ်စုဟာ ပြည်နယ်/တိုင်းဒေသကြီး ၂ ခုမှာ အိမ်ထောင်စုစာရင်း တစ်ခုစီရှိနေတာမို့ မြန်မာနိုင်ငံလူဦးရေစာရင်းမှာလည်း ပကတိရှိနေတာထက်ပိုပြီး လူဦရေစာရင်း တိုးပွားနေမှာဖြစ်တယ်။

ဒါကြောင့် “ရွှေ့ပြောင်းများကို အိမ်ထောင်စု စာရင်းထုတ်ပေးမည်” ဆိုတဲ့အတွက် နိုင်ငံတစ်နိုင်အတွင်းမှာ အိမ်ထောင်စုစာရင်းဝင် ၂ နေရာ တရားဝင်ရရှိနေမှာဖြစ်ပြီး မွန်ပြည်နယ်အစိုးရရဲ့ စီမံကိန်းဟာ လက်ရှိမြန်မာနိုင်ငံတော်အစိုးရ လဝကဥပဒေနဲ့ညီရဲ့လားလို့ မေးခွန်းထုတ်စရာပါ။


ရွှေ့ပြောင်း သဘာဝ

ဥပမာ-ကျိုက်ထိုမြို့ ရာဘာခြံလုပ်ငန်းကို အသစ်ရွှေ့ပြောင်းလာတဲ့အလုပ်သမားမိသားစုဟာ နောက်တစ်လမှာ ဝင်ငွေအခြေအနေပိုကောင်းတဲ့ ဘီလူးကျွန်း-ချောင်းဆုံက လယ်ယာလုပ်ငန်းကိုပြောင်းရွှေ့လုပ်ကိုင်မှာဖြစ်သလို နောက်တစ်နှစ်မှာလည်း ဒီထက်ပိုမိုအဆင်ပြေတဲ့ သံဖြူဇရပ်မြို့နယ်ထဲက ဆားလုပ်ငန်းတွေကို ရောက်ရှိသွားတတ်တဲ့ လုပ်သားတွေရဲ့သဘောသဘာဝဟာ ရွှေ့ပြောင်းတွေပါ။

သူတို့ဟာ ရေကြည်ရာမျက်နုရာဆိုသလို လက်ရှိလုပ်ခငွေအခြေအနေထက် ပိုမိုကောင်းမွန်တဲ့အရပ်ဒေသတွေကိုရှာဖွေပြီး အလုပ်သွားရောက်လုပ်ကိုင်ကြတဲ့ လုပ်သားတွေပါ။ အိမ်ခြံမြေစရိတ်ကြီးမားတဲ့ မွန်ပြည်နယ်အတွင်း အိုးပိုင်အိမ်ပိုင်ခြံတွေပိုင်ဆိုင် အတည်တကျနေထိုင်တဲ့ ရွှေ့ပြောင်းတွေကိုတော့ မကြားမိသေးပါ။ ထို့အပြင် မွန်ပြည်နယ်ကနေတဆင့် ဒီထက်ဝင်ငွေပိုကောင်းတဲ့ တဖက်နိုင်ငံ ယိုးဒယားကို ရောက်ရှိသွားတဲ့ ရွှေ့ပြောင်းတွေကလည်း ဒုနဲ့ဒေးပါ။

အိမ်နီးချင်းနိုင်ငံတွေကို အလုပ်သွားရောက်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားရွှေ့ပြောင်းတွေဟာ ငွေကြေးအဆင်ပြေတဲ့တစ်နေ့ မိမိဇာတိနေရပ်မြေကို ပြန်လာဖို့အမြဲတမ်း ရည်မှန်းချက်ထားရှိသလို လက်ရှိမွန်ပြည်နယ်ကို ရောက်ရှိနေတဲ့ပြည်တွင်းရွှေ့ပြောင်းတွေကလည်း အဆင်ပြေတဲ့တစ်နေ့ သူတို့နေရပ်ပြန်ဖို့ ရည်မှန်းချက်ထားရှိမှာက လူသားတွေရဲ့သဘာဝပါ။

ဒါကြောင့် ရွှေ့ပြောင်းတွေဟာ လက်ရှိထက် ပိုပြီးအခြေအနေကောင်းမွန်တဲ့နေရာဒေသတွေကို ဆက်လက်ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေမှာဖြစ်တဲ့အတွက် မွန်ပြည်နယ်အစိုးရရဲ့ “ရွှေ့ပြောင်းများကို အိမ်ထောင်စု စာရင်းထုတ်ပေးမည်” စီမံကိန်းရည်ရွယ်ချက်က ဘာအတွက်လည်းလို့ မေးခွန်းထုတ်လိုက်ပါတယ်။

ဘယ်လိုရွှေ့ပြောင်းတွေလဲ

မြန်မာနိုင်ငံတဝန်း တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် လူဦးရေသိပ်သည်းဆအားဖြင့် ၁-ရန်ကုန်၊ ၂-မန္တလေး၊ ၃-ဧရာဝတီတိုင်းဒေသကြီးပြီးရင် မွန်ပြည်နယ်ပဲ ဖြစ်ပါတယ်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့စဉ်က မွန်ပြည်နယ်မှာ မဲပေးခွင့်ရှိသူ ၁၀ သိန်း ၁ သောင်း ၆ ထောင် ကျော်ရှိခဲ့ပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာတော့ ၁၅ သိန်း ၁ သောင်းကျော်ရှိလာတဲ့အတွက် မဲပေးပိုင်ခွင့်ရှိသူ ၅ သိန်းကျော် ၅၀% ရာခိုင်နှုန်းဝန်းကျင် တိုးပွားလာခဲ့တာကို မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းမှာလည်း မွန်ပြည်နယ်အတွင်း စာရင်းပေးသွင်းထားတဲ့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်အခြေလာချနေသူ လူဦးရေ သုံးသိန်းလေးသောင်းကျော်(၃၄၂,၁၈၉) ရှိတယ်လို့လည်း အတိအကျဖော်ပြထားပါတယ်။ ဒါက စာရင်းပေးသွင်းထားသူတွေရဲ့ စာရင်းပါ။

ဒီလောက်အရေအတွက်များပြားလာနေတဲ့ လူဦးရေပြောင်းရွှေ့ စီးဆင်းနေမှုတွေနဲ့အတူ မွန်ပြည်နယ်အတွင်း အမှုအခင်းတော်တော်များ တိုးပွားလာနေတာကိုလည်း သတိပြုသင့်ပါတယ်။ တရားဥပဒေစိုးမိုးမှုရှုထောင့်အရ ခုလိုသိန်းဂဏန်းချီပြီးလှိမ့်ဝင်လာနေတဲ့ ရွှေ့ပြောင်းတွေကြားမှာ မူလဇစ်မြစ်နေရာကနေ အထောက်အထား ခိုင်ခိုင်လုံလုံမပြနိုင်ဘဲ လူကောင်းလား၊ ဝရမ်းပြေးလား ဘယ်လိုခွဲခြားသိနိုင်ဖို့မလွယ်၊ ဒီတော့ “ရွှေ့ပြောင်းများကို အိမ်ထောင်စု စာရင်းထုတ်ပေးမည်” ဆိုတာကို ဘယ်လိုရည်ရွယ်ချက်နဲ့များ မွန်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ အကောင်အထည်ဖော်နေတဲ့ကိစ္စကို အများပြည်သူသိရှိစေဖို့ ပွင့်လင်းမြင်သာစွာ ရှင်းလင်းချပြသင့်ပါတယ်။


ဗျူဟာမြောက်သက်ရောက်မှုက ဘာလဲ

“ရွှေ့ပြောင်းများကို အိမ်ထောင်စု စာရင်းထုတ်ပေးမည်” ကို အစိုးရအကောင်အထည်ဖော်နေမှုကြောင့် ရှေ့အနာဂတ်မွန်ပြည်နယ်အတွက် သက်ရောက်မှုများစွာရှိတဲ့အထဲက အချက်တစ်ချက်ကိုပဲ ရွေးထုတ်တင်ပြပါရစေ။

မွန်၊ ဗမာ၊ ကရင်၊ ပအိုဝ်း၊ တရုပ်နွယ်ဖွား၊ အိန္ဒိယနွယ်ဖွားတွေနေထိုင်လျက်ရှိတဲ့ ယခင်တနင်္သာရီတိုင်း(၁) အတွင်း ရာခိုင်နှုန်းအားဖြင့် ဌာနေမွန်တိုင်းရင်းသားဦးရေ အများဆုံးဖြစ်တဲ့အတွက် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မွန်ပြည်နယ်လို့ စတင်ပြောင်းလဲသတ်မှတ်ပေးခဲ့တာပါ။ မှတ်ပုံတင်ပြုလုပ်တဲ့အခါ အာဏာပိုင်တွေအဆက်ဆက်က မွန်လူမျိုးတွေကို ဗမာလူမျိုးအဖြစ် သတ်မှတ်ပေးခဲ့တာလည်း ရေတွက်လို့မဆုံးနိုင်ပါ။ သို့သော်လည်း မွန်ပြည်နယ်မှာ မွန်လူမျိုးအရေအတွက် အများဆုံးဖြစ်နေခဲ့။

သို့သော် စာရင်းဝင်၊ စာရင်းမဝင် လက်ရှိ လေးငါးသိန်းဝန်းကျင်ရှိတဲ့ ရွှေ့ပြောင်းတွေကို ပြည်နယ်သားအဖြစ်သတ်မှတ်ပေးခြင်းအားဖြင့် NLD အစိုးရသစ် ရက်ပေါင်း ၁၀ဝ စီမံချက်ကာလထဲမှာပဲ မွန်ပြည်နယ်အတွင်းရှိ မွန်တိုင်းရင်းသားဦးရေဟာ ရာခိုင်နှုန်းအားဖြင့် ဒုတိယအများဆုံးအဆင့်သို့ အလိုလိုလျောကျသွားမှာဆိုတာကို ရှုမြင်နေရပါတယ်။ နောက်တစ်ကြိမ် ကောက်ခံမယ့်သန်းခေါင်စာရင်းထဲမှာ မွန်ပြည်နယ်အတွင်း ဗမာတိုင်းရင်းသားအများဆုံး နေထိုင်လျက်ရှိကြောင်း အဖြေထွက်လာတော့မှာပါ။

မွန်ပြည်နယ်တစ်နေရာကိုပဲကွက်ပြီး “ရွှေ့ပြောင်းများကို အိမ်ထောင်စု စာရင်းထုတ်ပေးမည်” ဆိုတဲ့ဗျူဟာကို စစ်အာဏာရှင်လို့ပြောဆိုကြတဲ့ ယခင်အစိုးရအဆက်ဆက် အမိန့်ထုတ်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိခဲ့ပါ။ သို့သော် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ NLD အစိုးရနဲ့ NLD လွှတ်တော်စတင်ကြီးစိုးလာတဲ့ ရက် ၁၀ဝ စီမံချက်ကာလတိုလေးမှာပဲ မွန်နိုင်ငံရေးသမားတွေ၊ မွန်နိုင်ငံရေးပါတီတွေ၊ မျိုးချစ်တွေ ကြိုတင်တွေးတောစဉ်းစား ဂရုပြုထားဟန်ပုံမပေါ်တဲ့ ဗျူဟာတစ်ရပ်အောင်မြင်သွားပြီလို့ ဆိုပါရစေ။

About မွန်သတင်းအေဂျင်စီ

Check Also

ကျည်တစ်တောင့် ထမင်းတစ်နပ်

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရရှိခဲ့သည်။လွတ်လပ်ရေးရရှိသည်နှင့် တ ဆက်တည်း ပြည်တွင်းစစ် ကပ်ပါလာခဲ့သည်မှာ ယနေ့ အချိန်ထိဆိုလျှင် နှစ်ပေါင်း ၇၀ …

Leave a Reply

%d bloggers like this: