spot_img
Friday, March 29, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်ရှမ်းပြည်မြောက်ပိုင်းစစ်ပွဲများက အင်အားကြီးတပ်ပေါင်းစုတစ်ခု ထပ်မံပေါ်ပေါက်လာနိုင်သလား

    ရှမ်းပြည်မြောက်ပိုင်းစစ်ပွဲများက အင်အားကြီးတပ်ပေါင်းစုတစ်ခု ထပ်မံပေါ်ပေါက်လာနိုင်သလား

    -

    မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ နီးပါး ဖြစ်ပွားလာသည့် ပြည်တွင်းစစ်အဆုံးသတ်နိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်အချို့နှင့် အစိုးရတို့ စားပွဲဝိုင်းထိုင် ဆွေးနွေးညှိနှိုင်းအဖြေ ရှာခဲ့ကြ၊ ရှာနေကြဆဲဖြစ်ပါသည်။

    လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့်နေရာ(BNI)
    လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့်နေရာ(BNI)

    တဖက်မှာလည်း တပ်မတော်က တိုင်းရင်းသားဒေသများသို့ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လာသည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ထိတွေ့ကာ တိုက်ပွဲများ ဖြစ်ပွားနေပါသည်။ထိုသို့ တိုက်ပွဲများ ဖြစ်ပွား နေခြင်းကြောင့် ခေါင်းဆောင်ပိုင်းများအကြား တွေ့ဆုံဆွေးနွေးနေမှုများကို အနှောင့်အယှက် ဖြစ်ပွားစေသည်။

    ထို့ကြောင့် ယုံကြည်မှုကို တည်ဆောက်နိုင်ခြင်းမရှိသေးသည့် အချိန်တွင် အပေါ်ပိုင်း ဆွေးနွေး၊ အောက်ခြေ၌ တိုက်ပွဲများ ဖြစ်ပွားနေခြင်းက ယုံကြည်မှု တည်ဆောက်နေချိန်ကိုလည်း ထိခိုက်လာနိုင်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား မြန်မာနိုင်ငံ၏ အင်အားကြီး တပ်ပေါင်းစု တစ်ခု ပေါ်ပေါက်လာစေရန် တွန်းအား ပေးနေသကဲ့သို့ ဖြစ်စေသည်။
    လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်း၊ ကျောက်မဲ၊ သီပေါ စသည့် မြို့နယ်များ၌ တပ်မတော် နှင့် ပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) တို့အကြား လည်းကောင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/S SA) တို့အကြား လည်းကောင်း၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA) တို့အကြား လည်းကောင်း၊ ကိုးကန့်(MNDAA) တို့အကြား လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCS S/SSA) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)တို့အကြားမှာလည်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျှက်ရှိသည်။

    ယင်းတိုက်ပွဲများကြောင့် ကျောက်မဲမြို့တွင် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်သူ ၁၀ဝ၀ ကျော်ရှိပြီး သီပေါမြို့ နယ်တွင် ၆၀ဝ ကျော်၊ နမ့်ခမ်းမြို့နယ် မိုင်းဝီတွင် ၃၀ဝ ကျော် စစ်ဘေး ဒုက္ခသည်များ အဖြစ် သွားရောက် ခိုလုံ နေကြရကြောင်း လူမှုအဖွဲ့အစည်းများ နှင့် အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။

    အလားတူ ကချင်ပြည်နယ်ဘက်တွင်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA) နှင့် တပ်မတော်တို့ ပြီးခဲ့သည့် လကစတင်၍ ယခုလအချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေသကဲ့သို့ ရခိုင်ပြည်နယ်၌ ရခိုင်လက်နက်ကိုင် အဖွဲ့ (AA) နှင့်လည်း ဧပြီ ၁၆ ရက်မှ စတင်၍ ယခုလထိ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိပြီး နေရပ်စွန့်ခွာ ထွက်ပြေး တိမ်း ရှောင်သူ ၁၀ဝ၀ ကျော်အထိ ရှိလာခဲ့ကြောင်း ရခိုင်ပြည်နယ်အတွင်းရှိ လူမှုရေးအဖွဲ့အစည်းများက ဆိုသည်။

    ထို့သို့ တိုက်ပွဲများ နေရာအနှံ့အပြား ဖြစ်ပွားနေခြင်းက လက်ရှိ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုများအပေါ်သို့ ဆိုးကျိုးများ သက်ရောက်နေပြီး ယုံကြည်မှုများလည်း အားနည်းစေပါသည်။

    ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ နှင့် ပတ်သက်ပြီး ပြီးခဲ့သည့် မတ် ၂၆ ရက်မှ ၂၈ ရက်နေ့အထိ UWSA ဦးဆောင်၍ ၎င်းတို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပန်ခမ်းမြို့တွင် NCA လက်မှတ်မရေးထိုး ရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ကြသည်။

    ယင်းအစည်းအဝေးသို့ UWSA/UWSP၊ NDAA၊ PSLF/TNLA၊ AA၊ MNDAA၊ SSPP/SSA၊ KNPP၊ NMSP၊ KIO/KIA စသည့် လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး ထုတ်ပြန်ချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

    ထိုထုတ်ပြန်ချက်တွင် ရှမ်းပြည်မြောက်ပိုင်းတွင် RCSS နှင့် TNLA ဖြစ်ပွား နေသည့် ပဋိပက္ခနှင့်ပတ်သက်၍ ညှိနှိုင်းခဲ့ကြပြီး နှစ်ဦး နှစ်ဖက် ချက်ချင်းအပစ်အခတ်ရပ်စဲရန် တိုက်တွန်း တောင်းဆိုကြပါသည်။ နှစ်ဦး နှစ်ဖက် ညှိနှိုင်းဆွေးနွေးသည့် နည်းလမ်းဖြင့် ပြဿနာများကို ဖြေရှင်းသွားရန် တိုက်တွန်းပါသည်။ အကယ်၍ တဖက်က ပဋိပက္ခ ဖြစ်ပွားအောင် ဆက်လက်ဆောင်ရွက်နေပါက တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများသည် ပူးပေါင်း၍ တားဆီးကာကွယ်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်မှ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှား တိုက်ခိုက်နေမှုများ ချက်ချင်း ရပ်တန့် ရန် တောင်းဆိုပါကြောင်း ဖော်ပြထားသည်။

    အဆိုပါ ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပြီးနောက် မေ ၁ ရက်နေ့တွင် RCSS နှင့် TNLA တို့ ရှမ်းပြည် နယ်မြောက်ပိုင်းအတွင်း တကျော့ပြန် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ကြပြီး ဟိုပန်ကျေးရွာမှ နေအိမ်အားလုံး မီး လောင်ပျက်ဆီး သွားခဲ့သလို ဒေသခံများလည်း ဖမ်းဆီး ချုပ်နှောင်ခံခဲ့ကြရသည်။

    ယင်း နေအိမ်များ မီးရှိူ့ ပျက်ဆီးခြင်း နှင့် ဒေသခံများ ဖမ်းဆီး ချုပ်နှောင်သူမှာ TNLA အဖွဲ့ဖြစ်ကြောင်း ပြည် တွင်း၊ ပြည်ပ ရှိ ရှမ်းလူထုအဖွဲ့အစည်းများက ထုတ်ပြန်ချက်များ အသီးသီး ထုတ်ပြန်၍ ပြောဆိုထားကြသည်။
    ထို့နောက် တပ်မတော် နှင့် TNLA တို့အကြား လည်းကောင်း၊ SSPP နှင့် လည်းကောင်း၊ KIA နှင့် လည်းကောင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေကြပါသည်။ တချိန်တည်းမှာပင် TNLA နှင့် MNDAA တို့က NCA လက်မှတ်မရေးထိုးရသေးသည့် လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ညီညွတ်သောတိုင်းရင်း သား လူမျိုးများ ဖယ်ဒရယ်ကောင်စီ(UNFC)မှ နှုတ်ထွက်ခွင့်ပြုရန် စာတင်ခဲ့ကြပြီး UWSA ဦးဆောင်၍ တပ်ပေါင်းစုကြီး တစ်ခု ထူထောင်သွားမည်ဆိုသော သတင်းများလည်း ထွက်ပေါ်လာခဲ့ကြသည်။

    လက်ခံရရှိသော သတင်းရင်းမြစ်များအရ မတ် ၂၈ ရက်နေ့ ပန်ခမ်းအစည်းအဝေး ထုတ်ပြန်ချက်နှင့်လည်း တိုက်ဆိုင်နေသည်၊ ထိုကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ဖြစ်ပွားနေသော စစ်ပွဲများကြောင့် မြန်မာနိုင်ငံတွင် မရှိသေးသည့် အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ပေါင်းစုကြီး တစ်ရပ် ပေါ်ပေါက်လာစေရန် တွန်းအား ပေးနေသကဲ့သို့ ဖြစ်နေကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။

    လက်ရှိ သတင်းများ ထွက်ပေါ်နေသော တပ်ပေါင်းစုကြီးတွင် UWSA ဦးဆောင်ကာ NDAA ၊ AA၊ SSPP/SSA တို့ ပူးပေါင်း၍ ဖွဲ့စည်းကြမည်ဟု သိရပါသည်။ထိုသတင်းအရ အမှန်တကယ် တပ်ပေါင်းစုကြီး တစ်ခု ပေါ်ပေါက် လာမည်ဆိုပါက MNDAA၊ AA ၊ TNLA၊ KIA၊ NMSP၊ SSPP/SSA၊KNLA၊ တို့ ပူးပေါင်း၍ (FUA) အဖြစ် ဖွဲ့စည်း ထားသော တိုင်းရင်းသားတပ်ပေါင်းစု ထပ် ပိုမို အင်အားကြီးသည့် တပ်ပေါင်းစုကြီး တစ်ရပ် ပေါ်ပေါက်လာ မည် ဖြစ်ကြောင်း ပြောဆိုနေကြပါသည်။

    အဘယ်ကြောင့်ဆိုသော မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင် အဖွဲ့များတွင် “ဝ” (UWSA) သည် အင်အား အကြီးဆုံး လက်နက်ကိုင် တစ်ဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး လူအင်အား၊ စစ်လက်နက်အင်အား၊ ငွေရေး ကြေးရေးတို့ အပါအဝင် တခြားသော လက်နက်ကိုင် အဖွဲ့များထပ် အစစအရာရာ သာလွန်နေပြီး ယခု ၎င်းဦးဆောင်၍ ဖွဲ့ စည်းမည့် တပ်ပေါင်းစုမှာ ပိုမို၍ အင်အားကြီး လာမည်ဖြစ်ပါသည်။

    စစ်ရေး ပဋိပက္ခများကို လေ့လာစောင့်ကြည့်နေသူတချို့ကလည်း ယခု တပ်မတော် နှင့် တိုက်ပွဲများ ဖြစ်ပွားနေ သော TNLA နှင့် AA တို့မှာ ယခင်က KIO/KIA ၏ ထောက်ပံ့မှုများကို ရယူ၍ KIO/KIA မှ ချုပ်ကိုင်မှုကို ခံယူခဲ့ သော်လည်း ယခုအချိန်အခါတွင် UWSA (ဝ) တပ်ဖွဲ့မှ စစ်လက်နက်များ ထောက်ပံ့ပေးနေသကဲ့သို့ စစ်သင် တန်း များလည်း ပေးအပ်နေခြင်းနှင့်အတူ သူ၏ လက်အောက်သို့ သွပ်သွင်းထားပြီး ဖြစ်ရာ ၎င်းဦးဆောင်၍ ဖွဲ့စည်းမည်ဟု သတင်းများ ထွက်ပေါ်နေသော တပ်ပေါင်းစုအတွင်းသို့ ပါဝင်လာနိုင်ခြေ အများဆုံး ဖြစ်နေရာ လွန်စွာ အင်အားကြီးမားလာနိုင်သည်ဟု သုံးသပ် ပြောဆိုလျှက်ရှိသည်။
    အလားတူ မတ် ၂၆ ရက်မှ ၂၈ ရက်နေ့ ပန်ခမ်းအစည်းအဝေးတွင်လည်း UWSA သည် NCA လက်မှတ်မရေး ထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များကို ၎င်းတို့ ဦးဆောင်၍ အစိုးရသစ်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးသွားလို ကြောင်း ဆွေးနွေးခဲ့ရာ KIO/KIA ဘက်မှ သဘောတူ လက်မခံနိုင်ကြောင်း ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြ ကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အဖွဲ့ထဲမှ ကိုယ်စားလှယ် တချို့က ဆိုသည်။
    ထိုအချက်ကို လေ့လာကြည့်မည်ဆိုပါက UWSA နှင့် KIA တို့အကြား ပါဝါပြိုင်ဆိုင်နေကြောင်း အလားတူ KIA ပါအဝင်သော တိုင်းရင်းသားတပ်ပေါင်းစု(FUA)တွင် ပါဝင်မှု မလုပ်ဘဲ UWSA က ၎င်းဦးဆောင်၍ အင်အားကြီး တပ်ပေါင်းစု တစ်ခုကို ဖွဲ့စည်းသွားရန် ကြိုးပမ်းလာခြင်း ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုမှုများလည်း ရှိနေသည်။
    သို့သော် အကြောင်းအရာအားလုံးကို ခြုံငုံလေ့လာ ကြည့်မည်ဆိုပါက ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ဖြစ်ပွား နေသော စစ်ပွဲများကြောင့် သာ ယခု အခြေအနေများ ပေါ်ပေါက်လာခြင်းဖြစ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများကို ရပ်တန့်နိုင်မည်ဆိုပါက မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာနိုင်သည့် အင်အား ကြီး တပ်ပေါင်းစု မပေါ်ပေါက်လာရေး တားဆီးနိုင်မည် ဖြစ်ပါသည်။

    ထို့ကြောင့် ရှမ်းပြည်မြောက်ပိုင်းစစ်ပွဲများက အင်အားကြီးတပ်ပေါင်းစုတစ်ခု ထပ်မံပေါ်ပေါက်လာနိုင်သလားဟု သုံးသပ်မေးမြန်းစရာရှိလာသည်။အကယ်၍ အင်အားကြီး တပ်ပေါင်းစု တစ်ခု ပေါ်ပေါက်လာမည်ကို မတားဆီးနိုင်ပါက လက်ရှိ ဖြစ်ပွားနေသော စစ်ပွဲများထပ် ပိုမို ပြင်းထန်သည့် စစ်ပွဲများ ဖြစ်ပွားလာမည်ကို လွန်စွာ စိုးရိမ်မိပါသည်။ထိုသို့ ပြင်းထန်သည့် စစ်ပွဲများ ဖြစ်ပွားလာပါက လက်ရှိ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေသည့် လူဦးရေထပ် အဆမတန် ပိုမို များပြားသည့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်မှု ဒုက္ခသည်အရေးကိစ္စရပ်ကြီး တစ်ခုပေါ်ပေါက်လာနိုင်သည်ဟုလည်း သုံးသပ်မိပါသည်။
    မှတ်ချက်။ ။ စာရေးသူ၏အမြင်သုံးသပ်ချက်များဖြစ်ပြီး မွန်သတင်းအေဂျင်စီ၏ အာဘော်မဟုတ်ပါကြောင်း-အယ်ဒီတာ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts