spot_img
Friday, March 29, 2024
More
    spot_img
    Homeမေးမြန်းချက်မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးကော်မတီဥက္ကဌ ဒေါ်ခိုင်ခိုင်လဲ့နှင့် တွေ့ဆုံမေးမြန်းခြင်း။

    မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးကော်မတီဥက္ကဌ ဒေါ်ခိုင်ခိုင်လဲ့နှင့် တွေ့ဆုံမေးမြန်းခြင်း။

    -

    မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးကော်မတီဥက္ကဌ ဒေါ်ခိုင်ခိုင်လဲ့
    မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးကော်မတီဥက္ကဌ ဒေါ်ခိုင်ခိုင်လဲ့
    မေး။ ။ဥပဒေပြုရေးကော်မတီကဘာတွေလုပ်ဆောင်ရတာလဲ။
    ဖြေ။ ။ဥပဒေပြုရေးကော်မတီက နဂိုရှိပြီးသားဥပဒေတွေ ခေတ်နဲ့မလျော်ညီတော့ဘူး၊ လိုအပ်ချက်တွေရှိနေတယ်ဆိုရင် ပြန်ပြီးတော့ပြင်ဆင်မှာပေါ့။ ပြီးတော့လွန်ခဲ့တဲ့ ၅ နှစ်က မပြီးသေးတဲ့ ဥပဒေကြမ်းတွေကျန်ခဲ့တာရှိတယ်။ အဲဒီဥပဒေကြမ်းတွေကိုပြဌာန်းနိုင်အောင်လုပ်မယ်။ နောက်တစ်ခုကတော့ မွန်ပြည်နယ်မှာလိုအပ်တဲ့ ဒေသတွင်းသုံးရမယ့် ပြည်နယ်ဥပဒေတွေပြဌာန်းသွားဖို့ရှိပါတယ်။ ဒါတွေက ဥပဒေပြုရေးကော်မတီက လုပ်ဆောင်ရမယ့်အချက်တွေပေါ့။

    မေး။ ။ကော်မတီစတင်ဖွဲ့စည်းခဲ့တဲ့အချိန်ကစပြီးခုချိန်ထိ ဘာတွေလုပ်ဆောင်နိုင်ခဲ့တာ ရှိပါသလဲ။
    ဖြေ။ ။စစချင်းကတော့ကျွန်မတို့မွန်ပြည်နယ်လွှတ်တော်နည်းဥပဒေကို စပြီးပြင်ပါတယ်။ အဲဒါကမပြီးသေးဘူး အခုဆက်သွားနေတယ်။ အခန်း ၁၁ နဲ့ ၁၂ ကိုပြင်တယ်။ မေးခွန်းမေးမြန်းတဲ့အပိုင်းရယ် အဆိုတင်တဲ့အပိုင်းရယ် နှစ်ပိုင်းပေါ့။ အဲဒါလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဥပဒေပြုရေးကော်မတီဝင်တွေ ဆွေးနွေးပြီးတော့ပြင်နေတယ်။ ပြီးတော့ လွန်ခဲ့တဲ့ ၅ နှစ်ကကျန်ခဲ့တဲ့ အလတ်စားနဲ့အသေးစား လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးဆိုင်ရာနဲ့ ပတ်သတ်ပြီးတော့ ဥပဒေကြမ်းတစ်ခုရှိတယ်။ ၂၀၁၄ အောက်တိုဘာလမှာ ပြည်ထောင်စုက လျှပ်စစ်ဥပဒေတစ်ခုထုတ်ခဲ့တာရှိတယ်။ အဲဒီဥပဒေကိုမဆန့်ကျင်ဘဲနဲ့ အလတ်စားနဲ့ အသေးစားလျှပ်စစ်ဥပဒေကို ကျွန်မတို့ပြဌာန်းနိုင်အောင် အရင်ဥပဒေကြမ်းကို အချောလုပ်နေပါတယ်။

    မေး။ ။မွန်ပြည်နယ် ပြည်နယ်လွှတ်တော်နည်းဥပဒေကို ဘာလို့ပြင်ဖို့လိုအပ်တာလဲ။
    ဖြေ။ ။ပြင်ဖို့လိုအပ်ရခြင်းက အချက်နှစ်ချက်ရှိတယ်။ မေးခွန်းနဲ့အဆိုအပိုင်းကို ပြင်တာပါ။ အဓိကကတော့ ကျွန်မတို့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေး။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာက ပြည့်သူ့အသံကိုနားထောင်ပြီးတော့ လွှတ်တော်မှာ ပါးစပ်အငှားနဲ့ပြောပေးရတဲ့လူတွေပေါ့နော်။ ဟိုဟာပိတ်ပင် ဒီဟာတားမြစ်နေမယ်ဆိုရင် မေးချင်တိုင်းမေးလို့မရဘူး။ ဒါမယ့်စည်းကတော့ရှိရတာပေါ့။ ဘောင်တစ်ခုအတွင်းမှာ မေးခွင့်ရရမယ့်ဟာမျိူးကို မေးခွင့်ပေးရမယ့်အခြေနေမျိူးဖြစ်အောင်လို့ တစ်ချို့ဟာလေးတွေပြင်ထားတာပါ။
    မေး။ ။ဥပဒေပြုရေးကော်မတီကို ဘယ်လိုပုဂ္ဂိုလ်တွေနဲ့ဖွဲ့ထားပါသလဲ။
    ဖြေ။ ။ဥပဒေပြုရေးကော်မတီကို အဓိကကတော့ဥပဒေပညာရှင်တွေ၊ ဥပဒေအရာရှိတွေပါတယ် သူတို့တွေနဲ့ အဓိကထားဖွဲ့ထားပါတယ်။ နောက်ပြီးတော့ ပါမောက္ခတွေ တက္ကသိုလ်က အငြိမ်းစားပါမောက္ခတွေပါတယ်။ လက်ရှိဥပဒေဌာနက ပါမောက္ခတွေပါပါတယ်။

    မေး။ ။ဒီကော်မတီဝင်တွေရဲ့အင်အားနဲ့ဆို လုံလောက်နေပြီးလား၊ ဘာတွေလိုအပ်တာတွေရှိနေမလဲ။
    ဖြေ။ ။ဒီလောက်အင်အားနဲ့ကတော့ မလုံလောက်ပါဘူး။ ဘာလို့လဲဆိုတော့ လျှပ်စစ်ဥပဒေဆိုရင် ပြည်နယ်လျှပ်စစ်က ပညာရှင်တွေကိုခေါ်ရတယ်။ ကျွန်မတို့ချည်းပဲပြင်လို့လည်းမရဘူး။ ပြုစုလို့လည်းမရဘူး။ သူတို့ဆီကနေအကြံအဉာဏ်တွေယူရတယ်။ ဒါကြောင့်ပညာရှင်တွေလိုအပ်ပါတယ်။ ဥပမာရေလုပ်ငန်းနဲ့ ပတ်သတ်တဲ့ဥပဒေပြဌာန်းမယ်ဆိုရင် ရေလုပ်ငန်းနဲပတ်သက်တဲ့ဟာမျိုးပေါ့၊ သစ်တောနဲ့ ပတ်သက်တာဆိုရင်လည်း သစ်တောကပညာရှင်မျိူးပေါ့ ဒါမျိုးတွေခေါ်ရပါတယ်။ ပြီးတော့ ဒီဥပဒေပြုရေးကော်မတီကို ထပ်ပြီးပံ့ပိုးပေးမယ့် အဖွဲ့ခွဲလေးတွေ လိုအပ်ရင်လည်းထပ်ပြီး ဖွဲ့ရပါတယ်။ အခုကတော့ ပညာရှင်တွေကိုခေါ်တဲ့အပိုင်းပဲ ရှိပါသေးတယ်။

    မေး။ ။ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းမှာ ပြဌာန်းခဲ့တဲ့ဥပဒေတွေရှိတယ်။ ဒါတွေကိုပြန်ပြီးသုံးသပ်ဖို့ရှိပါသလား။
    ဖြေ။ ။ပြန်သုံးသပ်ဖို့ရှိပါတယ်၊ ဥပမာငါးလုပ်ငန်းဥပဒေဆိုရင် ပြည်ထောင်စုကပြင်လိုက်ပြီ၊ ပြည်ထောင်စုကပြင်လိုက်တဲ့အတွက် ဒီမှာအသစ်ပြန်ပြီးရေးဆွဲရမယ့်ဟာမျိုးရှိတယ်။ ပြန်လည်သုံးသပ်တဲ့နေရာမှာ အစီစဉ်အတိုင်းလုပ်မှာလား အရေးကြီးတဲ့ဟာတွေကို အရင်လုပ်မလားဆိုပြီး နှစ်ပိုင်းခွဲထားပါတယ်။ ကျွန်မတို့ကတော့ အရေးကြီးတဲ့ဟာတွေကိုပဲ ပြန်ပြီးသုံးသပ်သွားပါ့မယ်။ ပြည်သူအတွက်လည်းတကယ်လိုအပ်နေတယ်ဆိုရင် ဒါတွေကိုပြန်လည်သုံးသပ်သွားမှာပါ။

    မေး။ ။ပြဌာန်းလိုက်တဲ့ဥပဒေတွေကို ပြည်သူတွေလိုက်နာလာအောင်၊ ဒီဥပဒေတွေ အသက်ဝင်လာအောင် ဥပဒေပြုရေးကော်မတီက ဘယ်လိုတွေပြင်ဆင်ထားတာရှိသလဲ။
    ဖြေ။ ။ လွှတ်တော်သည်ဥပဒေပြုရေးမဏ္ဍိုင်ပါပဲ။ ကျွန်မတို့ကဥပဒေတွေတစ်ခုပြီးတစ်ခုပြဌာန်းလိုက်တယ်။ ဒါပေမယ့်ဥပဒေကိုအကောင်ထည်ဖော်တဲ့နေရာမှာ ၁-ဥပဒေမှာပါတဲ့အခွင့်အာဏာပေးထားတဲ့အဖွဲ့အစည်းတွေ ၂-အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းတွေ ၃-နောက်တစ်ခုကတော့ ရဲတွေပေါ့နော်။ သူတို့တွေကအမှန်တကယ်တော့ ဥပဒေကိုအသက်ဝင်လာအောင် လုပ်ရမယ့်သူတွေ။ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ဥပဒေတွေဆိုရင် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးအောင်လုပ်နေတယ်ဆိုရင် အရေးယူရမယ်။ ဝန်ကြီးဌာနမှာတာဝန်ရှိတယ်။ ဒါကိုအရေးယူမှူမရှိဘူးဆိုရင် ဒီဥပဒေကအသက်မဝင်ဘူး ဥပဒေပြဌာန်းတာပဲရှိမယ်။ အခုဆိုရင်လျှပ်စစ်ဥပဒေကိုပြဌာန်းဖို့ ကြိုးစားနေတယ်။ လျှပ်စစ်ဥပဒေနဲ့ပတ်သက်ပြီး ချိုးဖောက်တာတွေရှိမယ်၊ တွေ့မယ်ဆိုရင် တာဝန်ယူရမှာက အဲဒီဥပဒေမှာ အခွင့်အာဏာပေးထားတဲ့ ကော်မတီသော်လည်းကောင်း ဝန်ကြီးသော်လည်းကောင်း အခြားသောအဖွဲ့အစည်း သော်လည်းကောင်း သူတို့အရေးယူရမယ်။ ကျွန်မတို့ကပြဌာန်းပေးရတဲ့လူတွေလေ။ ဒီဥပဒေတစ်ခု အကောင်ထည်ဖော်ဖို့တာဝန်ပေးထားတဲ့ လူတွေမှာတာဝန်ရှိပါတယ်။

    မေး။ ။ရက် ၁၀ဝ စီမံကိန်းမှာ ဘာအစီစဉ်တွေဆွဲထားတာရှိသလဲ။
    ဖြေ။ ။ဒီရက်၁၀ဝအတွင်းမှာ မွန်ပြည်နယ်နည်းဥပဒေနဲ့ လျှပ်စစ်ဥပဒေကိုပြဌာန်းနိုင်အောင် ကြိုးစားသွားမှာပါ။ ရှေ့ဆက်ပြီးတော့ မွန်ပြည်နယ်မှာ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သတ်တဲ့ ဥပဒေပြဌာန်းထားတာ မရှိသေးဘူး။ ဒီတော့ကျွန်မတို့ ဘယ်လိုထိန်းသိမ်းမလဲ၊ သဘာဝသယံဇာတတွေကို ဘယ်လိုစီမံခန့်ခွဲမလဲဒါတွေပေါ့။ ဥပမာကျောက်မိုင်းကိစ္စတွေဆိုရင်လည်း အရမ်းဟော့ဖြစ်တယ်။ ကျောက်မီးသွေးနဲ့သုံးမယ့် ဘိလပ်မြေစက်ရုံတွေဆိုရင်လည်း အရမ်းဟော့ဖြစ်တယ်။ ဒါတွေနဲ့ပတ်သတ်ပြီး ပြည်ထောင်စုမှာတော့ရှိပါတယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေဆိုတာရှိပါတယ်။ ဒါပေမယ့် ဒေသန္တရနဲ့ပတ်သတ်ပြီးတော့ ကျွန်မတို့ဘယ်လိုဟာတွေနဲ့ထိန်းချုပ်သွားမလဲ။ သဘာဝသယံဇာတတွေ ဘယ်လိုစီမံခန့်ခွဲမလဲ ဒါတွေလည်းလိုအပ်တယ်။ ဒါတွေအတွက်ဥပဒေပြဌာန်းဖို့လိုတယ်လို့ထင်ပါတယ်။

    မေး။ ။ဥပဒေပြုရေးကော်မတီနဲ့ပတ်သတ်ပြီးတော့ ဘာတွေထပ်ပြီးဖြည့်စွက်ပြောချင်တာတွေရှိသလဲ။
    ဖြေ။ ။ဥပဒေပြုရေးကော်မတီက အလုပ်လုပ်ရတာအတော်လေး အဆင်ပြေပါတယ်။ မွန်ပြည်နယ်တစ်ခုတည်းမဟုတ်ဘဲနဲ့ ရန်ကုန်၊ မန္တလေးက ဥပဒေပညာရှင်တွေလည်းပါဝင်ပြီးတော့ ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်သူ့နေရာနဲ့သူ အံဝင်ကွင်ကျလှုပ်ရှားနိုင်တဲ့အဖွဲ့ပေါ့၊ တိုးတက်မူတွေရှိနေပါတယ်အမြဲတမ်း။
    မေး။ ။အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts