spot_img
Friday, April 19, 2024
More
    spot_img
    Homeဆောင်းပါးရွှေ့ပြောင်းလုပ်ကိုင်အခြေချသူများနှင့်အတူ ဖြစ်ပေါ်လာသောမှုခင်းများ

    ရွှေ့ပြောင်းလုပ်ကိုင်အခြေချသူများနှင့်အတူ ဖြစ်ပေါ်လာသောမှုခင်းများ

    -

    မွန်ပြည်နယ်သည် အရှေ့ဖက် တောင်ညိုတန်းနှင့် အနောက်ဖက်တလျောက် ရှည်လျားသောကမ်းရိုးတန်းကြားတွင် စိုက်ပျိုးရေးအခြေခံကောင်းသော ပထဝီအနေအထားကို ပိုင်ဆိုင်ထားသည်။ လယ်ယာ၊ ဥယာဉ်ခြံ၊ ရာဘာစိုက်ပျိုးရေး၊ နေလှမ်းဆားလုပ်ငန်းနှင့် ပင်လယ်တံငါလုပ်ငန်းများတို့သည် ဒေသခံတို့၏ မူလအသက်မွေးဝမ်းကျောင်းလုပ်ငန်းများပင် ဖြစ်သည်။

    ပင်လယ်သို့ ထွက်ခွာမည့်ကျားဖောင်(မြစ်မခ)
    ပင်လယ်သို့ ထွက်ခွာမည့်ကျားဖောင်(မြစ်မခ)

    တဖက်တွင်လည်း အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ကုန်းလမ်းခရီးဖြင့်အလွယ်တကူသွားရောက်နိုင်သကဲ့သို့ ယခင်ကာလများတွင် မလေးရှားနှင့် စင်ကာပူနိုင်ငံသို့လည်း စက်လှေများဖြင့်ကုန်စည်ကူးသန်း ရောင်းဝယ်ဖောက်ကားမှုများ ရှိခဲ့သည်။ နိုင်ငံ၏စီးပွားအခြေအနေအရပ်ရပ်ကြောင့် ယခုအခါမွန်ပြည်နယ်သားအများအပြား ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်လျက်ရှိသည်။ အထူးသဖြင့် နယ်မြေချင်းထိစပ်သော ထိုင်းနိုင်ငံသို့ တံငါ၊ ရာဘာခြံ၊ ဆောက်လုပ်ရေးလုပ်သားများအဖြစ် သွားရောက်အလုပ်လုပ်ကိုင်သူ အများအပြားတွေ့ရှိနေရသည်။

    ၂၀၁၄ သန်းခေါင်စာရင်းအရ မွန်ပြည်နယ်လူဦးရေစုစုပေါင်း ၂၀ သိန်းကျော်(၂၀,၅၄,၃၉၃) ဦးရှိသည့်အနက် တရားဝင်/တရားမဝင် ပြည်ပရောက်ရှိနေသူ ၄ သိန်း ၂ သောင်းကျော်(၄,၂၆,၅၈၆) ရှိပါသည်။ ယခုဖော်ပြပါစာရင်းသည် သန်းခေါင်စာရင်းအချက်အလက်တွင် ပြည်ပရောက်ရှိနေကြောင်း စာရင်းထည့်သွင်းထားသူများသာ ဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူခဲ့စဉ် စာရင်းမထည့်သွင်းထားသူများ မည်မျှရှုိသည်ကို ခန့်မှန်းနိုင်လိမ့်မည်မဟုတ်ပါ။ လက်ရှိ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား တရားဝင်/မဝင် အလုပ်လုပ်ကိုင်နေသူ ၄ သန်းခန့်ရှိသည်ဟု ထိုင်းအစိုးရ ခန့်မှန်းထားသည်ဟု သိရသည်။

    သန်းခေါင်းစာရင်းပါအချက်အလက်အရ ရာခိုင်နှုန်းအားဖြင့် ၂၀.၅% သော မွန်ပြည်နယ်သားများ ပြည်ပတွင် အလုပ်လုပ်ကိုင်နေကြသည်ဟု ဆိုရပါမည်။ ပကတိအခြေအနေတွင် ထိုအရေအတွက်ထက်ပိုနေမည်ဆိုသည့်အချက်ကို မည်သူမျှငြင်းချက်ထုတ်လိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် ပြည်ပထွက်ခွာသွားသော ယင်း ၂၀.၅% နေရာတွင် လူသားအရင်းမြစ်များ လိုအပ်လာသည့််အတွက် အခြားပြည်နယ်နှင့် တိုင်းများမှ မွန်ပြည်နယ်သို့ လာရောက်အလုပ်လုပ်ကိုင်ကြပါသည်။ တနည်းဆိုရသော် အခြားဒေသမှ လူသားအရင်းမြစ်များ အစားထိုးဝင်ရောက်လာရခြင်းပင်ဖြစ်သည်။

    အဆိုပါအစားထိုးဝင်ရောက်လာသော လူသားအရင်းမြစ်များ(သို့မဟုတ်) မွန်ပြည်နယ်သို့ ရွေ့ပြောင်းအလုပ်လုပ်ကိုင်အခြေချသူများ စာရင်းအတိအကျမသိနိုင်သော်လည်း မွန်ပြည်နယ်အတွင်း စာရင်းပေးသွင်းထားသူများအရ ဦးရေသုံးသိန်းလေးသောင်းကျော်(၃,၄၂,၁၈၉ ဦး) ရှိကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ဖော်ပြထားသည်။ ဆိုလိုသည်မှာ မွန်ပြည်နယ်အတွင်းသို့ မွန်တိုင်းရင်းသားမဟုတ်သော ရွှေ့ပြောင်းဝင်ရောက်အလုပ်လုပ်ကိုင်အခြေချသူများ သိန်းဂဏန်းချီ ရောက်ရှိနေပါပြီ။ ရေး၊ သံဖြူဇရပ်(ကျိုက်ခမီ)၊ ဘီလူးကျွန်း(ချောင်းဆုံ) ဒေသရှိ ပင်လယ်ငါးဖမ်း တံငါလုပ်ငန်းများတွင် ရွှေ့ပြောင်းဝင်ရောက်အလုပ်လုပ်ကိုင်အခြေချသူများ တစ်နှစ်ထက်ပိုမိုများပြားလာသည်ကို တွေ့ရှိနေရပြီး မိသားစုအလိုက် အုပ်စုအလိုက် ကျေးရွာအချို့၌ စုပေါင်နေထိုင်နေကြသည်ကို မြင်တွေ့နေရပါသည်။

    မွန်ပြည်နယ်၌ ဒုတိယလူဦးရေအများဆုံးဖြစ်သော ရေးမြို့နယ်အတွင်း တံငါလုပ်ငန်း ကမ်းဝေးငါးဖမ်းလှေ ၁၇၁ စီးနှင့် ကမ်းနီးငါးဖမ်းလှေ ၄၅၀ စီး အပါအဝင် ငါးဖမ်းကျားဖောင် အမြောက်အမြားရှိပြီး ရွှေ့ပြောင်းရေလုပ်သားအများစုမှာ အဘော်ကျားတန်း၊ ချောင်းတောင်၊ အစင်နှင့် ဇီးဖြူသောင် စသည့်ကျေးရွာများရှိ ရေလုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိကြောင်း ရေးမြိုနယ် ရေလုပ်ငန်းဦးစီးဌာန စာရင်းအရ သိရပါသည်။

    သို့ရာတွင် ရေးမြို့နယ်အတွင်းရှိ ရွှေ့ပြောင်းရေလုပ်သား အများစုမှာ ရေလုပ်သား မှတ်ပုံတင်ထားခြင်း မရှိကြပါ၊ ရွှေ့ပြောင်းရေလုပ်သားစုစုပေါင်း ၃၀ဝဝ ယောက်ဝန်းကျင်ခန့် အလုပ်လုပ်ကိုင်နေသည်ဟု ဒေသခံများက ခန့်မှန့်ထားရာတွင် ရွှေ့ပြောင်းရေလုပ်သား ၁၀ဝဝ ယောက်ဝန်းကျင်သာ ရေးမြိုနယ် ရေလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ထားကြပြီး အဆိုပါရွှေ့ပြောင်းရေလုပ်သားအများစုမှာ ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးများမှ ဖြစ်ကြသည်ဟု ဆိုကြသည်။

    တရားဥပဒေစိုးမိုးရေးရှုထောင့်ကြည့်ပါက အဆိုပါ ရွှေ့ပြောင်းလုပ်ကိုင်အခြေချသူများနှင့်အတူ အမှုအခင်းများ ပိုမိုဖြစ်ပေါ်လာသည်ကို လေ့လာတွေ့ရှိရပါသည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ရေးမြို့နယ်တွင် လူသတ်မှု (၄) ခုဖြစ်ပွားခဲ့ရာ အဘော်ကျားတန်းရွာ ပင်လယ်ပြင်၌ လူသတ်မှု (၃) ခု ဖြစ်ပွားသည်ဟု မြို့နယ်ရဲတပ်ဖွဲ့ပြောဆိုချက်ကို ကိုးကားပြီး မွန်သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။ အဆိုပါ ၄ လအတွင်း သေမှုသေခင်း ၁၆ ခုဖြစ်ပွားခဲ့ရာ တစ်လ ၄ မှုနှုန်း ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါသေဆုံးမှုတွင် ဖောင်လုပ်သားများသာ အဖြစ်များပြီး ပင်လယ်ပြင်တွင် သေဆုံးမှု၊ ဆေးရုံမရောက်မီ လမ်းတွင်သေဆုံးမှု၊ အစာရေစာငတ်ပြတ် သေဆုံးမှု နှင့် အခြားနည်းဖြင့် သေဆုံးမှုများ ရှိခဲ့သည်ဟု သတင်းတွင် ပါရှိသည်။

    အဆိုပါသတင်းဖော်ပြချက်တွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလထိ ၄ အတွင်း အမှုပေါင်း ၉၈ ခု ဖြစ်ပွားပြီး ၄င်းအမှုထဲတွင် အမှုကြီး ၁၀ မျိုးမှ လူသတ်မှု ၄ ခု၊ သေမှုသေခင်း ၁၆ မှု၊ လုယက်မှု ၁ မှုနှင့် မုဒိန်းမှု ၂ မှုဖြစ်ပွားခဲ့ပြီး အခြားအမှု ၃၄ ခုနှင့် ကြိုတင်ကာကွယ်မှု ၄၁ ခုဖြစ်ပွားခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်ဟု ဆိုသည်။

    ရေးမြို့နယ်ရဲမှူး၏ပြောကြားချက်တွင် အချင်းချင်းရန်ဖြစ်ကြခြင်း၊။ တချို့က အချင်းချင်းစကားများရာက နားလည်မှုလွဲမှားပြီး ထိုးကြိတ်ခြင်း၊ ရေထဲပစ်ချခြင်းအပြင် သက်ငယ်သားမယားကျင့်မှုလည်း တစ်ခုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ရေးမြို့နယ်တောင်ပိုင်း၊ ကဗျာဝရွာတွင် လွန်ခဲ့သည့် မတ်လအတွင်းက အသက် (၄) နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရကြောင်း၊ မုဒိန်းမှု ကျုးလွန်သူဟု ယူဆရသူနှင့့် ကျုးလွန်ခံရသူ ကလေးမတို့သည် ဧရာဝတီတိုင်း၊ ဖျာပုံနယ်သားများဖြစ်ကြပြီး ကဗျာဝရွာသို့ ရောက်ရှိနေထိုင်ခဲ့သည်မှာ လပိုင်းမှျသာရှိသေးကြောင်း သတင်းမှတ်တမ်းများတွင် ရေးသားဖော်ပြခဲ့ကြသည်။

    လတ်တလော မေလ ၁၅ ရက် နေ့လည်ပိုင်းက ဒဏ်ရာများဖြင့် သေဆုံးနေသော အလောင်း ၂ လောင်း ရေးမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ အလောင်းများမှာ ရေးမြို့နယ်အနီး ပင်လယ်ပြင်ရှိ ရေလုပ်သားများ၏ အလောင်းများဖြစ်ကြောင်း ဒေသခံများထံမှ သတင်းကြားသိရသည်။

    အလားတူ ရေးမြို့နယ်တွင် ၂၀၁၅ ခုနှစ်အတွင်း မှုခင်းပေါင်း ၃၃၀ ကျော် ဖြစ်ပွားခဲ့ရာ ရေးမြို့မ ရဲစခန်းအပိုင်နယ်မြေအတွင်း မှုခင်း ၂၂၅ မှုတွင် သေမှုသေခင်း ၄၃ မှု၊ မူးယစ်ဆေးဝါးမှု ရ မှု၊ လူသတ်မှု ၁၂ မှုအနက် ငါးဖမ်းကျားဖောင် ရွှေ့ပြောင်းရေလုပ်သားများအတွင်း မုဒိမ်းမှု၊ လုယက်မှု၊ လူသတ်မှု စသည့် မှုခင်းပေါင်း ၁၉ ခု ဖြစ်ပွားခဲ့ကြောင်း၊ ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ ကိုးကား၍ သတင်းဖော်ပြခဲ့သည်။

    ၂၀၁၄ ခုနှစ်အတွင်း ရေးမြို့နယ်အတွင်း ပြစ်မှုကျုးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေး ၁၇၀ ဦး ရှိပြီး တရားခံပြေး ၁၆၀ ကျော်ကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း၊ ရဲတပ်ဖွဲ့ဝင်အင်အား လုံလောက်မှုမရှိခြင်း၊ ပြည်သူများအနေနှင့် သတင်းပေးမှုနည်းပါးခြင်းစသည်တို့ကြောင့် ဖြစ်ကြောင်း မြို့နယ်ရဲမှူး၏ ရှင်းလင်းချက်ကိုလည်း ထိုစဉ်ကာလ၌ သတင်းများတွင် ရေးသားဖော်ပြခဲ့သည်။

    အချုပ်အားဖြင့်ဆိုရသော် မွန်ပြည်နယ်သားများ ပြည်ပသို့ရွှေ့ပြောင်း အလုပ်လုပ်ကိုင်ကြသလို အခြားတိုင်းဒေသကြီးများမှ ရွှေ့ပြောင်းအလုပ်သမားများ မွန်ပြည်နယ်အတွင်း နေရာဝင်ယူ အလုပ်လုပ်ကိုင်ကြသည်မှာ ဓမ္မတာသဘောတရားပင် ဖြစ်သည်။ သို့ရာတွင် အဆိုပါ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ဝင်ရောက်လာမှုကြောင့် မလိုလားအပ်သော လူမှုရေးပြဿနာများ ဖြစ်ပေါ်နေသကဲ့သို့ အမှုအခင်းများပိုမိုပေါ်ပေါက်လာနေသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ကြားသိနေရပြီ ဖြစ်သည်။

    ထို့ကြောင့် တရားဥပဒေစိုးမိုးရေးအတွက် အစိုးရအာဏာပိုင်များသာမက မိမိတို့ဒေသတွင်းရှိ နိုင်ငံရေးပါတီများ၊ လွှတ်တော်အမတ်များ၊ ဘာသာရေးခေါင်းဆောင်များ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ စာပေယဉ်ကျေးမှုအဖွဲ့နှင့် လူငယ်အဖွဲ့အစည်းများ စသည့်ကဏ္ဍအသီးသီး လူတန်းစားအလွှာအသီးသီးတို့အနေဖြင့် မည်ကဲ့သို့ စည်းရုံး၊ ပညာပေးလှုပ်ရှားမှုများနှင့် နည်းလမ်းကောင်းများရရှိစေရန် စဉ်းစားအဖြေရှာကြံသင့်ပြီလို့ တိုက်တွန်းအပ်ပါကြောင်း။

    ကိုးကားချက်များ
    -၂၀၁၄ သန်းခေါင်စာရင်းအချက်အလက်များ
    -မွန်သတင်းအေဂျင်စီ သတင်းများ

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts