spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးစိုးရိမ်စရာမော်လမြိုင်ကမ်းနားလမ်းသစ် အရည်အသွေးအာမခံချက်

    စိုးရိမ်စရာမော်လမြိုင်ကမ်းနားလမ်းသစ် အရည်အသွေးအာမခံချက်

    -

    ပြီးခဲ့သည့် မေလ (၇/၈) ရက် မော်လမြိုင်မြို့ ကမ်းနားလမ်းအဆင့် (၆) စီမံကိန်းလမ်းဧရိယာပေါ်သို့ သံလွင်မြစ်ရေဒီရေများ လွှမ်းခဲ့သည်။ ယင်းအနေအထားကြောင့် စီမံကိန်းလမ်း ရေစိမ့်ဝင်မှုကြောင့် ပျက်စီးနိုင်သည့်အပြင် လာမည့်မိုးရာသီတွင် ရေပိုကြီးနိုင်ပြီး ရေဘေးအန္တရာယ် ကြုံလာနိုင်သည့် အခြေနေတွင် ရှိလာမည့်ဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများ ရှိနေပါပြီ။

    မော်လမြိုင်မြို့ အထောက်အကူပြုကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဇော်ထွန်းက “ရေလွမ်းတဲ့အကြာင်းကတော့ သူတို့ ရေပြင်ညီမျဉ်း (See Level) ချိန်တာ လွဲတဲ့အခါကျတော့ အဲဒီနေရာမှာ နည်းနည်းနိမ့်တဲ့ အခါကျတော့ အဲဒီနေရာ ဒီရေတက်တာပေါ့။ တစ်လမ်းလုံး ဖြစ်တာတော့မဟုတ်ဘူး၊ အဲဒီနေရာ (အဆင့် ၆ စီမံကိန်း) မှာ Level ချိန်တာ ကွာသွားလို့ဖြစ်တာ၊ ဒါက နည်းပညာအားနည်းလို့ ဖြစ်တာပါ။ အဲဒီလို ရေလွှမ်းလာ တာလို့ရှိရင် ရေစိမ့်ဝင်တဲ့အတွက်ကြောင့် ဒီလမ်းရဲ့ ရေရှည်ခံနိုင်မှုကတော့ ထိခိုက်နိုင်တယ်” ဟု ပြောသည်။
    သို့သော် အခြားသောစီမံကိန်းလမ်းပိုင်းများတွင် မြစ်ရေဝင်ရောက်ခြင်းမရှိပဲ စီမံကိန်းအဆင့် (၆) တစ်ခုတည်း၌သာ ရေလွှမ်းနေခြင်းဖြစ်၍ ၎င်းလမ်းပိုင်းကို မြေဖို့မြှင့်တင်၍ ထပ်ပိုးလွှာခင်းခြင်းဖြင့် အရည်အသွေးပြည့်မီသောလမ်းကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရပါသည်။

    မေလ (၉) ရက်နေ့တွင် စီမံကိန်းဧရိယာအတွင်း သံလွင်မြစ်ရေ ဝင်ရောက်ခဲ့သောလမ်းပိုင်း၏ လက်ရမ်းအောက် ခြေအုတ်တံတိုင်းကို အနည်းငယ်အုတ်စီပြီး ရေကာနေသည်ကို တွေ့ရသည်။ ယင်းလုပ်ရပ်သည် မြစ်ရေလွမ်းနိုင် သောလမ်းပိုင်းကို ရေမဝင်ရန် ယာယီတားဆီးသော လုပ်ဆောင်ချက်သာ ဖြစ်သည်။
    မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် စုန်ရေကုမ္ပဏီတို့၏ သဘောတူညီမှုစာချုပ်အတိုင်း စီမံကိန်းလမ်းကျွံကျပျက်စီးမှုကို (၃) နှစ်အထိ တာဝန်ယူ ပြုပြင်ပေးရမည့် အာမခံချက်ရှိကြောင်း သိရသည်။
    ယခင်မွန်ပြည်နယ်အစိုးရအဖွဲ့၏ သက်တမ်းနောက်ဆုံးကာလ ရက်သတ္တတပတ်အတွင်း ဖွင့်လှစ်ခဲ့သော မော်လမြိုင်ကမ်းနား လမ်းအဆင့် ၆ စီမံကိန်းသည် အစိုးရသက်တမ်းကုန်ခါနီးတွင် အမြန်ပြီးစီးရန် ဆောင်ရွက်ခဲ့သော စီမံကိန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။
    အဆိုပါ မော်လမြိုင်မြို့ကမ်းနားလမ်းသစ်ကြီးအား စုန်ရေဆောက်လုပ်ရေးကုမ္ပဏီမှ သိန်းပေါင်း (၇၀,ဝ၀ဝ) နီးပါး ခန့် အကုန်ကျခံ ဆောက်လုပ်ကာ ၂၀၁၆ ခုနှစ်၊ မတ်လ(၂၇) ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

    မော်လမြိုင်မြို့ တိုးချဲ့ကမ်းနားလမ်းအဆင့် (၆) စီမံကိန်းကို မွန်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်၊ မွန်ပြည်နယ် လွှတ်တော်၏ အတည်ပြုချက်၊ မွန်ပြည်နယ်စည်ပင်သာယာရေးကော်မတီ၏ကြီးကြပ်မှုဖြင့် စုန်ရေကုမ္ပဏီမှ (၂၀၁၅) ခုနှစ် နိုဝင်ဘာလတွင် လုပ်ငန်းစတင်ခဲ့ပြီး (၅) လအကြာတွင် ပြီးစီးခဲ့ပါသည်။

    အင်ဂျင်နီယာလုပ်ငန်းအရည်အသွေးနှင့်ပတ်သက်ပြီး လုပ်ငန်းသဘာဝ၊ လုပ်ငန်းပမာဏအရ အချိန်လုံလောက် မှုမရှိဘဲ အလျင်အမြန်ဆောင်ရွက်ရည့်အတွက် လုပ်ငန်းအရည်အသွေး အားနည်းမှုဖြစ်ပေါ်နိုင်ကြောင်း အရည် အသွေးကြီးကြပ်မှုကော်မတီ (ပြည်နယ်) ဝင် ဦးဗျားနိုက ပြောခဲ့ကြောင်း Daily Eleven သတင်းစာက ဖော်ပြခဲ့ သည်။
    တစ်ဖက်တွင်လည်း အများပိုင်ကုမ္ပဏီအနေဖြင့် လမ်းသစ်ကြောင့် ရရှိလာမည့် မြေကွက်(၂၁)ဧက ခန့်မှန်းခဲ့ပြီး မော်လမြိုင်မြို့စည်ပင်သာယာရေးဝန်ကြီးဌာနသို့ မြေ(၁.၅)ဧကနှင့် ငွေကျပ်သိန်းပေါင်း(၂၅,ဝ၀ဝ) ပေး သွင်းမည်ဟု စာချုပ်ဖြင့် ချုပ်ဆိုထားသော်လည်း ငွေကျပ်သိန်းပေါင်း (၁၅,ဝ၀ဝ) နှင့် မြေ (ဝ.၇၅) ဧကသာပေးသွင်းခဲ့ကြောင်း သိရသည်။

    အဆိုပါ စုန်ရေကုမ္ပဏီ လျှော့နည်းပေးသွင်းရန် တင်ပြတောင်းဆိုမှုနှင့် ပက်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ (၁၇. ၃.၂၀၁၆) ညှိနှိုင်းအစည်းအဝေးမှ ကန့်ကွက်ရန်မရှိကြောင်းနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ခြင်းအား သိရှိနိုင်ရန် ပြည်နယ်လွှတ်တော်ရုံးသို့ (၂၅.၃.၂၀၁၆) အကြောင်းကြား စာပေးပို့ခဲ့ပါသည်။

    သို့သော် မူလသဘောတူညီချက်အရ လွှတ်တော်သို့ တင်ပြအတည်ပြုထားသည့်အတိုင်း လက်တွေ့ဆောင်ရွက်ခဲ့ရာတွင် ကိုက်ညီမှုမရှိသည့်အတွက် မော်လမြိုင်ကမ်းနားလမ်းအပိုင်း (၆) စီမံကိန်းအား လွှတ်တော်အနေဖြင့် ပြန်လည်စီစစ်ဆောင်ရွက်သင့်ပါကြောင်းအဆိုကို ဒေါက်တာအောင်နိုင်ဦး လွှတ်တော်သို့တင်သွင်းခဲ့ပြီး လက်ရှိတွင်လွှတ်တော်ကိုယ်စားလှယ် (၇) ဦးနှင့် အရပ်သား (၄) ဦး ပါဝင်သော စီစစ်ရေးကော်မတီကို ဖွဲ့စည်းထားပြီး ဖြစ်သည်။
    မော်လမြိုင် တိုးချဲ့ ကမ်းနားလမ်းအဆင့် (၆)ကို စီစစ်လေ့လာမည့် ကော်မတီသည် မေလ (၉)ရက်နေ့မှ စတင် ကွင်းဆင်းစစ်ဆေးသွားမှာဖြစ်ပြီး တာဝန်ယူဆောင်ရွက်ခဲ့သော ဌာနဆိုင်ရာနှင့် ကုမ္ပဏီတာဝန်ရှိသူများကို စစ် ဆေးကာ တွေ့ရှိချက်အစီရင်ခံစာကို ဇွန်လ ၉ ရက်နေ့ နောက်ဆုံးထား လွှတ်တော်ထံ တင်ပြရမည်ဟု သိရသည်။

    “ဒီစီမံကိန်းကို တာဝန်ယူခဲ့တဲ့သူတွေ ပါဝင်ပါတ်သက်ခဲ့တဲ့သူတွေဟာ အမှား ချု့ယွင်းချက်တွေ ရှိခဲ့ရင် သူမှားခဲ့ တဲ့ကဏ္ဍအတွက် သူဖြေရှင်းပေးရမယ်။ စီစစ်ရေး ကော်မတီရဲ့တွေ့ရှိချက်ကို လွှတ်တော်မှာ တင်ပြဆွေးနွေးပြီး အတည်ပြုဆုံးဖြတ်မယ်။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဘယ်သူက ဘယ်လိုတာဝန်ယူရမယ်။ ဒီကိစ္စကို အရေးယူရမဲ့ဟာတွေ၊ အလျော်ပေးရမဲ့ကိစ္စတွေအထိ လုပ်သွားမယ်” ဟု မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ဤစီမံကိန်းတွင် ပါဝင်ပတ်သက်သူ၊ တာဝန်ရှိသူ၊ စီစစ်သင့်သူအားလုံးကို လွှတ်တော်က ဖိတ်ကြားပြီး ဆွေး နွေးမှု စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

    ကွင်းဆင်းလေ့လာချက်အရ စီမံကိန်းဧရိယာအတွင်း လမ်းအရှည်ပေ (၄၆၅၀) ရှိပြီး ကျူးကျော်လူဦးရေ (၁၁၀) ရှိခဲ့ပါသည်ဟု ဆိုပါသည်။ ကျူးကျော်သူတွေကိုလည်း ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ဆောင်ရွက်သွားရန် သဘောတူညီမှုများဖြင့် စည်ပင်သာယာရေးကော်မတီမှ တင်ဒါခေါ်ယူခဲ့ရာ စုန်ရေ ကုမ္ပဏီအား ၁၁.၂.၂၀၁၅ ရက်နေ့မှာ တင်ဒါရွေးချယ် အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

    စာချုပ်ပါသဘောတူညီမှုအရ ပုဂ္ဂလိကပိုင်ဆိုင်နိုင်သည့် မြေနေရာများတွင် စီမံကိန်းလုပ်ကိုင်ခဲ့သော စုန်ရေကုမ္ပ ဏီမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည်။ ကုမ္ပဏီမှ ရရှိခဲ့သော မြေ (၁၃.၇၅) ဧကသည် ကာလပေါက်ဈေးဖြင့် တွက်ဆပါက ၎င်းတို့အကုန်ကျခံခဲ့သော ဆောက်လုပ်ရေးစရိတ်နှင့် အစိုးရသို့ ပေးသွင်းရသောငွေကြေးထက် အဆပေါင်းများ စွာ အမြတ်ရရှိနိုင်သည်ဟု မော်လမြိုင်အိမ်ခြံမြေအကျိုးဆောင်အသိုင်အဝိုင်းတို့က ဆိုပါသည်။

    “ကုမ္ပဏီဖက်က ဒီလိုအကျိုးအမြတ်တွေအတွက် လုပ်ခဲ့တယ်။ ကျွန်တော်တို့လည်း သိပါတယ်။ သူတို့က အ ကုန်ကျခံပြီး အကျိုးအမြတ်ကို ယူမယ်။ အစိုးရကို ပေးသွင်းဖို့ငွေတွေက သူတို့အရှုံးပေါ်လို့ အဆင်မပြေလို့ လျှော့ပြီး ပေးသွင်းဖို့ ကုမ္ပဏီဘက်က တောင်းဆိုလာတယ်။ ဒီကိစ္စမှာ လူထုတွေရဲ့အမြင်က ဒီမြေနေရာက အ များကြီးတန်တယ်။ အစိုးရက ဘယ်လောက်မှ မရဘူးပေါ့။ ဒါတွေအားလုံး ကျွန်တော်တို့ ပြန်သုံးသပ်ရမယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။
    ၂၀၁၀ ခုနစ်မတိုင်မီ ယခင်နအဖစစ်အစိုးရလက်ထက်က အကြောင်းကြောင်းကြောင့် ရပ်နားခဲ့ရသော မော်လမြိုင် ကမ်းနားလမ်းအပိုင်း (၆) ကို ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှ အသစ်တက်လာသော မွန်ပြည်နယ် အစိုးရအဖွဲ့မှ ပြန်လည်အကောင်ထည်ဖော် လုပ်ဆောင်ရာတွင် စုန်ရေဆောက်လုပ်ရေးကုမ္မဏီက တာဝန်ယူဖောက်လုပ်ခဲခြင်း ဖြစ်သည်။
    စုန်ရေကုမ္ပဏီအနေဖြင့် အစိုးရသက်တမ်း မကုန်ဆုံးမီ ရက်ပိုင်းအလိုတွင် မွန်ပြည်နယ်အစိုးရအဖွဲ့အား ဂုဏ်ပြုပွဲနှင့် မော်လမြိုင်ကမ်းနားလမ်း အဆင့် (၆) စီမံကိန်း ဖွင့်ပွဲအထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုပေးပွဲနှင့် ညစာစားပွဲကို အစိုးရဋ္ဌာနဆိုင်ရာအကြီးတန်းအရာရှိများနှင့် စီးပွါးရေးလုပ်ငန်းရှင်များ ကျက်စားရာနေရာ မော်လမြိုင်ငန်းတေး ဂေါက်ကွင်းတွင် မတ်လ (၂၉) ရက်နေ့ ညပိုင်းတွင် ကျင်းပခဲ့သည်။

    လက်ရှိမွန်ပြည်နယ်အစိုးရအဖွဲ့တွင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့်မတူဘဲ စည်ပင်သာ ယာရေးကို ပြည်နယ်ဝန်ကြီးချုပ်က တိုက်ရိုက်စီမံကွပ်ကဲနေသည်။ ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း မီဒီယာများကို တစ်လျှင်တစ်ကြိမ်သာ တွေ့ဆုံခွင့်ပြုမည်ဟု ဆိုထားပြန်ရာ စည်ပင်သာယာရေးဝန်ကြီးဌာနမှ သတင်းအချက်အလက်များ အတည်ပြုရန် အခက်ခဲများစွာ ရှိနေကြသည်။

    စည်ပင်သာယာရေးဝန်ကြီးဌာန လက်အောက်ရှိ သံလွင်မြစ်ကြောင်း မော်လမြိုင်ကမ်းနံဘေးတစ်လျှောက်ရှိ ညောင်လေးပင်ချောင်းဝမှ ကျောက်မီးသွေးရုံလမ်းအထိ အရှည်ပေ (၄၆၅၀) အား လမ်းအရှည် (၄၆၅၀) ပေ၊ လမ်းအကျယ် (၄၀) ပေ၊ ပလက်ဖောင်း (တစ်ဖက် ၈ ပေ) အပါဝင် ၅၆ ပေရှိပြီး ပေ(၄၀) ရှည်တံတား(၂) စင်း၊ ပေ(၂၀) ရှည်တံတား(၃) စင်း၊ တံတား (၅) စင်းပါဝင်သော ကမ်းနားလမ်းအဆင့် (၆) ကို တည်ဆောက်ခဲ့သည်။

    မော်လမြိုင်မြို့၏ အလှအပ အထင်ကရနေရာတစ်ခုဖြစ်သော ကမ်းနားလမ်းသည် အဆင့် (၁ မှ ၆) အထိ စီမံ ကိန်းများ သတ်မှတ်ထားသော အတ္ထရံဟိုတယ်မှ ကျောက်မီးသွေးရုံဆိပ်အထိ၊ သံလွင်မြစ်ကမ်း လမ်းအရှည် သည် (၃)မိုင် (၂)ဖာလုံ ရှိကြောင်း သိရသည်။

    လက်ရှိတာဝန်နေသော အစိုးရအနေဖြင့်လည်း နောင်လာမည့်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရာတွင် ပွင့် လင်းမြင်သာမှုရှိပြီး အစိုးရနှင့်လွှတ်တော်ကဏ္ဍ အပြန်အလှန်ထိန်းကျောင်းခြင်းကို လေးစားလိုက်နာ၍ အကြီး စားစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် လွှတ်တော်၏အတည်ပြုချက် ရယူဆောင်ရွက်သင့်ပါကြောင်း နှင့် တာဝန်ယူမှု တာဝန်ခံမှုအပြည့်အဝရှိမှသာလျှင် ဖွံ့ဖြိုးတိုးတက်ကောင်းမွန်သော လူမှုဝန်းကျင်တစ်ရပ်ကို ဖန် တီးနိုင်ကြစေရန် ရေးသားတင်ပြအပ်ပါသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts