မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / ကျေးလက်ဒေသ လုံခြုံရေးပြဿနာစိန်ခေါ်မှုများ

ကျေးလက်ဒေသ လုံခြုံရေးပြဿနာစိန်ခေါ်မှုများ

ရေးသားသူ: >

မွန်ပြည်နယ်တောင်ပိုင်းရှိ ကျေးလက်ဒေသများတွင် ယခင်ကလုံခြုံရေးတာဝန်ယူခဲ့ကြသော ပြည်သူစစ်အင်အား သိသိသာသာ လျော့နည်းသွားသည်ကို မြင်တွေ့နေရသည်။ယခုအခါ အချို့ကျေးလက်ဒေသများ၌ ဒေသခံတို့၏ လက်နက်ကိုင် ပြည်သူ့စစ်များကို သိပ်မတွေ့ရှိရတော့ပေ။ ပြည်သူ့စစ်အင်အား လုံလောက်စွာမရှိတော့သည့်အနေအထားဖြစ်ပေါ်နေပြီး ကျေးရွာအချို့တွင် လုံခြုံရေးနှင့်ပတ်သက်သော ပြဿနာများ ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်အချို့ ဖြစ်ပေါ်ခဲ့သည်။ ကျေးရွာပြည်သူ့စစ်များ မထားရှိနိုင်တော့သဖြင့် ကျေးလက်ဒေသများတွင် တရားဥပဒေစိုးမိုးရေးအတွက် စိန်ခေါ်မှုများဖြစ်ပေါ်နေကြောင်း လေ့လာတွေ့ရှိချက်များကို သုံးသပ်တင်ပြလိုပါသည်။

ပြည်သူ့စစ်အဖွဲ့

ဤဆောင်းပါးပါ “ပြည်သူ့စစ်အဖွဲ့” ဆိုရာတွင် တပ်မတော်ထံလက်နက်ချအလင်းဝင်ပြီး ဌာနေပြည်သူ့စစ်အဖွဲ့အဖြစ် မိမိလက်နက်မိမိတို့ကိုင်ဆောင် ရပ်တည်နေသော လက်နက်ကိုင်အဖွဲ့များကို ဆိုလိုခြင်းမဟုတ်ပေ။ ယခင် မဆလ၊ နဝတ၊ နအဖ အစိုးရလက်ထက်အဆက်ဆက်တွင် ကျေးရွာအလိုက် လုံခြုံရေးလက်နက်တပ်ဆင်ထားသော ဒေသခံတို့၏ ကျေးရွာ“ပြည်သူ့စစ်” အဖွဲ့များကိုသာ ဆိုလိုခြင်း ဖြစ်ပါသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ-မဆလ ခေတ်ကတည်းကပင် ကျေးရွာကြီးငယ်အလိုက် ပြည်သူ့စစ်အင်အား ၅ ယောက်၊ ၁၀ ယောက်၊ ၁၅ ယောက်အထိ လိုအပ်သလို သက်ဆိုင်ရာ အစိုးရအုပ်ချုပ်ရေးဌာန၊ သက်ဆိုင်ရာတပ်နယ်တို့က လုံခြုံရေးအရ ဖွဲ့စည်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ အဆိုပါပြည်သူ့စစ်များကို ရွာခံများဖြင့်သာ ဖွဲ့စည်းခဲ့ကြပြီး လစာထောက်ပံ့ကြေးများကို ကျေးရွာမှ ကောက်ခံယူသည်။ ထိုသို့ငွေကြေးကောက်ခံခြင်းသည် တရားဥပဒေအရ ဘောင်မဝင်ဟု ဆိုနိုင်ပါသည်။ ထို့အတူ ကျေးရွာပြည်သူ့စစ်များကိုလည်း ဒေသခံများလိုလားဟန်မပြခဲ့သည်မှာ အကြောင်းအမျိုးမျိုးရှိခဲ့သည်ကို သိရှိရသော်လည်း အကျယ်တဝင့် မပြောလိုတော့ပေ။

၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလများတွင် မွန်ပြည်နယ်တောင်ပိုင်းဖြစ်သည့် မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်အပြင် ကျိုက်မရော၊ ချောင်းဆုံမြို့နယ်အသီးသီးရှိ ကျေးရွာတိုင်းလိုလို ပြည်သူ့စစ်များ လုံခြုံရေးပေးခဲ့ရသည်ကို အားလုံးအသိပင် ဖြစ်သည်။ ပြီးခဲ့သည့်ကာလများစွာတွင်လည်းကောင်း လက်ရှိအခြေအနေတွင်လည်းကောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် အဆိုပါကျေးရွာများ၌ လုံလောက်သောလုံခြုံရေးအင်အား ဖြန့်ကြက်ချထားနိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ပကတိအခြေအနေအရ ကျေးရွာများတွင် မရှိမဖြစ်သော လုံခြုံရေးအတွက် မိမိတို့ရွာခံပြည်သူ့စစ်အဖွဲ့ကိုသာ အဓိကအားထားနေကြခြင်းပင် ဖြစ်သည်။

ပြည်သူ့စစ်များ နည်းပါးသွားရခြင်းကို တွေ့ဆုံမေးမြန်းချက်များအရ အကြောင်းပြချက်အမျိုးမျိုး ရှိကြပါသည်။
-ဒေသတွင်းလှုပ်ရှားနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(မွန်ပြည်သစ်ပါတီ) ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးစီးခဲ့သည့်အတွက် လက်နက်ကိုင်ပဋိပက္ခ၊ တိုက်ပွဲများဖြစ်ပေါ်မှုမရှိခြင်း။
-ကျေးရွာပြည်သူ့စစ်အဖွဲ့များ မဖြစ်မနေဖွဲ့စည်းရန် အစိုးရ ဖိအားပေးမှုမရှိခြင်း။
-ပြည်သူ့စစ်ထောက်ပံ့ကြေးရန်ပုံငွေ ကောက်ခံခွင့်မရှိခြင်း။

၂၀၁၀ ရွေးကောက်အပြီး ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်က ဥပဒေသစ်များ ပြဌာန်းခဲ့သည်။ အထူးသဖြင့် ကျေးလက်ဒေသများတွင် ပကတိခေတ်အခြေအနေနှင့်မကိုက်ညီသော အဓ္ဓမလုပ်အားပေးစေခိုင်းခြင်း၊ ခေါင်းစဉ်အမျိုးမျိုးပြ ငွေကြေးကောက်ခံခြင်း ကိစ္စရပ်များကို ဥပဒေထုတ်ပြန်တားဆီးထားသဖြင့် ကင်းကြေး၊ လုပ်အားပေးကြေး၊ ပြည်သူ့စစ်ကြေးတို့ကို အများအားဖြင့် ပေါ်ပေါ်ထင်ထင် မကောက်ခံရဲကြတော့ပေ။

သို့သော်လည်း ပြီးခဲ့သည့်အစိုးရသက်တမ်းတစ်ခုတွင် အဆိုပါကျေးရွာပြည်သူ့စစ်ထောက်ပံ့ကြေးများကို ကျေးရွာအုပ်ချုပ်ရေးမှူးတိုက်ရိုက်မကိုင်တွယ်ဘဲ ပြည်သူ့စစ်များသာ ကောက်ခံခဲ့သည်ကို စုံစမ်းသိရှိရပါသည်။ နောက်ပိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့်လည်း မိမိတို့ရပ်ရွာတွင် မည်သည့်အကြောင်းပြချက်မျိုးမဆို ရန်ပုံငွေငွေတစုံတရာ ကောက်ခံခွင့်မရှိသည့်အတွက် အဆိုပါ ပြည်သူ့စစ်လစာ ကောက်ခံနိုင်ရန် မည်သူမှလည်း တာဝန်မယူရဲတော့ပေ။

သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ ဆယ်အိမ်ခေါင်းတစ်ဦးက “ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ပြည်သူ့စစ်လစာမပေးနိုင်တော့လို့ အားလုံးကို အနားပေးလိုက်ရတယ်၊ ပြည်သူ့စစ်တစ်ဦးထောက်ပံ့ကြေးက တစ်လ ငွေကျပ် ၃ သောင်းပါပဲ၊ ကိုယ့်အိမ်အလုပ်ကိုလုပ်ရင်း ရပ်ရွာအကျိုးသယ်ပိုးရင်းပေါ့၊ တောက်ပံ့ကြေးလုံးဝမရတော့ ဘယ်သူမှလည်း ဝင်မလုပ်တော့ဘူးပေါ့” ဟု ဆိုပါသည်။

အလားတူ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာတွင် ကျေးရွာပြည်သူ့စစ်များမရှိသော်လည်း ရဲကင်းစခန်းတစ်ခု ရှိသဖြင့် လုံခြုံရေးအတွက် အထောက်အကူပြုသည်ဟု ကျေးရွာဆယ်အိမ်မှူး တစ်ဦးက ပြောပါသည်။

အဆိုပါ ဆယ်အိမ်မှူးက “ဇာတ်ပွဲတခုခုကျင်းပတဲ့အခါပဲ လုံခြုံရေးပေးရတာ တော်တော်ခေါင်းခဲရပါတယ်၊ ဘာနလက်နက်မှမပါဘဲ လူငယ်တွေကိုထိန်းရတာ မလွယ်ပါဘူး၊ ပြည်သူ့စစ်မရှိတော့ ကျေးရွာမီးသတ်တပ်ဖွဲ့ကို တာဝန်ပေးထားရတယ်၊ မီးသတ်ဆိုတော့ လက်နက် မရှိဘူးပေါ့” ဟု ဆိုသည်။

အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ၂၀၁၅ ရွေးကောက်ပွဲ မဲအပြတ်အသတ်အနိုင်ရရှိခဲ့သည့်နောက်ပိုင်းတွင် ကျေးရွာတိုင်းလိုလို ပြည်သူစစ်အင်အား သိသိသာသာလျော့ကျသွားသလို အချို့ကျေးရွာများတွင် လုံးဝမထားရှိနိုင်တော့ပေ။

ဝယ်ဝင်ကရာရွာ ၆ လောင်းပြိုင် ၆ ဦးဒဏ်ရာ ဓါးဖြင့်ခုတ်သတ်မှုနှင့် အိမ်မီးရှို့သည့်ဖြစ်ရပ်

သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်္ကရာကျေးရွာ၌ ၂၀၁၆ ခုနှစ် ဧပြီလ (၄) ရက်နေ့ နံနက် (၉) နာရီအချိန်ခန့်တွင် အသက်(၄၁) ခန့်ရှိ နိုင်ယုံဆိုသူက ၎င်း၏နေအိမ်ကို မီးရှို့ပြီး ပတ်ဝန်းကျင်ရှိသူများအား ဓါးနှင့် လိုက်လံခုတ်ရာ (၆) ဦးသေဆုံးခဲ့ပြီး (၆) ဦး ဒဏ်ရာရခဲ့သည်။(မွန်သတင်းအေဂျင်စီ)

ဖြစ်စဉ်အား ကိုယ်တိုင်မြင်တွေ့ခဲ့သူ နိုင်အထော က “နိုင်ယုံက သူ့အိမ်ကို အရင်မီးရှိ့တယ်၊ သူ့အိမ်ကို မီးရှို့အပြီးထွက်လာတော့ နိုင်လွန် ကိုအရင်ဆုံးလည်လှီးပြီးသတ်လိုက်တာ။ အိမ်ကိုမီးရှို့တာ ဘယ်သူမှ မသိလိုက်ဘူး။ အိမ်တွေမီးလောင်နေတဲ့အချိန်မှာ တယောက်ပြီး တယောက် ဓါးနဲ့လိုက်ခုတ်တာပဲ” ဟု ဆိုသည်။(မွန်သတင်းအေဂျင်စီ)

လူသတ်သမားရှို့သွားသောအိမ် မီးငြိမ်းသတ်နေစဉ် (Facebook)
လူသတ်သမားရှို့သွားသောအိမ် မီးငြိမ်းသတ်နေစဉ် (Facebook)
အဆိုပါဖြစ်စဉ်တွင် စိတ်ဖောက်ပြန်နေသူဟု ယူဆရသူ နိုင်ယုံ(လူသတ်သမား) ၏ ငှက်ကြီးတောင်ဓါးလက်ချက်ဖြင့် ဝယ်ဝင်ကရာကျေးရွာ ပြည်သူ့စစ် ဦးစိန်ခိုင် အသက် (၆၀)နှစ်လည်း အသက်ဆုံးပါးခဲ့ရသည့်အပြင် ကိုင်ဆောင်သော AK-47 မောင်းပြန်လက်နက်ကိုလည်း လူသတ်သမားရရှိသွားသည်။ လူသတ်သမားတွင် မူလကငှက်ကြီးတောင်ဓါး ၂ လက်အပြင် မောင်းပြန်လက်နက်ပါ လက်ဝယ်ရှိသွားသဖြင့် သံဖြူဇရပ်မြို့မှ ရဲများရောက်ရှိလာသော်လည်း မဖမ်းဆီးနိုင်ခဲ့ပါ။ မကြာမီ ဝဲကလိတပ်စခန်းမှ တပ်မတော်သားများ ရောက်ရှိလာပြီး အပြန်အလှန်ပစ်ခတ်ရာ လူသတ်သမားအား အသေပစ်သတ်နိုင်ခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ပြောပြခဲ့သည်။

ဝယ်ဝင်ကရာကျေးရွာတွင် ပြည်သူ့စစ် ဦးစိန်ခိုင် တစ်ဦးသာရှိပြီး တစ်ရွာတည်းသား (လူသတ်သမား) အား ဝင်ရောက်ဖြောင်းဖြန့်စဉ် မထင်မှတ်ဘဲ ဓါးဖြင့်ခုတ်သတ်ခံလိုက်ရခြင်းဖြစ်သည်ဟုလည်း ရွာသားများက ဆိုသည်။ ဖုန်းအဆက်အသွယ်ကောင်းမွန်သောကြောင့် သံဖြူဇရပ်မြို့မရဲစခန်း၊ မြို့နယ်ထွေအုပ်ရုံး၊ ဝဲကလိတပ်စခန်းတို့နှင့် အလွယ်တကူ အဆက်အသွယ်ရယူခဲ့သောကြောင့်သာ ၆ ဦးသေ ၆ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ၆ ဦးဒဏ်ရာရရှိသူထဲမှ ထပ်မံသေဆုံးမှုများရှိခဲ့သော်လည်း အတည်ပြုချက်မရရှိခဲ့ပါ။

ဝယ်ဝင်ကရာကျေးရွာတွင် လူတစ်ဦးက လူအများကို သတ်ဖြတ်နိုင်မှုမှာ လုံခြုံရေးအားနည်းမှုကြောင့် အချိန်မီဟန့်တားမှုမပြုလုပ်နိုင်ခြင်းဟု ထောက်ပြလိုပါသည်။ ဖြစ်စဉ်မှာ ၃ နာရီခန့်အချိန်ကြာမြင့်သည်ဟု ရွာသားများက ပြောသည်။ အကယ်၍ ကျေးရွာပြည်သူ့စစ် ၅ ဦးခန့်ရှိခဲ့ပါလျင် လူသတ်သမားကို အချိန်တိုအတွင်း ပစ်ခတ်ဟန့်တားနိုင်လိမ့်မည်ဟု ရွာသားများ ယုံကြည်နေကြသည်။

အထက်ဖော်ပြပါ ဖြစ်စဉ်ကို သင်ခန်းစားရယူပြီး တရားဥပဒေစိုးမိုးရေးကို တည်ဆောက်သည့် ယခုလိုကာလတွင် လူတိုင်းလူတိုင်း ဥပဒေကို လေးစားလိုက်နာရန် လိုအပ်သကဲ့သို့ တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုစေသည့် လုံခြုံရေးယန္တရားကိုလည်း ခိုင်မာအောင်တည်ဆောက်ထားဖို့ လိုအပ်ပါသည်။ ကျေးရွာပြည်သူ့စစ်အဖွဲ့များ အားနည်းလာနေသဖြင့် ကျေးလက်ဒေသများတွင် လုံခြုံရေးပြဿနာက စိန်ခေါ်နေမှုများစွာနှင့် ရင်ဆိုင်နေရပါပြီ။ ထို့ကြောင့် ကျေးလက်နေ ပြည်သူများဘဝလုံခြုံမှုရှိစွာ နေထိုင်နိုင်ရေးအတွက် ဖြည့်ဆည်းပေးရမှာက အစိုးရတာဝန်ဖြစ်သည်ကို သတိမမေ့အပ်သင့်ပါကြောင်း။

About မွန်သတင်းအေဂျင်စီ

Check Also

ဆွေးနွေးအဖြေရှာသည့်နိုင်ငံရေးယဉ်ကျေးမှုသစ် ကန့်လန့်ကာကို စဖွင့်လိုက်ပြီလား

မြန်မာနိုင်ငံတွင် အရေးတကြီး အဖြေရှာရန် လိုအပ်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်ရှိ ခမ်းနားကြီးကျယ်လှသည့် MICC 2 အဆောက်အဦးထဲတွင် ဒေသအသီးသီးက အရောင်အသွေးစုံ၊ အဖွဲ့အစည်းအစုံကလူတွေ Related

Leave a Reply

%d bloggers like this: