spot_img
Thursday, April 18, 2024
More
    spot_img
    Homeမေးမြန်းချက်SNLD ဥက္ကဌ ဦးခွန်ထွန်းဦးနှင့် တွေ့ဆုံမေးမြန်းချက်(အပိုင်း ၁)

    SNLD ဥက္ကဌ ဦးခွန်ထွန်းဦးနှင့် တွေ့ဆုံမေးမြန်းချက်(အပိုင်း ၁)

    -

    ၂၁ ရာစုပင်လုံ ညီလာခံကျင်းပလိုသည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ခြင်းရှိ/မရှိ၊ တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည်ကြား မည်ကဲ့သို့ သဘောတူညီမှု ရယူနိုင်မည် စသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး

    ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦးနှင့် မွန်သတင်းအေဂျင်စီ သတင်းထောက်ချစ်မင်းထွန်း မေးမြန်းချက်ကို တင်ပြပါသည်။

    မေး။ ။ ၂၁ ရာစု ပင်လုံ ပေါ်ပေါက်လာခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရင်ကြားစေ့ရေး မူဝါဒဟာ အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ အန်ကယ်အနေနဲ့ထင်ပါသလား။

    SNLD ဥက္ကဌ ဦးခွန်ထွန်းဦး(ရှမ်းသံတော်ဆင့်)
    SNLD ဥက္ကဌ ဦးခွန်ထွန်းဦး(ရှမ်းသံတော်ဆင့်)

    ဖြေ ။ ။ ရင်ကြားစေ့ရေးကတော့ အခုဖြစ်ပေါ်နေတဲ့ အခြေအနေအရ ကြံခိုင်ဖွံ့ဖြိုးရေးက ဘယ်လို ဖြစ်မလဲဆိုတာ မသိသေးဘူးနော်။ ညီလာခံခေါ်ကြမှာကို အဲဒီအပေါ်မှာ လည်း မူတည်တယ်ဗျာ။ တကယ်လို့များ NLD ကို ဆန့်ကျင်တဲ့ အဖွဲ့က နိုင်သွားရင်တော့ တမျိုးဖြစ်မယ်။ တကယ်လို့ ဦးရွှေမန်းတို့ အဖွဲ့ကနိုင်သွားရင်တော့ အားလုံးအတွက်တော့ ကျွန်တော်ထင်တယ် ၇၅ % ၊ ၈၀% ကတော့ ကောင်းမှာပေါ့ဗျာ။ အဓိကဖြစ်နေတာက အခြေခံဥပဒေဘဲ၊ အခြေခံဥပဒေကို ကျွန်တော်တို့ SNLD ကလည်း လက်မခံခဲ့ဘူးလေ။ရွေးကောက်ပွဲတစ်လှျောက်မှာလည်း လက်မခံခဲ့ဘူး ဒါပေမယ့် အကြောင်းကြောင်းကြောင့် ကျွန်တော်တို့ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း မဝင်ခဲ့ဘူး၊ အခုဒီရွေးကောက်ပွဲမှာကတော့ ကျွန်တော်လည်း ထွက်လာပြီး စည်းလည်းစည်းလုံးတယ်ဆိုတော့ ရွေးကောက်ပွဲဝင်ခဲ့တယ်။ ဝင်ခဲ့တယ်ဆို တော့ အနိုင်ရခဲ့တယ်။

    ခုဏက ရင်ကြားစေ့ရေးဆိုတာ ကျွန်တော်တို့ကတော့ ခင်ဗျားတို့ မေးလို့သာ ဖြေရတာပေါ့လေ။ အခုထိ တော့ ကျွန်တော်တို့ တိုင်းရင်းသားတွေ အပေါ်မှာတော့ တွေ့ဆုံမေးမြန်းခြင်းလည်း မရှိဘူး။ အဲတော့ ရင်ကြားစေ့ရေးကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ အပေး အယူ လုပ်လို့ရလိမ့်မယ်လို့တော့ ထင်တယ်။ ဒါပေမဲ့ ဒီကိစ္စတွေ အားလုံးဟာ သူ(ဒေါ်အောင်ဆန်းစုကြည်)နဲ့ မပြီးဘူး။ တဘက်ကလည်း အခြေခံဥပဒေကို မကြိုက်လို့ ပေးထားတဲ့ ကတိကဝတ်တွေ ပျက်ကွက်ခဲ့လို့ပေါ့ နော်၊ ကျွန်တော်တို့ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပင်လုံစာချုပ်ကြီးမှာလည်း ရှင်းရှင်းပြောရရင်တော့ မူအနေနဲ့ပါခဲ့တာတော့ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုတို့၊ ပင်လုံစိတ်ဓါတ်၊ ပင်လုံမူတို့ရှိခဲ့တယ်။ အဲဒီ မူနဲ့ လည်း မသွားဘူး သွားဖို့ကျန်နေတဲ့ အချိန်မှာဘဲ တောင်ကြီးမူက ထွက်လာတော့ ဒါက ခွဲထွက်ရေးဖြစ် တယ်။ ခွဲထွက်ရေးကို အကြောင်းပြပြီးတော့ ဦးနေဝင်းက အာဏာသိမ်းခဲ့တယ်ဆိုပါတော့။

    ဒါပေမဲ့ ဦးနုကိုယ်တိုင် ဗိုလ်ချုပ်နေဝင်း ပြောခဲ့တယ်။ ၁၀ နှစ်လည်း ပြည့်ပါပြီးတဲ့ ပြောထားတဲ့ ကတိ ကဝတ်တွေရှိနေတော့ ပြင်ရေးမယ်ဆိုလည်း ရေးပါ။ ဒါပေမဲ့ ခွဲထွက်ရေးကိုတော့ သတိထားပြီးရေးပါတဲ့။ ဘာလို့လဲဆိုတော့ တဖက်(တပ်)ကလည်း ဒါတွေကို လက်မခံနိုင်တဲ့ အခြေအနေ ရှိနေတော့။ သတိထားပါ အဲလိုပြောတာပေါ့လေ။ ဒါပေမဲ့ တောင်ကြီးညီလာခံက ထွက်လာတဲ့ မူကလည်း ခွဲထွက်ဖို့ ဆိုတာလည်း တစ်လုံး တစ်ပါမှ မပါခဲ့ဘူး။

    ရှမ်းလူငယ်တွေကတော့ ၁၀ နှစ်ပြည့်ပြီး ပြည့်လို့တောင်ကျော်လာနေပြီးပေါ့၊ ဘာမှလည်းမပေးဘူးဆိုတော့ ၅၉ ကလည်းကနေ ဝင်သွားတဲ့ လူလည်းရှိတယ်။ နောက်ပိုင်း ၆၁ ထွက်လာတဲ့အခါကျတော့ ခွဲထွက်ဖို့လုပ် နေတဲ့ဆိုပြီးတော့ ပိုဆိုးသွားတာပေါ့နော်။ ပိုပြီးတော့ ဝေသွားတာပေါ့လေ ပြည်တွင်း အခြေအနေက၊ ဒါက တော့ ကနဦး ကိစ္စဘဲ။ ခုဏက အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုတာကတော့ သူ(ဒေါ်အောင် ဆန်းစုကြည်)အနေနဲ့ ဘယ်လို မူထားလဲ၊ နောက်ပြီးတော့ ဘယ်လို လုပ်မလဲဆိုတာလည်း ကျွန်တော်တို့နဲ့ တစ်ခါမှ မတွေ့ခဲ့ဘူးလေ။ ကျွန်တော်တို့ အနေနဲ့ကတော့ CRPP မှာတုန်းကတော့ သူ(ဒေါ်အောင်ဆန်းစုကြည်) လည်း ဆက်ပြီး သွားလို့ရအောင် ကျွန်တော်တို့လမ်းကိုလည်း အောင်အောင်မြင်မြင်သွားရအောင်ဆိုပြီးတော့ CRPP ဖွဲ့ကြတယ်။

    CRPP ကလည်း ၉၀ ခုနှစ် အနိုင်ရ ပါတီတွေနဲ့ဖွဲ့စည်းတဲ့ အဖွဲ့အစည်းပဲလေ ဥပမာ- ရခိုင်၊ ဇိုမီး၊ မွန်၊ ရှမ်း တို့ပေါ့၊ သူ့(ဒေါ်အောင်ဆန်းစုကြည်) ကို CRPP နဲ့ ဝိုင်းရံပြီးတော့ ပံ့ပိုးခဲ့တာဘဲ ဒါတွေကိုသူပြောတာဘဲ ဒီ CRPP ကို အခုရှိသေးတယ်။ မဖျက်သေးပါဘူး။ အခု ခင်ဗျားတို့ သိချင်တဲ့ ရင်ကြားစေ့ရေးဆိုတာ ဘယ်လို နည်းနဲ့ ရင်ကြားစေ့ရေးလုပ်မှာလည်း မသိဘူး။ လွန်ခဲ့တဲ့ ၂ ရက်လောက်က ကျွန်တော်ဆီ လှမ်းမေးတော့ ကျွန်တော်က ပြောလိုက်တယ်။ သူ(ဒေါ်အောင်ဆန်းစုကြည်)ဘယ်လို လူတွေနဲ့ဖွဲ့မှာလဲ ကျွန်တော်မသိရ ဘူး။ သူတို့က လှလှပပလေးနဲ့ ဦးစီးလုပ်ပါဆိုတော့ ဘယ်သူက လုပ်မှာလဲ သူတို့ကလုပ်မှာလား။

    ရင်ကြားစေ့ရေးဆိုတဲ့ဟာကတော့ ကျွန်တော်ပုဂ္ဂိုလ်ရေး အမြင်ကတော့ (၁)အချက် ရှင်းရှင်းပြောရရင် အစိုးရပါရမယ်။ တပ်ပါရမယ်၊ အဲတော့ အစိုးရနဲ့ တပ်ကတော့ သဟဇာတဖြစ်အောင်တော့ တော်တော်လေး ကို လုပ်ယူရမယ်။ တပ်ကိုသာ သူ(ဒေါ်အောင်ဆန်းစုကြည်) ထဲထဲဝင်ဝင် မဖြစ်ဘူး နောက်ပြီးတော့ မဆွေးနွေးဘူးဆိုရင်တော့လည်း ။ ပြောတဲ့စကားတွေက မကြည်ခဲ့ရင် ဒီပြဿနာကြီးက ပိုကြာသွားအုံးမယ်။ ဒီအခွင့်အရေးကလည်း ရခဲတဲ့ အခွင့်အရေးဘဲနော်။ အခုဆိုရင် “ဝ” နဲ့ တွေ့တယ်ဆိုတာလည်း ပေါ်လာပြီး အဲတော့ အခု NCA ကလည်း ရှိပြီးဆိုတော့ NCA ထဲကို ဆွဲသွင်းထည့်လို့လည်း မရပြန်ဘူး။

    အစက ဦးသိန်းစိန်က ပလောင်ကို တာဝန်ယူမယ်။ နောက်ပြီးတော့ ကျွန်တော်ထင်တယ် ဦးသိန်းဇော်တို့က ကိုးကန့်ကို တာဝန်ယူလိမ့်မယ်။ ရခိုင်ကျတော့ သူတို့ကဘာလို့လဲဆိုတော့ ဒါက ကချင်မွေးတဲ့ ကိစ္စ ကချင် ရှင်းပစေဆိုပြီးတော့ လုပ်လိုက်တယ်။ဒါပေမဲ့ အခုဖြစ်လာပြီး တလောကဘဲ သူတို့ တွေ့ကြတယ်ထင်တယ်။ တွေ့ကြတယ်ဆိုတာ အစိုးရ သူတို့ အချင်းချင်းတွေ့ကြတာကိုပြောတာပါ သူတို့ ဒီကိစ္စတွေကို ဆွေးနွေးကြ တယ်။

    ဆိုလိုတာကတော့ သူက(ဒေါ်အောင်ဆန်းစုကြည်)တစ်လ နှစ်လ အတွင်း လုပ်မယ်ဆိုတော့ ဘယ်နည်း ဘယ်ပုံစံမျိုးနဲ့လုပ်မယ်ဆိုတာကတော့ ကျွန်တော်တို့ မသိရဘူး။ဘယ်သူတွေနဲ့ဝန်းရံပြီးတော့လုပ်မလဲ ဘယ်သူတွေ ပါမလဲဆိုတာလည်း ကျွန်တော်တို့မသိရဘူး။ အဲဒါလည်း ပြဿနာ တစ်ခုပေါ့။ အကြီးဆုံး ပြဿနာကတော့ ကျွန်တော်အထင်ပြောရရင် တပ်နဲ့ကျေကျေနပ်နပ် ဖြစ်မှရမယ်။ NCA ပါ နံပါတ် ၆ မှာ တုန်းက သဘောတူညီပြီးသား နောက် ရ ကျမှာ အကုန်လုံး ပြောင်းလဲ ကုန်တယ်ပေါ့လေ။ ပြောင်းလဲကုန် တော့ ဟိုလူတွေကလည်း (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ) ဒီအတိုင်းသာဆိုရင်တော့ မထိုးနိုင် ဘူးဆိုပြီးတော့ ပြန်သွားကြတာဘဲ၊ ၈ ဖွဲ့ဘဲ ကျွန်တော်တို့ရှေ့မှာ လက်မှတ်ထိုးကြတာ။ ဒီဟာတွေက ဆိုလိုချင်တာကတော့ ၆ မှာ တစ်မျိုးပြောပြီးတော့ ရ မှာကျတော့ လူလဲပြီးတော့ ပြန်လုပ်လိုက်တော့ ဗိုလ်ချုပ် ခင်ဇော်ဦး ဝင်တယ်။ နောက်ပြီးတော့ မြင့်စိုးလာမသိဘူး ဦးဆောင်တယ်။ အဲကျတော့ တစ်မျိုး ဖြစ်သွားတယ်။ သူတို့ လူလဲတိုင်း ဒီလိုဖြစ်နေတယ်ဆိုတော့ ဟိုဘက်ကလည်း(တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများ) မထူးတော့ပါဘူး အစိုးရသစ်လည်း လာတော့မှာဆိုတဲ့ မှျော်လင့်ချက်နဲ့ရှောင်သွားတယ်။ သူတို့ မှျော်လင့် သလိုဘဲ NLD က အာဏာ ရတယ်ဆိုပါတော့။ အာဏာရတဲ့ အခါမှာလည်း တိုင်းရင်းသား တွေ အပေါ်မှာလည်း ထိထိတွေ့တွေ့မရှိဘူး။ ရင်ကြားစေ့ရေးလို့ မေးတဲ့ အခါကျတော့ ဘယ်သူနဲ့ဘယ်သူက ရင်ကြားစေ့မှာလည်း ဒီအစိုးရနဲ့လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့စေ့မှာလား၊ ဒါမှ မဟုတ်ဘူးဆိုရင်လည်း NLD ရယ်(အစိုးရပေါ့) လွှတ်တော်ရယ် ဒါက တစ်ခုပေါ့။ တပ်ကတော့ သူက သူတို့အောက်မှာ နယ်လုံနဲ့ ပြည်ထဲရေးရှိတာကို အခုဆိုရင် တချို ့တရားသူကြီးတွေလည်း ရှိတုန်းဘဲ သူက ၇၀ ဆိုပြီးတော့ လုပ်ထားတော့ ၇၀ မပြည့်တဲ့သူက ဆက်နေခဲ့တယ်ပေါ့။ ဒါပေမဲ့ တဖြေးဖြေးတော့ ပြောင်းလာပြီ၊ ထွေအုပ်တွေက အစ ပြောင်းလာပြီးဆိုတော့ ကျွန်တော်ထင်တယ်။ constitution အရတော့ တဖြေးဖြေး သူ(ဒေါ်အောင်ဆန်းစု ကြည်)ဆွဲယူလိမ့်မယ်။

    ရင်ကြားစေ့ရေးကို ပြန်သွားမယ်ဆိုရင်တော့ သူက(ဒေါ်အောင်ဆန်းစုကြည်) ဘယ်လို ပြောမလဲ၊ သူက( ဒေါ်အောင်ဆန်းစုကြည်) လုပ်မလဲ၊ကျွန်တော်တို့အနေနဲ့ကတော့ ဖွဲ့မယ့် အဖွဲ့တွေ နောက်ပြီး ဆွေးနွေးမယ့်လူတွေက တဘက်က ဘာရချင်တယ်ဆိုတာ ဗမာပြည် တပြည်လုံးသိနေပြီ၊ ဒီ Constitution ကို ပြင်မှရမှာ Constitution ကို မပြင်ဘဲနဲ့ဘယ်လိုလုပ်မလဲ တချို့က စကားပြောရင်း ပြင်သွားမယ်။ စကားပြောရင်း ပြောရင်း ပြင်သွားတဲ့အခါကျတော့ ရမှာတဲ့လား။ နံပါတ် ၆ ဖြစ်တဲ့ ဒီအခြေခံဥပဒေကို အသက်ပေးကာကွယ်ရမယ်ဆိုတာ ပါတော့၊ အဲဒါကြီးကို ဟိုလူတွေ(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) အားလုံးကလည်း နှာခေါင်း ရှုံ့တာပေါ့ ဒါက အဓိပ္ပာယ်မရှိတာပေါ့။ ဒါကျွန်တော်တို့ နဲ့ မဆိုင်ဘူး ဒါနဲ့လာ စကားပြောမယ်ဆိုရင် လက်မခံဘူး ဆိုတာကတော့ ကြိုပြောပြီးသာဘဲ။ အဲတော့ ဒါတွေလည်း သူ(ဒေါ်အောင် ဆန်းစုကြည်)ရှင်းရမယ့် ကိစ္စတွေရှိတယ်။

    ရင်ကြားစေ့ရေး ကိစ္စကတော့ ဒီလောက်ဘဲ ထားခဲ့မယ်လေ။ တကယ်ဖြစ်ကြတဲ့အခါကျတော့မှ ရင်ကြားစေ့ တာ ဘယ်သူနဲ့စေ့မလဲ၊ ဘယ်လိုစေ့မှာလဲပေါ့။ ကျွန်တော်ကတော့ BBC ကိုပြောလိုက်တာကတော့ ဒီဟာကြီးကို အားလုံးသိတယ်၊ တိုင်းရင်းသားတွေက ဒီဟာ ရချင်တယ်။ ဒါကိုမှ ရှောင်ကွင်းပြီးမှလုပ်မယ်ဆိုလည်း မဖြစ်သေးဘူး။ တပ်ကလည်း ဒီဟာကို သူတို့မသိဘဲနဲ့လက်ခံမှာ မဟုတ်ဘူးဗျာ။ အဲတော့ သူမှာ(ဒေါ်အောင်ဆန်းစုကြည်)အုပ်ချုပ်ရေး အာဏာရှိတယ်ဆိုတာ အပြည့်အဝမရှိသေးဘူး။ သဘောက အတွင်းဝန်တို့ကလည်း ဟိုဘက်(တပ်)မှာ ရှိနေတယ်။ အခုလည်း ဦးကိုနီပြောတာဘဲ Constitution အရတော့ ဘယ်ဝန်ကြီးဘဲ ဖြစ်ဖြစ် သမ္မတ လက်အောက်မှာရှိရမယ်။ သမ္မတ ခိုင်းတာလုပ်ရမယ်ပေါ့ လုပ်ချင်လုပ် မလုပ်ရင်ထွက် ဒီ တစ်နည်းဘဲရှိတယ်ဆိုတာတော့ ပေါ်လာပြီးလေ။ သူတို့ အခု အောက်ခြေက ဝိုင်းတိုင်တာနဲ့ ကျေးရွာအဆင့်၊ ရပ်ကွက် အဆင့်ကတော့ ရွေးကောက်ပွဲ လုပ်မယ်။ သူအနေနဲ့ကတော့ သူတတ်နိုင်သမှျ ဥပဒေက ခွင့်ပြု ထားသမှျ ဥပဒေအောက်ထဲကို ဆွဲသွင်းပြီးတော့ လုပ်သွားလိမ့်မယ်လို့ ကျွန်တော် မြင်တယ်။ ဒါပေမဲ့ တစ်လ နှစ်လ အတွင်းကတော့ သူ(ဒေါ်အောင်ဆန်းစုကြည်) လူစုံ တက်စုံ ရှာနိုင်ပါ့မလား၊ ရနိုင်ပါ့မလားပေါ့လေ။ မရခဲ့လို့ရှိရင်လည်း အချိန်ကုန် လူပမ်းပြီးတော့ ရှင်းရှင်းပြောရရင် ငွေကြေးလည်း ကုန်မှာဘဲပေါ့လေ။

    အဲတော့ သူဘယ်လိုလုပ်ပြီးတော့ ဘယ်လို မူနဲ့သွားမလဲဆိုတာကတော့ ကျွန်တော်တို့ အခုထိတော့ မသိရသေးပါဘူး။ အဓိကတော့ ခုဏက ပြန်ကောက်ရရင်တော့ တပ်နဲ့တော့ ထဲထဲဝင်ဝင်ပေါင်းပြီး တော့ လုပ်ရမှာ ဟိုကလာပြီးတော့(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ) ဆွေးနွေးလို့ သဘောတူညီချက် ရသွားရင် သူက(ဒေါ်အောင်ဆန်းစုကြည်) တပ်ကို ပြန်ပြောရမှာ၊ တပ်က သဘောမတူရင် ဘာမှ မတတ်နိုင် တော့ဘူး သူလည်း(ဒေါ်အောင်ဆန်းစုကြည်)သိက္ခာမဲ့ ဖြစ်သွားမယ်လေ။ ဟိုလူတွေကလည်း(တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ) အထူးသဖြင့် “ဝ”က ပိုဆိုးတယ်။ တစ်ခါထိုးပြီးရင် လေး၊ငါး၊ဆယ်ခါ ထိုးဖို့မလိုဘူးလို့ ပြောပြီးပြီလေ။ “ဝ”ထဲလည်း အုပ်ချုပ်ရေး အာဏာမှ မသတ်ရောက်ဘဲ။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်မြဲရေး၊ အချုပ်အခြာအာဏာတည်မြဲ ရေးက ဟိုထဲ “ဝ” နယ်ထဲကို စိမ့်ဝင်မှုမှ မရှိတာ ဟိုက ( “ဝ”) ကျောင်းတွေ၊ စာတွေ၊ အားလုံးက တရုတ်လို သုံးနေရတယ်။ ပိုက်ဆံကလည်း တရုတ်ငွေဘဲ သုံးနေရတာ။

    မေး ။ ။ ယခင် အစိုးရ လက်ထက်က လက်နက်ကိုင်အဖွဲ့အစည်း အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေး နွေးပွဲမျိုးကို ပုံမဖော်နိုင်ခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ရော လုပ်နိုင်မယ် ထင်ပါသလား။

    ဖြေ ။ ။ အေးပေါ့လေ။ အဲဒါကတော့ အခု သူတို့ ပန်ဆန်း(ပန်ခမ်းမြို့)သွားပြီလို့ ကြားတယ်လေ။ဘယ် လို ဖြစ်မလဲတော့ မသိဘူး။ ဒါပေမယ့် အားလုံးကတော့ ဒေါ်စုနဲ့တော့ တွေ့လိုတဲ့ ဆန္ဒရှိတယ်။သူ(ဒေါ်အောင် ဆန်းစုကြည်) ဘာပြောမလဲပေါ့။ နဂိုလ်အတိုင်းသာ ဖြစ်နေမယ်ဆိုလို့ရှိရင် ကျွန်တော်ထင်တယ် အောင်မြင်မှု က နည်းပါးမှာပေါ့။

    ကျွန်တော် ခဏခဏပြောနေတာ သူ(ဒေါ်အောင်ဆန်းစုကြည်)ကလည်း သူအောက်မှာ တပ်က မရှိတော့ နောက် ကာလုံကလည်း သူအောက်မှာမရှိဘူး မရှိတဲ့အတွက်ကြောင့် သူမှာလည်း ထဲထဲဝင်ဝင်လုပ်နိုင်ဖို့ ဘယ်လိုပြောရမလဲ ခြေထောက်တစ်ဖက်က သံတိုင်မှာ သံကြိုးနဲ့ချည်ထားသလိုဖြစ်နေတယ်။ လွတ်လွတ် လပ်လပ် မဖြစ်နိုင်ဘူးလေနော်။ အဲတော့ ဒါလည်း သူ(ဒေါ်အောင်ဆန်းစုကြည်)စဉ်းစားရမယ်။ ဟိုလူ(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ) တွေကလည်းဒါဘဲ သိချင်မှာဘဲ တပ်က ဘာပြောမလဲ၊ သူ (ဒေါ် အောင်ဆန်းစုကြည်) ရဲ့ အရည်အချင်း ဘယ်လောက်ရှိမလဲ၊ သူဘယ်လောက် လုပ်နိုင်မလဲ အဲဒီအပေါ်မှာ မေး ကြည့်ပြီးတော့ ပြောကြလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။

    ဒါပေမဲ့ ဒီလူ (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ) တွေ ရချင်တဲ့ဟာကိုတော့ အစိုးရလည်း သိတယ်၊ ပြည်သူလည်း သိတယ်၊ ဒါပေမဲ့ တပ်က Mindset မပြောင်းဘူး အတွေးအခေါ်တွေက ဒီအတိုင်းဘဲ သွားမယ်။ သူတို့ (အစိုးရ) ကလည်း တပ်ကို ပြောမရဘူးဆိုရင် ကျွန်တော်ထင်တယ် နည်းနည်းတော့ ကြန့် ကြာမယ်။ သူ(ဒေါ်အောင်ဆန်းစုကြည် အစိုးရ) တို့က ဇွတ်လုပ်သွားမယ်ဆိုရင်လည်း တပ်က ဘယ်လို လာမလဲမသိဘူးပေါ့။ နော်ဝေး အဖွဲ့နဲ့ တွေ့တယ်လို့ပြောတယ်။ ကျွန်တော်ပြောတယ် ခင်ဗျာတို့ နော်ဝေး က အခု ခုံရုံးပေါ် ရောက်တော့မယ်နော် ဘာလို့လဲဆိုတော့ ဒီဟာကို ဖိအားပေး လုပ်လိုက်တော့ သိရီလင်္ကာ အစိုးရလည်း ဆွေးနွေးလိုက်ရတယ်။ ဆွေးနွေးပြီးတော့ တစ်ယောက်ပြီး တစ်ယောက်ကို သတ်ပစ်တာ ခေါင်းဆောင်ကို မရှိတော့ဘူး။ ဒါကို UN ကသိတော့ နော်ဝေးရယ်၊ ဒီအစိုးရကို လူမျိုးတုန်း သတ်ဖြတ်မှု နဲ့ တရားစွဲတယ်။ ဒါကို ကျွန်တော်ပြောပြတယ်။ ခင်ဗျာတို့ ဟိုမှာ လုပ်တာရရင် ရမယ် ကျွန်တော်တို့က မရဘူးနော်လို့၊ ကျွန်တော်တို့က Geopolitics ကလည်း ရှိနေတယ်။ နောက်မှာ ဘင်္ဂလားဒေ့၊ အိန္ဒိယ၊ နောက် တရုတ်ပြည်၊ လာအိုလည်း နည်းနည်းပါးပါး ဆက်တယ်။ မဲခေါင်မြစ်ဘက်ကို သွားကြည့်ရင် အောက်က ယိုးဒယား၊ အဲဒီဟာကလည်း မဲခေါင်ကနေ တက်လာတဲ့ လမ်းကြောင်းက ပိတ်လို့မှ မရဘဲ။ အောက်ကဝင်သွား ပင်လယ်ကွေ့မှာ နိုင်ငံတော် အလံကို အပြောင်းအလဲလုပ်ပြီးတော့ ပြန်လာတာဘဲ၊ ပြန်လာတဲ့ လှေတွေ က တရုတ် အလံနဲ့လာကြတယ်။ ဗမာပြည်ရောက်တော့မှ သူတို့က ဟိုဘက်ကို ဆက်သွားမယ်ဆိုမှ မိုင်းလားမှာရှိတဲ့ သင်္ဘောဆိပ်မှာချ၊ ဟိုဘက်ကို ဆက်သွားမယ်ဆိုတော့ လာအိုအလံကိုတပ်ပြီးတော့ ဆက်သွားပြန်ရော။ အဲလို အဆင်းအတက်တွေက အများကြီး ဒါကြောင့် ဘိန်းတွေ လက်နက်တွေက ရနေတယ်လေ။

    တိုက်ပွဲကလည်း ပြီးကို မပြီးနိုင်တော့ဘူး ပလောင်ဆိုရင် နှစ်နှစ်အတွင်း တက်လာတာဘဲ ဒါဘယ်လိုလို့ ရသလဲ လက်နက်တွေ၊ အခု ပလောင်က ငြိမ်သွားတယ်။ ရှမ်းနီတွေကရှိသေးတယ်။ ကချင်ဘက်က ဟာလည်း ရှိသေးတယ်။ ဆိုတော့ ကျွန်တော်ဆိုလိုတာက စားပွဲဝိုင်းမှာ တန်းတူရည်တူ မထိုင်ဘဲနဲ့ မပြောဘဲနဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းလို့မရတော့ဘူး၊ ဘယ်လိုဘဲ အင်အား သုံးသုံး မရဘူး။ ကျွန်တော်တို့ အခြေအနေက ပိုဆိုးတယ်။ အဲဒီ လမ်းကြောင်းတွေကို UNFC တစ်ဖွဲ့လုံးက ဝိုင်းထားတော့ ဒီလက်နက်တွေ ကလည်း ပိုက်ဆံရှိရင် ရှိသလို ဝယ်လိုရနေတဲ့အခါကျတော့ ဒီငြိမ်းချမ်းရေးက မူမပြောင်းရင် နောက်ပြီး ချင်းကပ်ပုံ ချင်းကပ်နည်း မပြောင်းရင် ၊ ခဏက ကျွန်တော်ပြောသလို Mindset မပြောင်းရင် ကျွန်တော် ထင် တယ်။ ဒီတော်လှန်ရေးက ကြာအုံးမယ်။ ကျွန်တော် အဲလိုဘဲ ပြောချင်တယ်ပေါ့လေ။

    မှတ်ချက်- ကျန်ရှိသောအပိုင်းကို နောက်ရက်တွင် ဆက်လက်ဖတ်ရှုပါရန်(အယ်ဒီတာ)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts