spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးအစိုးရစွန့်လွှတ်မြေယာများ ပွင့်လင်းမြင်သာရဲ့လား

    အစိုးရစွန့်လွှတ်မြေယာများ ပွင့်လင်းမြင်သာရဲ့လား

    -

    မွန်ပြည်နယ်တွင် လယ်ယာမြေနဲ့အခြားမြေများ သိမ်းဆည်းခံရမှုဖြစ်ရပ်များသည် နှစ်ရှည်လများစွာ ကတည်းက ဖြစ်ပေါ်လာခဲ့ပြီး အကြောင်းပြချက်မရှိဘဲ တပ်မတော်က မြေယာများအဓမ္မသိမ်းဆည်းခြင်း၊ ဝန်ထမ်း သက်သာချောင်းချိရေး အကြောင်းပြချက်ဖြင့် သက်ဆိုင်ရာအစိုးရဌာနများက မြေများကို သိမ်းဆည်းခြင်းစသည့် ဖြစ်ရပ်များပါဝင်ခဲ့သည်။

    မွန်ပြည်နယ်တွင် ၂၀ဝ၀-၂၀၁၃ ခုနှစ်အတွင်း သံဖြူဇရပ်မြို့နယ်မှ ရေးမြို့နယ်တစ်လျှောက်ရှိ ပြည်ထောင်စု အဝေးပြေးမော်တော်ကားလမ်းကြီးဘေးတွင် တပ်မတော် တပ်ရင်းများက သိမ်းပိုက်လိုက်သည့် မြေဧကပေါင်း (၈၀ဝ၀) ခန့်ရှိခဲ့သည်ဟု ၂၀၁၃ ခုနှစ်အတွင်း ထုတ်ဝေသည့် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၏ အစီအရင်ခံစာတစ်ရပ်က ဖော်ပြပါရှိသည်။

    ထို့အပြင် ရေးမြို့နယ်တွင် အိမ်ခြေ ၆၃၀ ကျော်၊ လူဦးရေ ၄၀ဝ၀ ကျော်နေထိုင်လျှက်ရှိသည့် ကုလားကုတ်ကျွှန်းတစ်ကျွန်းလုံးရှိ မြေ ၃၅၂၅ ဧကကိုလည်း မောရဝတီရေတပ်စခန်း တပ်ပိုင်မြေအဖြစ် ၂၀ဝ၁ ခုနှစ်တွင် လှို့ဝှက်သိမ်းယူခဲ့ သည့်ဖြစ်ရပ်များလည်းရှိခဲ့သည်။

    တပ်သိမ်းမြေမှတ်တိုင်(Internet)
    တပ်သိမ်းမြေမှတ်တိုင်(Internet)

    လက်ရှိအချိန်တွင် တပ်နေရာချထားခြင်းမရှိသေးပဲ မူလနေထိုင်သူများကိုသာ ဆက်လက်လုပ်ကိုင် နေထိုင်စေ လျက် အနာဂတ်ကာလတွင် လိုအပ်ပါက အသုံးပြုနိုင်ရန် ရည်စူးထားပြီး ထိုကျွှန်းမြေများကို ပြန်လည်စွန့်လွှတ် ရန် အစီအစဉ်မရှိဟု ပထမအကြိမ်လွှတ်တော်သက်တမ်းအစည်းအဝေးတစ်ရပ်အတွင်း ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ဖော်ပြောကြားထားပြီးဖြစ်သည်။

    အဆိုပါ သိမ်းဆည်းခံမြေယာများကို ပြန်ကြည့်ပါလျင် စပါးစိုက်ပျိုးမြေများ အပါအဝင် ရော်ဘာခြံနှင့် အခြား သစ်သီးဝလံ စိုက်ပျိုးရေးခြံအများအပြား ပါဝင်နေသည်ကို တွေ့ရှိရသည်။ မြေသိမ်းဆည်းခံ ပြည်သူများအနေ ဖြင့် မိမိတို့လုပ်ကိုင်စားသောက်ရမည့် ခြံမြေများ ဆုံးရှုံးခဲ့မှုကြောင့် အလုပ်လက်မဲ့ဖြစ်ကာ ဘဝရပ်တည်ရေး အတွက် အခက်အခဲများစွာ ကြုံတွေ့နေရသည်။

    မြန်မာနိုင်ငံ မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီအနေဖြင့် မြေယာကိစ္စနှင့်ပတ်သက်၍ ၁၉၈၈ ခုနှစ် နောက်ပိုင်းက ဖြစ်ပျက်ခဲ့တဲ့အမှုကိစ္စများကိုသာ ကိုင်တွယ်ဖြေရှင်းပေးမည်ဟု ထုတ်ပြန်ခဲ့သည်။

    ပွင့်လင်းမြင်သာစွာ ပြန်လည်စွန့်လွှတ်ခဲ့လား

    ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်း ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှ “လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်” ကို ဖွဲ့စည်းလိုက်ပြီး နောက်ပိုင်း စွန့်လွှတ်မြေများ ပြန်လည်ပေးအပ်ခဲ့ရာတွင် အမျာဆုံးက တပ်သိမ်းမြေဖြစ်သည့်အပြင် စက်မှု၊ ထွေ အုပ်ဌာနစသည်တို့က အစဉ်အလိုက်ပါဝင်နေသည်ကို တွေ့ရှိရသည်။

    မွန်ပြည်နယ် ၁၀ မြို့နယ်တွင် တပ်မတော်အပါအဝင် သက်ဆိုင်ရာဌာနအသီးသီးက သိမ်းဆည်းပြီး ပြန်လည်စွန့် လွှတ်ပေးထားသည့် မြေယာ ဧက ၁၆၀ဝ၀ ကျော်ရှိကြောင်း ပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    စွန့်လွှတ်မြေယာအမျိုးအစားများတွင် မြေလွတ်မြေရိုင်း၊ စားကျက်မြေ၊ လယ်ယာမြေ၊ အင်းမြေနှင့် သီးစားချခြံ မြေများပါဝင်ပြီး မူလမြေရှင်များ တင်ပြတိုင်ကြားစာကြောင့်လည်းကောင်း၊ တပ်မတော် အပါအဝင် အရင်အစိုး ရက သက်ဆိုင်ရာဌာနတွေ အသုံးမလိုမှုကြောင့်လည်းကောင်း၊ စက်မှုဝန်ကြီးဌာန အမှတ် (၂)၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှ သီးခြားစွန့်လွှတ်ပေးမှုကြောင့်လည်းကောင်း ယင်းမြေယာများကို ပြန်လည်စွန့်လွှတ် ပေးခြင်းဖြစ်ဟု သိရသည်။

    မြို့နယ်အလိုက် စွန့်လွှတ်ပြီးသာမြေစာရင်းက ကျိုက်ထိုတွင် ၁၁၂၈၈ ဧက၊ ဘီလင်းတွင် ၃၄၇.၅ ဧက၊ သထုံ တွင် ၁၃၃၃.၄၀၅ ဧက၊ ပေါင်တွင် ၂၁၇.၇၇ ဧက၊ မော်လမြိုင်တွင် ၆၆၄.၇၀၃ ဧက၊ ချောင်းဆုံတွင် ၄၇.၇၃ ဧက၊ ကျိုက်မရောတွင် ၁၃၆၄ ဧက၊ မုဒုံတွင် ၁၈၇ ဧက၊ သံဖြူဇရပ်တွင် ၅၁.၆၆ ဧက နှင့်ရေးတွင် ၁၀၂၄.၈၉ ဧက စုစုပေါင်း ၁၆၅၂၆.၆၅၈ ဧကရှိကြောင်း သိရသည်။

    အဆိုပါ စွန့်လွှတ်မြေစာရင်းအရ တပ်သိမ်းဆည်းမြေများအများဆုံး၊ စက်မှုဝန်ကြီးဌာန ဒုတိယလိုက်ပြီး နောက်တဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က အထက်ဖော်ပြပါ စွန့်လွှတ်မြေယာစာရင်းများကို သက်ဆိုင်ရာမြို့နယ်မြေစာရင်းဌာနများသို့ ပေးပို့ထားသည်ဟု ဆိုသည်။

    “သူတို့က ဘယ်အမှု၊ ဘယ်အမှုတင်ပြထားတာ ရှိတယ်ဆိုတာ မြို့နယ်မြေစာရင်းတွေမှာ အဓိကခေါ်ပြီးတော့ ဆွေးနွေးတယ်။ ဖြစ်သင့်၊ မဖြစ်သင့်ဘူးဆိုတာကို မြို့နယ်မြေစာရင်းမှာ သတင်းထုတ်ပြန်တယ်၊ ပြန်ရသင့်၊ မသင့် ဆိုတာကိုလည်း အကုန်းလုံးရှင်းပြတယ်” ပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

    မွန်ပြည်နယ်က အစိုးရပြန်လည်စွန့်လွှတ်ပြီးသား မြေယာ ၁၆၅၂၆.၆၅၈ ဧကရှိသည့်အနက် လက်ရှိအချိန်အထိ လာရောက် လျှောက်ထားခြင်းမပြုသေးသည့် ဧက ၁၃၀ဝ၀ ကျော်ကို သက်ဆိုင်ရာဌာနတို့တွင် ထိန်းသိမ်းပေးထားလျှက် ရှိကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။

    ထို့ကြောင့် မြေယာသိမ်းဆည်းခံရသည့် မြေယာပိုင်ရှင်များအနေဖြင့် မိမိတို့မြေယာများ တည်ရှိသည့် သက်ဆိုင် ရာမြို့နယ်အလိုက် မြေစာရင်းရုံးများတွင် သွားရောက်စုံစမ်းမေးမြန်ပြီး မိမိတို့မြေယာများပါဝင်နေပါက ကျေးရွာအဆင့် လယ်ယာမြေကော်မတီ၊ ရပ်မိရပ်ဖထောက်ခံချက် သို့မဟုတ် ပြေစာအထောက်အထားတို့ဖြင့် ပြန်လည်လျှောက်ယူနိုင်ကြောင်း သိရသည်။

    အဆိုပါ စွန့်လွှတ်မြေနဲ့ပတ်သက်ပြီး အမည်မဖော်လိုသည့် အစိုးရဝန်ထမ်းတစ်ဦးက “သတင်းကြားတယ်လို့ဆိုရင်တော့ စီးပွားရေးသမားတွေ၊ မဆိုင်တဲ့လူတွေ ဝင်လာမှာကို ကြောက်တယ်။ ဒါကြောင့် ထိန်းနေရတယ်။ စီးပွား သမားဆိုတာကလည်း ဒီလိုမျိုးကို စောင့်ကြည့်နေတာပါ” ဟု ဆိုသည်။

    ၂၀ဝ၃ ခုနှစ်အတွင်း ရေးမြို့နယ်ရှိ အမြှောက်တပ် (၃၁၆) က ခြံမြေ ၈ ဨကခန့် သိမ်းဆည်းခြင်းခံရသူ ဦးစံသိန်းက “သိမ်းဆည်းမြေများ ပြန်စွန့်ပေးနေတဲ့သတင်းကို ကျွန်တော်တို့ကြားတာနဲ့ မြို့နယ် မြေစာရင်းရုံးမှာ သွားစုံစမ်းလိုက်တော့ စွန့်လွှတ်မြေနဲ့ပတ်သက်ပြီး သူတို့ဌာနကို ဘာစာရင်းမှ မရောက်သေး ဘူးလို့ ပြန်ပြောလိုက်တယ်” ဟု ဆိုသည်။

    ရေးမြို့နယ် လမိုင်မြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှုးတစ်ဦးကလည်း “အဲဒီစွန့်လွှတ်ထားတဲ့မြေယာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာသတင်းမှာ မကြားမိသေးဘူး” ဟု ပြောသည်။

    နိုင်ငံတော်အနေဖြင့် ပြန်လည်စွန့်လွှတ်မြေများကို လွှဲပြောင်းပေးအပ်ရာတွင် မြေလက်ခံရယူသူများသို့ မြေပိုင် ဆိုင်မှု အထောက်အထားများနှင့်တကွ ခိုင်ခိုင်မာမာလွှဲပြောင်းပေးအပ်နိုင်ရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း မတ်လ ၁၇ ရက်နေ့ မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီမှ သတင်း ထုတ် ပြန်ထားသည်။

    သို့ရာတွင် အဆိုပါစွန့်လွှတ်မြေယာများ ပြန်လည်ပေးအပ်သည့်နေရာတွင် မည်သည့်လုပ်ထုံးလုပ်နည်းမျိုးဖြင့် ပြန်လည်ပေးအပ်မည်ကို သက်ဆိုင်ရာမြို့နယ်အဆင့်ရှိ မြေစာရင်းရုံးများတွင် တိကျသေချာသည့် စာရင်းဇယားများ ဖေါ်ပြ၍ သိသာထင်ရှားစွာ ကြေညာချက်ထုတ်ပြန် အသိပေးပေးရမည့်အပြင် မူလပိုင်ရှင်များထံ အကြောင်းအကြားစာပေးပို့နိုင်ပါက ပိုပြီးသဘာဝကျသည်ဟု မွန်ပြည်လူခွင့်အရေး ဖောင်ဒေးရှင်းမှ မင်းစဝေါမွန်က ထောက်ပြသည်။
    မင်းစဝေါမွန်က “ယခုအချိန်ထိ မြေသိမ်းဆည်းခံရတွေကို ဆက်သွယ်မိသလောက်တော့ သူတို့မြေယာတွေ ပြန် ပေးတာ၊ အကြောင်းကြားတာ မရှိသေးဘူး၊ နောက်ပြီး ပြန်လည်စွန့်လွှတ်တဲ့မြေတွေက တကယ်ပဲ သိမ်းထား တဲ့မြေတွေလား၊ မြေလွတ်မြေရိုင်းအသစ်တွေ လားတော့ သဲသဲကွဲကွဲ မသိနိုင်သေးဘူး၊ ခက်နေတာတစ်ခုက တော့ သက်ဆိုင်ရာဌာနဆီမှာသတင်းအချက် အလက်ရယူနိုင်ဖို့ ခက်ခဲနေတုန်းပါ” ဆက်ပြောသည်။

    စွန့်လွှတ်မြေယာများကို တကယ့်မူလပိုင်ရှင်မဟုတ်ပဲ တစ်ခြားသူတစ်ဦးဦးက လက်ဝါးကြီးအုပ် ရယူသွားပါက ကောင်းကျိုးထက် ပြဿနာထပ်ပွားနိုင်ကြောင်း၊ စွန့်လွှတ်ထားမြေများ စာရင်းနှင့်တကွ မြေပုံအညွှန်းအတိကျဖြင့် သက်ဆိုင်ရာဒေသခံပြည်သူများကို ချပြသင့်ကြောင်းလည်း ၄င်းက ဆက်ပြောသည်။

    အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော နိုင်ငံပိုင်သတင်းစာ Global New Light of Myanmar ၏ ဧပြီလ ၂၇ ရက် နေ့ထုတ် ဖော်ပြချက်တွင် မြန်မာနိုင်ငံတလွှား၌ သိမ်းဆည်းခံရသည့် မြေယာဧကပေါင်း နှစ်သိန်း(၂၀ဝ,ဝ၀ဝ) ကျော်ခန့် ရှိကြောင်း ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီ ပြောကြား ချက်ပါရှိခဲ့သည်။

    လက်ရှိအစိုးရသစ်အနေဖြင့် မြေသိမ်းယာသိမ်းကိစ္စကို တိတိကျကျ ကိုင်တွယ်ဖြေရှင်းပေးရန် လိုအပ်သည့် အပြင် မြေယာနှင့်သက်ဆိုင်သည့် လက်ရှိနည်းဥပဒေ၊ ဥပဒေ၊ မူဝါဒများသည် ပြည်သူလူထု၏ မြေယာပိုင်ဆိုင်မှုကိစ္စတွေကို အခက်အခဲများစွာ ဖြစ်စေသဖြင့် ပြောင်းလဲနိုင်ရန်ကြိုးပမ်းလုပ်ဆောင်သင့်ကြောင်း မြေယာအရေးလှုပ်ရှားသူများက တိုက်တွန်းနေကြသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts