spot_img
Wednesday, April 24, 2024
More
    spot_img
    Homeဆောင်းပါးမွန်ဝန်ကြီးချုပ် မီဒီယာကို ရှောင်ပြေးနေသလား

    မွန်ဝန်ကြီးချုပ် မီဒီယာကို ရှောင်ပြေးနေသလား

    -

    နိုင်ငံတော် သမ္မတဦးထင်ကျော် ပြီးခဲ့တဲ့ဧပြီလ ၅ ရက်နေ့က မွန်ပြည်နယ်ဝန်ကြီးတွေကို ခန့်အပ်ပေးခဲ့ပြီး ၃ ပတ်ခန့်အကြာမှာပဲ မွန်ပြည်နယ်ဝန်ကြီးချုပ်ထံကနေ မီဒီယာတွေနဲ့ တစ်လတစ်ကြိမ်ပဲတွေ့တော့မယ်ဆိုတဲ့ အသံ ထွက်ပေါ်လာပါတယ်။ ဒီအသံက မီဒီယာတွေကို မျက်နှာချင်းဆိုင်မတွေ့လိုဘူးလို့ ကောက်ချက်ချရမှာပါ။ မွန်ပြည်နယ်အစိုးရသက်တမ်း တစ်လပင်မပြည့်ခင် ဘာကြောင့် ဒီအသံတွေ ထွက်ပေါ်လာရသလဲဆိုတာကို မော်လမြိုင်အခြေစိုက် မိတ်ဆွေသတင်းသမားတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

    “ပြည်နယ်၀န်ကြီးချုပ်အနေနဲ့သတင်းသမားတစ်ဦးချင်းစီကို တွေ့ဆုံဖို့က အချိန် အခက်အခဲတွေ ရှိနေတယ်။ သတင်းသမား သိချင်တာတွေကို တစ်လတစ်ကြိမ် တွေ့ဆုံပြီး ပြောကြားသွားမယ်။ သတင်းသမားတွေနဲ့ တွေ့ဆုံတဲ့ နေ့ရောက်ရင် သက်ဆိုင်ရာ ပြည်နယ်၀န်ကြီးတွေကိုပါ ခေါ်ဖို့ စီစဉ်ပေးမယ်“လို့ မွန်ပြည်နယ် ၀န်ကြီး ချုပ် ဦးမင်းမင်းဦး ပြောတဲ့အကြောင်း မော်လမြိုင်အခြေစိုက် သံလွင်တိုင်းမ်ဂျာနယ် အယ်ဒီတာချုပ် ကိုကိုဇော်က ဆိုပါတယ်။

    မွန်ပြည်နယ်ဝန်ကြီးချုပ် VOA အင်တာဗျူး(VOA)
    မွန်ပြည်နယ်ဝန်ကြီးချုပ် VOA အင်တာဗျူး(VOA)

    မွန်ပြည်နယ်၀န်ကြီးချုပ်အနေနဲ့ ၀န်ကြီးချုပ်တာ၀န်အပြင် ပြည်သူနဲ့ တိုက်ရိုက်ထိစပ်နေတဲ့ဆောက်လုပ်ရေး၊ စည်ပင်သာယာရေး၀န်ကြီးဌာနပါ ပူးတွဲတာ၀န်ယူထားတဲ့အတွက် တစ်လမှတစ်ကြိမ်ပဲ သတင်းမေးမြန်းရတဲ့ကိစ္စဟာ အဆင်မပြေဘူးလို့လည်း သံလွင်တိုင်းမ်ဂျာနယ် အယ်ဒီတာချုပ်က သုံးသပ်ပါတယ်။

    “ဦးအုန်းမြင့် ဝန်ကြီးချုပ်လက်ထက်ကဆိုရင် သူကိုယ်တိုင်တော့ အင်တာဗျူးသိပ်မပေးပါဘူး၊ ဒါပေမယ့် သူ့အစိုးရဝန်ကြီးအဖွဲ့တွေက အလျဉ်းသင့်သလို သတင်းမီဒီယာတွေနဲ့ပြောပေးတာ အဆင်ပြေပါတယ်၊ ခုဝန်ကြီးတွေကတော့ သတင်းမီဒီယာသမားတွေကို ပတ်ပြေးနေသလိုပဲ၊ လျှပ်စစ်ဝန်ကြီး မင်းထင်အောင်ဟန်နဲ့ သဘာဝ ဝန်းကျင် ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း တို့ပဲ မီဒီယာနဲ့ ပြောဆိုဘူးတာ ရှိခဲ့တယ်” လို့ သူက ဆက်ပြောပါတယ်။

    မွန်ပြည်နယ် သတင်းစာဆရာများအသင်း ဥက္ကဌ ဦးသိန်းလှိုင်ကလည်း အစိုးရဌာနဆိုင်ရာများနဲ့ ဒေသအခြေစိုက်သတင်းမီဒီယာတွေရဲ့ ဆက်ဆံရေးအပိုင်းမှာ တဖက်နဲ့တဖက် လိုအပ်တာတွေကို ဖြည့်ဆည်းပေးကြဖို့၊ နောက်တစ်ချက်က အစိုးရဌာနဆိုင်ရာတွေဆီက သတင်းရယူမှုအပိုင်းတွေမှာ အချိန်နဲ့တပြေးညီဖြစ်စေဖို့ သတင်းစာဆရာအသင်းအနေနဲ့ အစိုးရကို ပြောဆိုဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။

    သူက “လွန်ခဲ့တဲ့ ၅ နှစ်သက်တမ်းမှာ ကျနော့်တို့သတင်းသမားတွေအနေနဲ့ လွှတ်တော်ရယ် အစိုးရအဖွဲ့ရယ် စစခြင်းတစ်ကြိမ်ပဲတွေ့ဆုံဖြစ်ပါတယ်၊ နောက်ပိုင်း ကျနော်တို့သတင်းသမားတွေနဲ့တွေ့ဖို့ ဆက်လက်တောင်းဆိုပေမယ့် အဲဒီပထမတစ်ကြိမ်နဲ့ပဲ အစိုးရသက်တမ်း ၅ နှစ်ပြည့်သွားတယ်၊ အခုအစိုးရသစ်ကျတော့လည်း လက်ရှိဝန်ကြီးချုပ် လွှတ်တော်က စပြီးဆင်းလာတဲ့နေ့မှာပဲ ကျနော်အနားကပ်ပြီး အဲဒီလိုသတင်းသမားတွေနဲ့ တွေ့ဆုံဖို့ပြောလိုက်တယ်၊ သူကတော့ အစဉ်အလာကောင်းတယ်ဆိုရင်တော့ ဆက်လုပ်သွားဖို့ပြောတယ်” လို့ ဆိုပါတယ်။

    ပြီးတော့ ဦးသိန်းလှိုင်အနေနဲ့ အစိုးရရုံးကို သွားတဲ့အခါတိုင်း လူငယ်သတင်းသမားတွေ ဝန်ကြီးချုပ်ဆီက သတင်းရယူဖို့ကြိုးစားလှုပ်ရှားနေကြတာကို အကြိမ်ကြိမ်တွေ့ဆုံခဲ့တယ်လို့လည်း ဆက်ပြောပါတယ်။

    သံလွင်တိုင်းအယ်ဒီတာ မင်းမင်းနွယ်က “တက်ကြွလွန်း၍ အလွန်အလုပ်ကြိုးစားသော မော်လမြိုင်အခြေစိုက် သတင်းဌာနတစ်ခုမှ မွန်၀န်ကြီးချုပ် ခေါင်းမူးနောက်ချာချာလည်သွားသည်အထိ တစ်နေ့ကိုအကြိမ်ပေါင်းများစွာ အယောက်ပေါင်းများစွာ သတင်းယူရင်းသင်ယူ သင်ယူရင်းသတင်းယူ ထုံးနှစ်လုံးမူ၍လားတော့မသိ အားကြိုးမာန်တက် သွားသွားမေးမြန်းလွန်း၍ မွန်၀န်ကြီးချုပ်မှ သတင်းယူခွင့် တစ်လတစ်ကြိမ် မဆင်မခြင် ကန့်သတ်သွားရသည်အထိ မွန်ပြည်နယ်တွင်ဖြစ်ပွားသွားရသည့်အတွက် သတင်းသမားများက မွန်၀န်ကြီးချုပ်အား ဝိုင်း၀န်းထိုးနှက်နေကြကြောင်း” သူရဲ့ Facebook စာမျက်နှာမှာ သုံးသပ်ထားတာ ဘတ်ရှုမိပါတယ်။

    “ဘာကြောင့် ဝန်ကြီးချုပ်က ဒီလိုပြောလိုက်တာလဲ ဆိုတော့ လူငယ် သတင်းထောက် ၄-၅ ယောက်က မနက်မနက်တိုင်း ဝန်ကြီးချုပ်ဆီကို လာလာပြီးသတင်းမေးနေတယ်၊ အစိုးရဖွဲ့စည်းပြီးတဲ့ နောက်ရက်ပိုင်းတွေမှာ သင်္ကြန်ရုံးပိတ်ရက်တွေကများ၊ ခုမှရုံးတက်ကြတာ ရက်ပိုင်းပဲရှိသေးတယ်၊ အစိုးရအဖွဲ့အနေနဲ့ လုပ်ငန်းအကောင်အထည်ဖော်နေတာလည်း သိပ်မရှိသေးတော့ သတင်းသမားတွေကို ပြောစရာလည်း သိပ်ရှိဟန်မပေါ်သေးဘူး၊ အဲဒါကြောင့် တစ်လတစ်ခါပဲ လာတော့ဆိုပြီး ပြောလိုက်တာလည်း ဖြစ်နိုင်တယ်” လို့ ကိုကိုဇော် ယူဆတာပါ။

    အစိုးရရုံးအသစ်ဖွင့်စဖြစ်တာမို့ ဝန်ကြီးတွေနဲ့ မျက်နှာစိမ်းနေသေးတဲ့ခုလိုကာလမျိုးမှာ သတင်းသမားတွေ ခဏတစ်ဖွဲ့ ခဏတစ်ဖွဲ့ လာရောက်မေးမြန်းဖို့ မသင့်တော်သေးဘူးလို့ ပြောလိုပါတယ်။ တစ်ဦးနဲ့တစ်ဦး ရင်းနှီးမှုကို အရင်တည်ဆောက်ကြပါ၊ အဲဒီကနေ သတင်းသမားတွေအပေါ် ယုံကြည်မှုရှိအောင် ဆက်လက်ကြိုးပမ်းသွားဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။

    အလားတူ ဒီရက်ပိုင်းအတွင်း ဧရာ၀တီတိုင်းဒေသကြီး အုပ်ချုပ်ရေးအဖွဲ့က သတင်းမီဒီယာတွေ လွတ်လပ်စွာ သတင်းရယူခွင့်နဲ့ ပတ်သက်ပြီး ကန့်သတ်တားဆီးတာတွေ ရှိခဲ့ပါတယ်။ ဧပြီလ ၂ရ ရက်နေ့ မနက်ပိုင်းက ဧရာ၀တီတိုင်းဒေသကြီး ၀န်ကြီးချုပ်အပါအ၀င် တိုင်းဒေသကြီး အစိုးရအဖွဲ့၀င်တွေနဲ့ တိုင်းဒေသကြီး ဌာနဆိုင်ရာ အကြီးအကဲတွေ တွေ့ဆုံကြရာမှာ သတင်းမီဒီယာတွေကို ၀င်ရောက် သတင်းယူခွင့် မပေးလို့ ဒေသအခြေစိုက် သတင်းမီဒီယာသမားတွေ ကန့်ကွက်ခဲ့ပါတယ်။

    တဖက်မှာလည်း ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်တဲ့ လွှတ်တော်အစည်းအဝေးတွေ စတင်ချိန်မှာ သတင်းမီဒီယာတွေအပေါ် စည်းမျဉ်းတွေထုတ်ပြီး တင်းတင်းကြပ်ကြပ် လုပ်ခဲ့တာရှိပါတယ်။ ယခင်လွှတ်တော် စည်းကမ်းသတ်မှတ်ချက်များထက် ပိုမိုတင်းကြပ်လာတယ်လို့လည်း လွှတ်တော်သတင်းရယူနေသူများက ပြောပါတယ်။ သတင်းထောက်တွေ အလုပ်လုပ်လို့မရအောင် ကန့်သတ်ချက်လိုဖြစ်နေတယ်လို့လည်း ဆိုကြပါတယ်။ ဒီမိုကရေစီအစိုးရ လက်ထက်ဆိုပြီး သတင်းလွတ်လပ်ခွင့်ကို မျှော်လင့်ခဲ့ကြပေမယ့် လက်ရှိကြုံတွေ့နေရတဲ့ လွှတ်တော်အတွင်း သတင်းရယူတဲ့အခြေအနေတွေက ယခင်လွှတ်တော်သက်တမ်း ထိန်းချုပ်ကန့်သတ်မှုထက်တောင် ပိုဆိုးလာတယ်လို့လည်း သတင်းမီဒီယာတွေက ဝေဖန်ထောက်ပြနေတာပါ။

    သို့သော်လည်း လက်ရှိ ဒုတိယသက်တမ်း မွန်ပြည်နယ်လွှတ်တော်တွင်း သတင်းရယူခွင့်က လွတ်လပ်မှုရှိတယ်လို့ မွန်ပြည်နယ်အခြေစိုက် သတင်းထောက်တွေက ပြောပါတယ်။ သတင်းထောက်တွေအနေနဲ့ အဝတ်အစားသပ်ယပ်ဖို့၊ အစည်းအဝေးကျင်းပနေချိန် မလိုအပ်ဘဲ ဝင်ထွက်သွားလာမှုတွေမပြုလုပ်ဖို့၊ အနှောက်အယှက်ဖြစ်စေတဲ့ ဖုန်းတွေအသံပိတ်ထားဖို့ စတဲ့ လိုအပ်တဲ့စည်းကမ်းချက် အနည်းငယ်လောက်ပဲ သတင်းထောက်တွေကို အသိပေးပြောကြားထားတယ်လို့ ဆိုကြပါတယ်။

    ဒီမိုကရေစီစနစ်ဆိုတာ လွှတ်တော်(ဥပဒေပြုရေး)၊ အစိုးရ(အုပ်ချုပ်ရေး)၊ တရားစီရင်ရေး မဏ္ဍိုင် ၃ ရပ်အပြင် သတင်းမီဒီယာဟာ စတုတ္ထမဏ္ဍိုင်ဖြစ်တာကိုတော့ အသိအမှတ်ပြုရပါမယ်။ ပြည်သူက ရွေးချယ်ထားတဲ့ လွှတ်တော်အမတ်တွေ၊ အစိုးရဝန်ကြီးတွေဟာ မိမိတို့တာဝန်ကို မိမိတို့ထမ်းဆောင်နေကြတယ်ဆိုပေမယ့် ပြည်သူတွေကို ပွင့်လင်းမြင်သာမှုရှိစွာ အချိန်နဲ့တပြေးညီ သတင်းတွေပြန်ကြားပေးဖို့ တာဝန်ရှိနေတာကို သတိမမေ့သင့်ပါ။

    ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေမှာ အများအားဖြင့် သမ္မတ၊ ဝန်ကြီးချုပ်တို့ ရုံးတက်ရုံးဆင်းချိန်တွေ သတင်းမီဒီယာတွေနဲ့ ဆုံတွေ့ရပါတယ်၊ သတင်းထောက်တွေ မရှင်းလင်းတဲ့အချက်၊ မေးမြန်းချက်တွေကို ဖြေကြားဖို့ တာဝန်ရှိပါတယ်။ ကိုယ်တိုင်မဖြေကြားနိုင်ဘူးဆိုရင်လည်း တာဝန်ပေးအပ်ထားတဲ့ ပြောရေးဆိုခွင့်ရှိသူကို ကိုယ်စားပြောဆိုဖြေကြားစေပါတယ်။ တဖက်မှာလည်း အစိုးရအနေနဲ့ ပြည်သူလူထုကို အသိပေးလိုရင် မီဒီယာကနေတဆင့် အသိပေးနိုင်ပါတယ်။ ပြည်သူ့ဆန္ဒမဲနဲ့ လွှတ်တော်ထဲ၊ အစိုးရအဖွဲ့ထဲ ရောက်ရှိနေတဲ့ ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်ချက်တွေကို သတင်းမီဒီယာတွေက ကျင့်ဝတ်နဲ့အညီ စောင့်ကြည့်သတင်းရေးသားဖို့ တာဝန်ရှိသလို ကျင့်ဝတ်နဲ့မကိုက်ညီတဲ့ သတင်းမီဒီယာတွေကိုလည်း အရေးယူဆောင်ရွက်နိုင်ဖို့ ဥပဒေများပြဌာန်းထားပြီဖြစ်ပါတယ်။

    မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့လည်း မိမိတို့ဆန္ဒမဲပေးလိုက်ကြတဲ့ ကိုယ်စားလှယ်များရဲ့ လုပ်ဆောင်မှုတွေကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ မြင်တွေ့လိုပါတယ်။ ဒီမိုကရေစီ ဆိုတဲ့နေရာမှာ နိုင်ငံရေးသမားတွေ မီဒီယာနဲ့ကင်းကွာလို့တော့ မရသလို အဝေဖန်မခံနိုင်ရင်လည်း နိုင်ငံရေးသမားမလုပ်ပါနဲ့လို့ ပြောလိုပါတယ်။

    ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဝန်ကြီးချုပ်တစ်ဦးအနေနဲ့ သတင်းမီဒီယာတွေနဲ့ ခပ်လှမ်းလှမ်းကနေ ဆက်ဆံသွားမယ့်ကိစ္စကိုတော့ မွန်ပြည်နယ်က သတင်းမီဒီယာသမားတွေ သိပ်တော့ဘဝင်မကျလှပါဘူး။ ဒါကြောင့် သတင်းမီဒီယာသမားတွေကိုယ်စား လောလောဆယ် ဝန်ကြီးချုပ်ကို တိုက်တွန်းလိုတာ ၃ ချက်ပါပဲ။
    -မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ရက် ၁၀၀ စီမံကိန်းနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးပါ။
    -ဝန်ကြီးချုပ် ပြောရေးဆိုခွင့်ရှိသူ(ဝါ) မွန်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ ထားပေးပါ။
    -မီဒီယာသမားတွေနဲ့ အလျဉ်းသင့်သလို ပြောဆိုဆက်ဆံပါ။

    ကျေးဇူးတင်ပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,700SubscribersSubscribe
    spot_img

    Latest posts