spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ရွေးချယ်မယ်ဆိုလျင်

    ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ရွေးချယ်မယ်ဆိုလျင်

    -

    သမ္မတဦးထင်ကျော် ဦးဆောင်သော အစိုးရသစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည့် ဧပြီလ (၁) ရက်နေ့တွင် သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနက အသစ်ရွေးချယ်ခံထားရသော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို တာဝန်ထမ်းဆောင်ရန် ခန့်အပ်လွှာများကို ပေးအပ်ပေးခဲ့ပြီး ဖြစ်သည်။

    ယခုအခါ တာဝန်များနှင့်ခန့်အပ်ခံထားရသော အဆိုပါ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများသည် ၎င်းတို့၏လုပ်ငန်းတာဝန်များကို စတင်ထမ်း ဆောင်နေပြီး (၃) ပတ်အကြာတွင် နိုင်ငံတော်သမ္မတရုံးက ခေတ္တညွှန်ကြားရေးမှူးချုပ် ဦး၀င်းကျော်အောင် လက်မှတ်ရေးထိုးပြီး ပြည်ထဲရေး၀န်ကြီးဌာနထံ ဧပြီလ (၂၂) ရက်စွဲဖြင့်(လှျုိ့ဝှက်အဆင့်အတန်း) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ပြန်လည်ရွေး ချယ်ခန့်အပ်ရန် စာပေးပို့ထားသည့်သတင်း အင်တာနက်မှတဆင့်ပြန့်နံှ့လာသည်။

    (၂၀၁၆) ခုနှစ် ဇန်နဝါရီ (၂၀) ရက်နေ့တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ” ပါ “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ရာထူး သက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ဖြစ်သည်” ဟု ပြဋ္ဌာန်းချက်အတိုင်း “ယင်းဥပဒေပြဋ္ဌာန်းချက်နဲ့အညီ အများပြည်သူ ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိတဲ့ ပုဂ္ဂိုလ်များကိုသာ ဥပဒေ၊ နည်းဥပဒေတွေနှင့်အညီ ပြန်လည်ရွေးချယ်ခန့်အပ် တာ၀န်ပေးရန် အကြောင်းကြားအပ်ပါသည်” ဟု ၎င်း ညွှန်ကြားချက်တွင် ရေးသားထားသည်။

    ညွှန်ကြားစာ(copy)
    ညွှန်ကြားစာ(copy)

    အုပ်ချုပ်ရေးမှူးများကို ပြန်လည်ရွေးချယ်ရန် ညွှန်ကြားခဲ့သောစာသည် လှျုိ့ဝှက်ချက်ပေါက်ကြားခဲ့ခြင်းဖြစ်ကြောင်း နှင့် ၎င်းစာသည် အော်ရီဂျင်နယ်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို ဆက်သွယ်မေးမြန်းချက်များအရ ဒီဗွီဘီနှင့် ဗွီအိုအေသတင်းဌာနများက ဖော်ပြခဲ့ကြသည်။

    နိုင်ငံတော်သမ္မတရုံး၏ အထက်ပါလှျုိ့ဝှက်အဆင့် အကြောင်းကြားစာကို သမ္မတဦးစီးရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ရုံးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) တို့ကို မိတ္တူပေးပို့ခဲ့ကြောင်း အဆိုပါလှုိ့ဝှက်ပေါက်ကြားစာတွင် ဖော်ပြထားသည်။

    ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်က
    “ကျွန်တော်တို့ဆီကို တရားဝင်ဘာမှ မရောက်သေးဘူး။ အပြင်မှာတော့ အဲဒီလိုကြားနေရတယ်။ ကျွန်တော်တို့ ဆီကို ညွန်ကြားချက်၊ ပြန်လုပ်ပါ။ မလုပ်ပါ ဘာညွှန်ကြားချက်မှ ကျွန်တော်တို့ဆီ မလာသေးဘူး။ ထပ်ရောက် လာမှာလား၊ မလာတော့ဘူးလား မသိဘူး။ လက်ရှိအချိန်အထိ မရောက်သေးဘူး” ဟု မွန်သတင်းအေဂျင်စီသို့ ဧပြီလ (၂၇) ရက်နေ့တွင် ပြောကြားခဲ့သည်။

    ကျိုက်မရောမြို့နယ်အတွင်းရှိ ရွေးချယ်ခံအုပ်ချုပ်ရေးမှူးများကို ပြည်နယ်အစိုးရ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦး စီးဋ္ဌာနတို့၏ သဘောတူညီချက်ဖြင့် ဧပြီလ (၁) ရက်နေ့တွင် ခန့်အပ်လွှာပေးအပ်ခဲ့ပြီဖြစ်ကြောင်း ၎င်းကဆက် ပြောသည်။

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာအုပ်စု လက်ရှိအုပ်ချုပ်ရေးမှူး မိသန်းဌေးက “ဒီအစိုးရသစ်ကပဲ ပြန်လည်ရွေးချယ်မယ်ဆိုရင် သူတို့အစိုးရမတိုင်ခင်က လုပ်ခဲ့တာကို လက်မခံတာလား။ ပြည် သူလူထုကို မျက်နှာမူမဲ့အစိုးရ၊ ပြည်သူ့အသံကို နားထောင်တဲ့အစိုးရလို့ ပြောတယ်။ ပြည်သူလူထုက သေသေချာချာ ရွေးပေးထားတာပါ။ ပြည်သူတွေကို မယုံလို့လား။ ပါဝါပြချင်တာလား” ဟု ဆိုသည်။

    အဆိုပါ ညွှန်ကြားချက်အတိုင်းသာ အုပ်ချုပ်ရေးမှူးများကို တစ်နိုင်ငံလုံးအတိုင်းတာဖြင့် အားလုံးပြန်လည်ရွေးချယ်ပါက မသင့်တော်ကြောင်း လက်ရှိရွေးချယ်ထားသော အုပ်ချုပ်ရေးမှူးများသည်လည်း ဥပဒေအတိုင်းသာရွေးချယ် ခန့်အပ်ထားပြီးဖြစ်ကြောင်း မွန်ပြည်နယ်အတွင်းရှိ အုပ်ချုပ်ရေးအသိုင်းဝိုင်းက ဆိုကြသည်။

    ရေးမြို့နယ် အစင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်မိုးကလည်း “ပြည်သူတွေက ခန့်အပ်ထားပြီးပြီ။ ဒါကို ပြန်ပြီးဖျက် သိမ်းမယ်ဆိုရင် ပြည်သူကို မလေးစားရာ ကျမယ်” ဟု ပြောသည်။

    ဥပဒေ၊ နည်းဥပဒေပြဌာန်းချက်များအရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့၏ လမ်းညွန်ချက်၊ ကြီးကြပ်ရေးအဖွဲ့ (၅) ဦးနှင့် အများပြည်သူတို့၏ရှေ့မှောက်တွင် ဆယ်အိမ်စုမှူးများကိုတိုင် ဆန္ဒမဲပေးပြီး အုပ်ချုပ်ရေးမှူးများကို ရွေး ချယ်ခဲ့ခြင်း ဖြစ်သည်။

    လက်ရှိ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ရွေးကောက်ပွဲပြီးချိန်ကာလနှင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့အာဏာကို မလွှဲပြောင်းမီကာလအတွင်း သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ရွေးချယ်ခဲဲ့ခြင်းဖြစ်သည့်အတွက် ယခင်အစိုးရနဲ့ နီးစပ်သူများကို ကြိုတင်နေရာပေးသည့်သဘောနှင့် အလျင်စလိုလုပ်ခဲ့သည်ဟူ၍ ေ၀ဖန်မှုများတွေ့ရှိခဲ့ပါသည်။

    NLD အစိုးရအနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို ပြန်လည်ရွေးချယ်ရေးလုပ်ရန် လှျူိ့ဝှက် ညွှန်ကြားခြင်းသည် အစိုးရအတွက် အုပ်ချုပ်ရေးပိုင်းတွင် အခြေခံအုပ်ချုပ်ရေးအဆင့် ပြောင်းလဲမှုလုပ်ဆောင်ရန် လိုအပ်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်သူများက ဆိုကြသည်။

    တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြန်လည်ရွေးချယ်ခြင်းမည်ဆိုပါက လက်ရှိရွေးချယ်ခံထားရသော အုပ်ချုပ်ရေး မှူးများ အားလုံးနီးပါး ပြန်လည်အရွေးခံရဦးမည်။ သို့သော်လည်း အငြင်းပွားဖွယ်ရာဖြစ်ရပ်များပေါ်ပေါက်ခဲ့ သောနေရာ၊ ပြန်လည်ရွေးချယ်ပေးရန်တိုင်ကြားထားသောနေများကို ဥပဒေနှင့်အညီ ပြန်လည်ရွေးချယ်ပေးသင့်သည်ဟုလည်း ရှုမြင်နေကြသည်။

    မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌ ဒေါက် တာအောင်နိုင်ဦး က “အားလုံးအသစ်ပြန်ရွေးမယ်ဆိုရင် အဆင်မပြေဘူး။ ဒီဟာကိုလည်း ဥပဒေတွေနဲ့ပဲ သေသေချာချာ ရွေးထားတာပဲ။ အ ဆင်ပြေနေတဲ့ဟာကို ထပ်ရွေးရင် ပြဿနာတွေ ဖြစ်လာနိုင်တယ်” ဟု ဆိုသည်။

    သမ္မတဦးသိန်းစိန်လက်ထက် လွှတ်တော်တွင် “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ” ကို (၂၀၁၂) ခုနှစ် ဖေဖော်ဝါရီ (၂၄) ရက်နေ့က အတည်ပြုခဲ့ပြီး ယင်းဥပဒေအရ “ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရဲ့ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့်အညီဖြစ်သည်” ဟု ပြဌာန်းခဲ့ ပါသည်။ (၂၀၁၆) ခုနှစ် ဇန်နဝါရီ (၂၀) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ “ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ” ပြဌာန်းချက်တွင် သမ္မတ၏သက်တမ်းနှင့်အညီ ဖြစ်စေရမည်ဟု ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။

    ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက ခေတ်အဆက်ဆက်မှ ပုံစံအမျိုးမျိုးထားရှိခဲ့ပြီး မြို့များအက်ဥပဒေ (၁၉၀ရ မြန်မာနိုင်ငံအက်ဥပဒေအမှတ် ၃) နှင့် ကျေးရွာအက်ဥပဒေ (၁၉၀ရ မြန်မာနိုင်ငံအက်ဥပဒေ အမှတ် ၆) တို့ကို အသုံးပြုခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို (၂၀၁၂) ခုနှစ်တွင် ပြဌာန်းခဲ့သည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကို ထပ်မံပြဌာန်းခဲ့သည်။

    မွန်ပြည်နယ်တွင် ခရိုင် (၂) ခု၊ မြို့နယ် (၁၀) မြို့နယ်၊ မြို့ (၁၆) မြို့၊ ရပ်ကွက် (၁၀၀)၊ ကျေးရွာအပ်စု (၃၆၈) အုပ်စု၊ ကျေးရွာပေါင်း (၁၁၄၇) တို့ဖြင့် ဖွဲ့စည်းထားပြီး အိမ်ထောင်စု (၄၁၀,၄၀၀) လူဦးရေ စုစုပေါင်း (၂) သန်းကျော် ရှိကြောင်း ၂၀၁၄ သန်းခေါင်စာရင်း အချက်အလက်များတွင် ဖော်ပြပါရှိသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts