spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းဖာလိန်ဒေသ၏ သယံဇာတကြွယ်ဝပုံနှင့် လူမှုစီးပွား ဖြစ်ထွန်းပုံ သုတေသန အစီရင်ခံစာ ဖြန့်ဝေပြီ

    ဖာလိန်ဒေသ၏ သယံဇာတကြွယ်ဝပုံနှင့် လူမှုစီးပွား ဖြစ်ထွန်းပုံ သုတေသန အစီရင်ခံစာ ဖြန့်ဝေပြီ

    -

    ရေးမြို့နယ် အနောက်ဖက်ရှိ ဖာလိန်ဒေသမှ လူငယ်များကိုယ်တိုင် စစ်တမ်းကောက်ယူ ပြုစုထားသည့် ဖာလိန်ဒေသ၏ သယံဇာတ ကြွယ်ဝပုံနှင့် လူမှုစီးပွား ဖြစ်ထွန်းပုံ သုတေသန အစီရင်ခံစာ ရှင်းလင်းပွဲနှင့် စာအုပ်ဖြန့်ဝေခြင်း အခမ်းအနားကို ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက အံဒင်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။

    ဖာလိန်ဒေသ အံဒင်ကျေးရွာအနီးတွင် တိုယိုထိုင်းကုမ္ပဏီက အမေရိကန်ဒေါ်လာ ၂၇၀ဝ သန်း ရင်းနှီးမြှုပ်နှံကာ လျှပ်စစ်ဓါတ်အား ၁၂၈၀ မဂ္ဂါဝပ် ထုတ်မည့် ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်းကို အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် ဧပြီလ ၂၅ ရက်နေ့၌ အံဒင်ကျေးရွာသို့ ရောက်ရှိစဉ်တွင် ဒေသခံများအား အကြောင်းကြားခဲ့ပြီး၊ ၂ နှစ်ပြည့်သည့်နေ့တွင်ပင် ဒေသခံများ ကမကထပြုကာ ယခုအခမ်းအနားကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

    ဖာလိန်တောင် အစီရင်ခံစာ ရှင်းလင်းပွဲ(Facebook)
    ဖာလိန်တောင် အစီရင်ခံစာ ရှင်းလင်းပွဲ(Facebook)
    အံဒင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ လက်ထောက်ဆရာတော် အရှင်နန္ဒ က က “ဒီဒေသမှာ ကျောက်မီးသွေးစက်ရုံ ဆောက်ဖို့မယ်လို့ သူတို့ (တိုယိုထိုင်းကုမ္ပဏီ) လာပြောတုန်းက ဒီဒေသ ဖွံ့ဖြိုးရေးအတွက်ဆိုပြီး ဒေါ်လာ ၁ ဒသမ ၅ သန်း (သန်း ၁၅၀ဝ ကျပ်ဝန်းကျင်) ထောက်ပံ့မယ်လို့ မက်လုံးပေးပြီး စည်းရုံးတယ်။ ဒီလောက်ငွေတွေဟာ ဒီဒေသအတွက် မက်မောစရာ မဟုတ်ဘူး။ ဒီဒေသရဲ့ တစ်နှစ်ဝင်ငွေက ဒီထက်ပိုများတယ် ဆိုတာ သိစေချင်တယ်။ ဒီအချက်ဟာလည်း ဒီစစ်တမ်းကို ပြုစုရခြင်းရဲ့ အချက်တစ်ချက် ဖြစ်တယ်” ဟု မိန့်သည်။

    ထိုပမာဏသည် ဖာလိန်ဒေသအတွက် မက်မောစရာ မဟုတ်သည့်ပြင်၊ နောက်လာနောက်သားများ မိမိဒေသ၏ သယံဇာတ ပေါကြွယ်ဝမှုကို သိရှိနားလည်စေရန်နှင့် မိမိဒေသကို ချစ်မြတ်နိုး တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ဤသုတေသနစာအုပ်ကို ပြုစုခဲ့ခြင်း ဖြစ်သည်ဟု အရှင်နန္ဒ က ဆက်လက် မိန့်ကြားသည်။

    ဒေသခံများနှင့် ပထမဆုံး တွေ့ဆုံစဉ်က တိုယိုထိုင်းကုမ္ပဏီအနေဖြင့် အထက်ပါစီမံကိန်းကို ဤဒေသတွင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း ထောက်ပံ့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

    ဖာလိန်ဒေသ၏ သယံဇာတ ကြွယ်ဝပုံနှင့် လူမှုစီးပွား ဖြစ်ထွန်းပုံ သုတေသန အစီရင်ခံစာအရ ၂၀၁၄ -၁၅ ခုနှစ်၏ ဥယျာဉ်ခြံလုပ်ငန်း၊ ရေလုပ်ငန်းနှင့် လယ်လုပ်ငန်းမှ ရရှိသည့် ဖာလိန်ဒေသ အံဒင်ကျေးရွာအုပ်စု၏ တစ်နှစ်တာ ဝင်ငွေသည် ကျပ်သန်းပေါင်း ခုနစ်ထောင့် နှစ်ရာ့လေးဆယ်ကျော် (၇၂၄၀ ၄၉၉ ၆၅၀ိ) (အမေရိကန်ဒေါ်လာ ၇ သန်းဝန်းကျင်) ရှိကြောင်း သိရသည်။

    အဆိုပါ အစီရင်ခံစာ ပြုစုနိုင်ရန်အတွက် ထိုင်းနိုင်ငံရှိ သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားနေသည့် အရပ်ဖက် လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်သည့် TEERA ၏ အကူအညီဖြင့် ဒေသခံလူငယ် ၅ ဦးကို ထိုင်းနိုင်ငံတွင် စစ်တမ်းကောက်ယူလေ့လာမှု နည်းနာများကို သင်ယူခဲ့ပြီး၊ ထိုလူငယ်များကိုယ်တိုင် ဦးစီးကာ အချက်အလက်များကို ကောက်ယူခဲ့ခြင်း ဖြစ်သည်။

    13087757_594454410718133_1248957497063674393_nအစီရင်ခံစာတွင် ဖာလိန်ဒေသ အံဒင်ကျေးရွာအုပ်စုရှိ ကျေးရွာ ၇ ရွာအတွင်းရှိ စီးပွားရေး၊ လူမှုရေး၊ ရိုးရာယဉ်ကျေးမှု၊ ကျေးရွာ ဖြစ်စဉ်သမိုင်း၊ ဒေသ၏ တစ်နှစ်တာ ဝင်ငွေ၊ ရေနေသတ္တဝါနှင့် လေနေသတ္တဝါမျိုးစိတ်များ စသည်တို့ ပါဝင်သည်။

    စစ်တမ်းကောက်ယူရာတွင် ဒေသခံများအနေနှင့် အကောက်အခွန်များ ပေးဆောင်ရမည်ကို စိုးရိမ်သဖြင့် မိမိပိုင်လုပ်ငန်းမှ ထွက်ကုန်များကို လျှော့ပေါ့ဖြေဆိုခြင်းများ ရှိခဲ့ပြီး၊ ၎င်းတို့ နားလည်ရန် အချိန်ယူ ရှင်းလင်းခဲ့ရကြောင်း စစ်တမ်းကောက် ဦးဆောင်သူတစ်ဦး ဖြစ်သည့် မင်းဝဏ္ဏထွန်း က ပြောသည်။

    ၎င်းပြင် အစီရင်ခံစာအတွက် အခက်ခဲဆုံးမှာ ဖာလိန်ဒေသရှိ ကျေးရွာ ဖြစ်စဉ်သမိုင်း ပြုစုရခြင်း ဖြစ်သည်ဟုလည်း အရှင်နန္ဒ က မိန့်သည်။

    သုတေသန အစီရင်ခံစာ ရှင်းလင်းပွဲနှင့် စာအုပ်ဖြန့်ဝေခြင်း အခမ်းအနားသို့ ရေးမြို့နယ်မှ ရွေးချယ်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဒေါက်တာအောင်ထွန်းခိုင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးချစ်တင် နှင့် ချောင်းဆုံမြို့နယ်မှ ရွေးချယ်ခံ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး အပါအဝင် ဒေသခံ သံဃာတော်များ၊ ပြည်သူများ စုစုပေါင်း ၄၀ဝ ကျော် တက်ရောက်ခဲ့ကြသည်။

    တိုယိုထိုင်းကုမ္ပဏီသည် ၂၀၁၅ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ယခင်ပြည်ထောင်စု အစိုးရ၊ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနှင့် လုပ်ငန်းအကောင်အထည်ဖော်ခွင့် သဘောတူစာချုပ် MoA လက်မှတ်ရေးထိုးခဲ့ပြီး၊ ယင်းနောက် မေလ ၅ ရက်နေ့တွင် ဒေသခံ အင်အား ၆၀ဝ၀ ကျော်က စီမံကိန်းကို ကန့်ကွက်ကြောင်း လူထုဆန္ဒ ဖော်ထုတ်ပွဲတစ်ရပ်ကို အံဒင်ကျေးရွာ ဘောလုံးကွင်းတွင် ပြုလုပ်ခဲ့ကြသည်။

    ၎င်းပြင် MoA လက်မှတ်ရေးထိုးပြီးနောက် တိုယိုထိုင်းကုမ္ပဏီ ဥက္ကဋ္ဌ၊ စီမံကိန်း မန်နေဂျာတို့ ပါဝင်သည့်အဖွဲ့ မေလ ၉ ရက်နေ့က အံဒင်ကျေးရွာသို့ လာရောက်ကာ စီမံကိန်းကို အကောင်အထည်ဖော်မည့်အကြောင်း ဆရာတော်အား လာရောက် လျှောက်ထားစဉ်ကလည်း ဒေသခံ ၂၀ဝ ခန့်က “တိုယိုထိုင်း အလိုမရှိ” ဟု ဟစ်ကြွေးပြီး သံပုံးတီးမောင်းထုတ်ကာ ကန့်ကွက်ခဲ့ကြသည်။

    အလားတူ အစီရင်ခံစာ မိတ်ဆက်ပွဲကို ဖာလိန်ဒေသခံ လူငယ်များ ဦးစီးပြီး ရန်ကုန်မြို့၊ ပုစွန်တောင်မြို့နယ်ရှိ Orchid Hotel တွင် ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့က ပထမအကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,500SubscribersSubscribe
    spot_img

    Latest posts