မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / နှစ်ခါပြန် နစ်မည့် မြစ်လား

နှစ်ခါပြန် နစ်မည့် မြစ်လား

ရေးသားသူ: >

မကြာသေးခင်က ထွက်ရှိသော ဂျာနယ်တအုပ်တွင် ပါရှိသော ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီး အသစ်စက်စက်၏ အင်တာဗျူးမှ ဖြေဆိုချက်တချို့အပေါ် ဘဝင်မကျ ဖြစ်ရသည်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တင်းပြီး ခံနေတယ်လို့ ထင်နေတာ၊ တကယ့်တကယ်ကျတော့ မတင်းဘူး”

“ပြီးခဲ့တဲ့ကိစ္စတွေကို လူထုရော၊ နိုင်ငံရေးသမား အဖွဲ့အစည်းအားလုံးက ဖြေလှျော့မယ်ဆိုရင် အားလုံးခွင့်လွှတ်လိုက်မယ်ဆိုရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဖြစ်လာလိမ့်မယ်လို့ ထင်တယ်” ဟူ၍ ပါရှိသည်။

ခြေဥပြင်ဆင်ရေး ကာတွန်းရုပ်ပြောင်(Internet)
ခြေဥပြင်ဆင်ရေး ကာတွန်းရုပ်ပြောင်(Internet)
ဤကာလသည် အရပ်ဘက် စစ်ဘက်ဆက်ဆံရေးပြဿနာကို ဇောင်းပေးဆွေးနွေးရေးသားနေကြချိန် ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စသည် ခွင့်လွှတ်ရင်းနှင့် အလွယ်တကူ ဖြစ်လာနိုင်သောပြဿနာဟု ဆိုခြင်းမှာ အလွန်ပင် မအီမလည်နိုင်မှုပင် ဖြစ်သည်။ အမှန်စင်စစ် ယနေ့အခြေအနေသည် အန္တရာယ်ကို ဖင်ခုထိုင်ထားသောကာလဟု ဆိုချင်သည်။

မျက်မှောက်ပြဿနာ၏ ရေသောက်မြစ်မှာ တောင်ပြိုကမ်းပြို ရွေးကောက်ပွဲရလာဒ်၏ နောက်ဆက်တွဲ ဖြစ်သည်။ ငယ်စဉ်က မဲပြာပုဆိုးနှင့် ချုပ်ရိုးအသစ်ဟူသော အသုံးအနှုန်းတခုကို နားယဉ်ခဲ့ဘူးသည်။ ယခုကိစ္စမှာ ချုပ်ရိုးအသစ်ထက် ပိုသည်။ လူထုထောက်ခံမှု အားက တောင့်တင်းနေသည်။ သို့သော် သတိပြုရန်မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ (မဲပြာပုဆိုး) က ဆက်ရှိနေသေးသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ၏ သဘောသဘာဝအရ ဖြစ်နိုင်ခြေ (၂) မျိုး ရှိသည်။ အာဏာရအုပ်စုဟောင်းက အေးအေးညောင်းညောင်းနှင့် ဘုန်းကြီးဝတ်သွားမည်လား (သို့) အခုအခံပုံစံအမျိုးမျိုးဖြင့် အချိန်ယူသွားမည်လား ဆိုသည်ပင် ဖြစ်သည်။ ဧပြီလဆန်းတွင် အစိုးရသစ် ဖွဲ့နိုင်ပြီဆိုပြီး တောအုပ်တွင်းမှ ထွက်နိုင်ခဲ့ပြီ (အန္တရာယ်စက်ကွင်းမှ လွတ်လာခဲ့ပြီ) ဟု ဆို၍မရသေးသလို အစိုးရသစ်အား ချိန်ခွင်လှျာတင်ရန် ရက် ၁၀၀ သတ်မှတ်ကြခြင်းမှာလည်း မတရားရာ ကျသည်ဟု မြင်သည်။ ဒီမိုကရေစီ အသားကျပြီး နိုင်ငံများတွင် တက်လာသည့် အစိုးရအား ဤပုံဤနည်းဖြင့် အကဲဖြတ်သည်မှာ ပုံမှန်ဖြစ်သော်လည်း အမွေဆိုးအမျိုးမျိုးကို နှစ်များချီ၍ ခါးစည်းခံခဲ့ရသော နိုင်ငံ၌ မည်သည့်လူစွမ်းကောင်းမှျ ထိုကာလတိုအတွင်း ထင်သာမြင်သာ အစွမ်းပြနိုင်မည် မဟုတ်ပါ။

သာမန်အားဖြင့် မြန်မာ့နိုင်ငံရေးတွင် အဓိကပြဿနာ (၂) ခုကို ဖြေရှင်းရမည်ဟု ဆိုကြသည်။ ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသားလူမျိုးစုများအရေး ဖြစ်သည်။ ဒီမိုကရေစီအရေးဟု ဆိုရာတွင် စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခြင်းကို ဆိုလိုရာ ပါတီစုံ ဖွင့်ပေးရုံ၊ သန့်ရှင်းတရားမှျတသော ရွေးကောက်ပွဲ လုပ်ပေးရုံနှင့် ဒီမိုကရေစီအရေး ပြီးဆုံးသည် မဟုတ်ပေ။ ယခုထွက်ပေါ်နေသော အရပ်ဘက် စစ်ဘက်ဆက်ဆံရေး ဆိုသည်ကပင် အဓိကပြဿနာ ဒီမိုကရေစီ၏ ပြဿနာအဓိကဘက် ဖြစ်သည်။

ကျန်အဓိကပြဿနာဖြစ်သော တိုင်းရင်းသားလူမျိုးများအရေးမှာမူ အခြေအနေက တမျိုးထူးခြားနေသည်။ ၂၀၁၅ ခုနှစ် မတိုင်မီကာလများတွင် ဤပြဿနာအတွက် သင့်တော်မည့် အခြေခံဥပဒေပုံစံ၊ ဖက်ဒရယ်ဝါဒသစ်နှင့် ကွဲပြားမှု ရှိသော လူ့အဖွဲ့အစည်းတွင်း ဒီမိုကရေစီ စသောအကြောင်းအရာတို့ကို ပညာရှင်တို့ အလေးထား ဆွေးနွေးကြသည်။ အင်စတီကျူးရှင်းအသစ်များ ဖော်ဆောင်ရေးကို ထောက်ပြကြသည်။

စစ်အစိုးရနှင့် စစ်တပ်တပိုင်းအစိုးရလက်ထက်တွင် ဤကိစ္စကို ဦးစားပေး ဖြေရှင်းခဲ့ကြသည်။ သေနတ်သံတိတ်ရေး၊ အပစ်အခတ် ရပ်စဲရေးကို ဦးစွာကိုင်တွယ်ပြီး ပြန်လည်နေရာချထားရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့ဖြင့် ဟန်ချက်ညီ အကောင်အထည် ဖော်ခဲ့ကြသည်။ ဦးသိန်းစိန် အစိုးရလက်ထက်တွင် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟူ၍ တသီးတသန့်ထား လုပ်ငန်းစဉ် ချခဲ့သည်။ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများ၏ ထိပ်သီးညီလာခံကို တရားဝင် ကျင်းပပေးပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UWCT) နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှုိင်းရေးအဖွဲ့ (NCCT) အကြိမ်ကြိမ်ဆွေးနွေးညှိနှုိင်းခဲ့ကြသည်။ နောက်ဆုံး၌ ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အဖွဲ့အချို့ဖြင့် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ကျန်အဖွဲ့အစည်းအများစုနှင့်လည်း တဖွဲ့ချင်း သဘောတူညီမှု ရရှိထားပြီး ဖြစ်သည်။

ဤသို့ဆို၍ အစိုးရသစ်အတွက် ပန်းခင်းလမ်းအတိုင်း ဆက်လှျောက်ရုံတော့ မဟုတ်။ လောလောဆယ်တိုက်ပွဲ ဖြစ်ပွားနေဆဲဒေသများအရေးကို မည်သို့ကိုင်တွယ်မည်ကိုလည်းကောင်း၊ (NCA) တွင်းသို့ အဖွဲ့များ (အားလုံးမဟုတ်သည့်တိုင်) ပိုမိုပါဝင်လက်မှတ်ရေးထိုးလာရန်လည်းကောင်း၊ နိုင်ငံရေးဆွေးနွေးပွဲအဆင့်တွင် ဖက်ဒရယ်အရေး မည်သို့ရုပ်လုံးပေါ်အောင် အဖြေပေးမည်ကိုလည်းကောင်း မည်သို့မှျ ရှင်းရှင်းလင်းလင်း ဖော်ထုတ်အသိပေးနိုင်ခြင်း မရှိသေးပါ။ မိမိပါတီတွင်းမှ လူမျိုးစုခေါင်းဆောင်အချို့ကိုလည်းကောင်း၊ မိမိအား လိုလားသောပါတီမှ မိမိကြိုက်နှစ်သက်သော ပုဂ္ဂိုလ်ကိုလည်းကောင်း ဥပဒေပြုနယ်ပယ်နှင့် အစိုးရအဖွဲ့တွင်း၌ ခန့်အပ်တာဝန်ပေးရုံသာ ရှိသေးသည်။ ၎င်းကိုပင် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်တော့သတည်းဟု မြှောက်ထိုးပင့်ကော် ရေးသားသူ ဂျာနယ်လစ်များလည်း ရှိနေသည်။ ဖက်ဒရယ်ပြည်ထောင်စုဟု ဆိုသည်နှင့် ဗဟိုပြည်ထောင်စုအဆင့်နှင့် အောက်ခြေပြည်နယ်တို့အကြား ဥပဒေပြုနှင့် အုပ်ချုပ်ရေးအာဏာ ခွဲဝေမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း ထည့်သွင်းပြဌာန်းပေးခြင်းကို ဆိုလိုပါသည်။ အောက်ခြေဆိုရာ၌ ဒေသန္တရလူမျိုးစုပါတီများ ပါဝင်ပြီး ၎င်းတို့၏ အမြင်လိုလားချက်တို့ကို ခွဲဝေခံစားခြင်းလည်း အကြုံးဝင်ပါသည်။ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွားမှုများက အစိုးရသစ်၏ ဖက်ဒရယ်ဆိုင်ရာ သဘောထားကို သဲလွန်စပေးနေပြီ ဖြစ်ရာ ဤခရီးမနီးသေးပါဟုသာ ဆိုရတော့မည် ဖြစ်သည်။

သို့သော်လည်း လူစွမ်းကောင်း ကိုးကွယ်မှုဝါဒနှင့် မင်းလောင်းမှျော် အတွေးအခေါ် အမြစ်တွယ်နေဆဲ မြန်မာ့နိုင်ငံရေးတွင် တိုင်းရင်းသားခေါင်းဆောင်များသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် မှျော်လင့်ချက် ကြီးကြီးမားမား ထားရှိကာ အစိုးရသစ်၏ လုပ်နိုင်စွမ်းကို အားကိုယုံကြည်လျက် ရှိသည်။ ထို့ကြောင့်လည်း လောလောဆယ်တွင် တိုင်းရင်းသားအရေးသည် ငြိမ်းအေးသယောင် မှေးမှိန်သယောင် ကိုင်တွယ်နိုင်စွမ်းရှိသယောင် တိတ်ဆိတ်နေခြင်း ဖြစ်သည်။

ငြိမ်းမယောင်နှင့် မငြိမ်းနိုင်ဘဲ တစခန်းထလာသည်မှာ အရပ်ဘက်စစ်ဘက် ဆက်ဆံရေးဆိုင်ရာ ပြဿနာများပင် ဖြစ်သည်။ ဒီချုပ်က ရွေးကောက်ပွဲကို လူထုမဲဖြင့် အပြတ်အသတ် အနိုင်ရသွားချိန်တွင် ၂၀၀၈ ဖွဲ့စည်းပုံက ငုတ်တုတ်ကြီး ထိုင်စောင့်နေသည်။ တပ်မတော်ဟူသော အင်စတီကျူးရှင်းကလည်း ထီးထီးမားမားကြီး ရှိနေသည်။ ရွေးကောက်ပွဲ အောင်နိုင်ရေးကို ဇောက်ချကြိုးပမ်းနေချိန်တွင် ကာလဟောင်းမှ ပါလာသော စစ်ဘက်အရပ်ဘက်ဆက်ဆံရေးအပေါ် မည်သည့်ပါတီမှျ အပြည့်အဝ အာရုံမစိုက်ခဲ့ကြပါ။ ပြင်ဆင်လေ့လာမှု အလေးအနက် မထားခဲ့ပါ။

နိုင်သူတို့၏ထုံးစံအတိုင်း မိမိတို့သာလှျင် ပြုပြင်ပြောင်းလဲရေး လုပ်နိုင်စွမ်းမည်ဟု စိတ်ရောကိုယ်ပါ ဆန္ဒကြွတက်နေကြမည်မှာ ဓမ္မတာပင် ဖြစ်သည်။ ဆန္ဒစောစွာ အလုပ်သဘောဆန်စွာ အများစုဆန္ဒကို အားကိုးချင်ကြမည်မှာ ဓမ္မတာပင် ဖြစ်သည်။ ထို့ကြောင့်လည်း ဥပဒေပြုလွှတ်တော် အားကောင်းမှ ဒီမိုကရေစီ အားကောင်းမည်ဟု အားကောင်းမောင်းသန်သီအိုရီ ထုတ်ကြသည်။ ရှုံးသူတို့အပေါ် တလွဲမာနထားကြသည်။ လူမျိုးစုပါတီများနှင့် တပ်ပေါင်းစုဆက်ဆံရေးကို လစ်လျူရှုသလို လွှတ်တော်တော်တွင်း၌ အများစုဆန္ဒကို တလွဲသုံးခဲ့သည်။ ဥပဒေကြမ်းကို အတည်ပြုလိုက်သည်ဟု လွှတ်တော်ဥက္ကဋ္ဌ ကြေညာချိန်ဝယ် တပ်မတော် ကိုယ်စားလှယ်အားလုံးက မတ်တပ်ရပ်ကန့်ကွက်လိုက်ကြသည့် ရုပ်ပုံလွှာသည် အလွန်အံ့သြဖွယ် အကျည်းတန်ဖြစ်ရပ် ဖြစ်သည်။ ယင်းမတိုင်ခင်ကလည်း တပ်မတော်ကိုယ်စားလှယ်များသည် ဆန္ဒပြသည့်သဘောဖြင့် အစည်းအဝေးခန်းမမှ ထွက်ခွာပြခြင်းမျိုးလည်း ရှိခဲ့ပြီး ဖြစ်သည်။

နိုင်ငံရေးဝေဖန်လေ့လာသူအသိုင်းအဝိုင်းတွင် အများက နားလည်လက်ခံထားသည်မှာ အစိုးရသစ်သည် နိုင်ငံရေးနယ်ပယ်တွင် နက်နက်ရှုိင်းရှုိင်း လှုပ်ရှားခဲ့သူများဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ ပညာရှင်၊ ပညာတတ် ပါတီဝင်တို့ဖြင့် ဖွဲ့စည်းထားခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ပုဏ္ဏားတိုင်ပြု အလုပ်လုပ်နေရခြင်း ဖြစ်သည်။ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု၊ ပုဂ္ဂိုလ်ရေး အာဏာဇောင်းထက်မှုတို့ ရှိနေသည့်ပါတီ၏ အစိုးရတွင် ကျန်ပါတီပုဂ္ဂိုလ်များ ထည့်ပေးထားသည်မှာ အဖြစ်သဘောဆိုသည်ကို အများအသိပင် ဖြစ်သည်။

အစိုးရသစ် မဖွဲ့မီ ပျားရည်ဆမ်းကာလ အရပ်ဘက် စစ်ဘက်ဆက်ဆံရေးကို အများစိတ်ဝင်စားခဲ့သည်။ ကာချုပ်ကြီးနှင့် တွေ့ဆုံခြင်း၊ တပ်ချုပ်ဟောင်းနှင့် တွေ့ဆုံခြင်းတို့အပေါ် များစွာမှျော်လင့်အားထားခဲ့သည်။ သို့သော်လည်း ဆွေးနွေးပွဲများ၏ အနှစ်သာရကို ယခုအခါ မပြောသော်လည်း ပြောဘိသို့ ရှင်းလင်းလာခဲ့ပြီ ဖြစ်သည်။

အရပ်ဘက် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး လေ့လာသူ ပညာရှင် လူဝီဂွတ်ဒ်မင်းက အောက်ပါအခြေအနေတွင် စစ်တပ်အနေဖြင့် ပေးတိုင်းမယူသင့်ကြောင်း ပြဆိုထားသည်။

(၁) စစ်တပ် ပါဝင်မှုက အခြားအုပ်စုများ၏ တာဝန်ယူလှုပ်ရှားနိုင်မှုကို အတားအဆီး ဖြစ်စေခဲ့လှျင်၊ ဆိုလိုသည်မှာ အရပ်ဘက် အဖွဲ့အစည်းများ၏ သုံးသပ်စိတ်ဖြာနိုင်မှု၊ စွမ်းရည်ဖွံ့ဖြိုးရေးနှင့် ၎င်းတို့၏ လူ့အဖွဲ့အစည်းတွင်း ပါဝင်မှုကဏ္ဍတိုးချဲ့ရေးကို အဟန့်အတား ဖြစ်စေခဲ့လှျင် –

(၂) စစ်ဘက်အနေဖြင့် နောက်ပိုင်းတွင် စွန့်လွှတ်ရန် အခက်အခဲ ဖြစ်လာစေမည့် အထူးခံစားခွင့်များ ရရှိစေသည့် အနေအထားမျိုး ဖြစ်နေခဲ့လှျင် –

(၃) စစ်တပ်အနေဖြင့် တိုက်ခိုက်ရေး မဟုတ်သည့် လှုပ်ရှားမှုများတွင် အလွန်အကျွံ ပါဝင်နေခြင်းဖြင့် မူလအဓိက ကာကွယ်ရေးတာဝန်ကို မေ့လျော့ပစ်ပယ်မှုမျိုး ဖြစ်လာခဲ့လှျင် – စစ်ဘက်အနေဖြင့် မပါဝင်သင့်ကြောင်း ထောက်ပြထားသည်။

ယနေ့တပ်မတော်၏ အနေအထားသည် အထက်ပါအခြေအနေနှင့် ထပ်တူမဟုတ်သည့်တိုင် တစုံတရာ တူညီမှုများ ရှိနေခြင်းကြောင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု လှျော့ချရန် လိုသည်ကို မည်သူမှျ ငြင်းပယ်မည် မဟုတ်ပါ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင်က ဒီမိုကရေစီရေး အသွင်အပြင်ပီပြင်လာသည်နှင့်အမှျ ဆုတ်ခွာပေးသွားမည်ဟု တကြိမ်မက ထုတ်ဖော်ပြောခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ရွေးကောက်ခံ မဟုတ်သူ ၂၅ ရာနှုန်းနှင့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် သမ္မတ မခန့်အပ်နိုင်သူများ ပါဝင်နေခြင်းကို ပြောင်းလဲနိုင်ရန် မည်သည့်အချိန်အခါက ဒီမိုကရေစီရေး ပီပြင်မှုရှိသည်ဆိုသည်ကို အရင်အဓိပ္ပါယ် ဖွင့်ဆိုရဦးမည်ဟု ထင်သည်။ ကာလကို ခန့်မှန်း၍ မရနိုင်သော ပြောဆိုချက် ဖြစ်သည်။

ဤကာလအတွက် အဖြေရှာ၍ ရနိုင်ဖွယ်နည်းလမ်းတခုမှာ လွှတ်တော်တွင်းနှင့် လွှတ်တော်ပ အပြိုင်ဆွေးနွေး အဖြေရှာသည့်နည်းဟု ယူဆပါသည်။ ယခုထက်တိုင် တပ်မတော်အပေါ် သြဇာညောင်းနေသည်ဟု ယူဆရသော တပ်ချုပ်ဟောင်းနှင့် တပ်မတော်ခေါင်းဆောင်တို့ကို ဆွေးနွေးပွဲ စည်းဝိုင်းပြင်ပမှ ထွက်မသွားရန် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရမည် ဖြစ်သည်။ အစိုးရနှင့် လွှတ်တော်တို့၏ လုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်းလည်း မပျက်စေဘဲ အရပ်ဘက် စစ်ဘက် အသွင်ကူးပြောင်းရေး ပဋိညာဉ်တခု ရရှိရန် အထူးဆွေးနွေးရေးအဖွဲ့များ နှစ်ဖက်ဖွဲ့စည်းပြီး ကျစ်ကျစ်လစ်လစ် ကြိုးပမ်းရမည်ဟု ယူဆသည်။ ဤပဋိညာဉ်တခု မရရှိသေးသရွေ့ အကူးအပြောင်း ချောမွေ့မည် မဟုတ်သလို သမိုင်းတကြော့မပြန်ဟု မည်သူမှျ အာမမခံနိုင်ပါ။

အရပ်ဘက် စစ်ဘက်ဆက်ဆံရေး၏ အများစုသုံးသပ်သူများ မေ့နေသော ထောင့်တထောင့် ရှိနေသေးသည်။ ၎င်းမှာ လူမျိုးစုနိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့များအကြား ဆက်ဆံရေးပင် ဖြစ်သည်။ နိုင်ငံရေးလေ့လောသုံးသပ်မှု ဒေါက်တာရန်မျိုးသိမ်း က “ပြည်နယ်များတွင် တိုင်းရင်းသားပါတီများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများသည် မဟာဗျူဟာမြောက် အခင်းအကျင်းကို ဦးစွာတည်ဆောက်ရန် လိုအပ်လျက် ရှိသည်” ဟု ၂၀၁၃ ခုနှစ်ကတည်းကပင် ကောက်ချက်ဆွဲထားသည်။ ဤသည်မှာလည်း မြန်မာ့အရပ်ဘက် စစ်ဘက်ဆက်ဆံရေး၏ ကျွဲကူးရေပါပြဿနာ ဖြစ်သည်ကို သတိချပ်ရန် လိုသည်။

အချုပ်အားဖြင့် ဆိုရသော် အဓိက ရင်ဆိုင်ရမည့် ပြဿနာမီးကျီးခဲများ ဖြစ်သော NCA ပြီးပြည့်စုံရေး၊ ဆင်းရဲမွဲတေမှု လျော့ပါးရေး၊ ပညာရေးဥပဒေ ပြင်ဆင်ရေးနှင့် တရုပ် အမေရိကန် ၂ နိုင်ငံကြားညှပ်သံတမန်ရေး စီးပွားရေး စသည်တို့ကို အစိုးရသစ်သည် ဖိဖိစီးစီး ကိုင်တွယ်ရတော့မည် ဖြစ်သည်။ တပြိုင်တည်းတွင် မပြီးပြတ်သေးသော အရပ်ဘက်စစ်ဘက် ဆက်ဆံရေး၏ သိမ်မွေ့မှု၊ အထိအရှမခံမှုတို့ကို အသိအမှတ်ပြုကာ ကျော်လွှားနိုင်ရမည် ဖြစ်သည်။ “ပြောင်းလဲမှုအတွက် ပါတီကို မဲပေးပါဟု လူထုကို တောင်းဆို၍ ရရှိလာသော အောင်ပွဲကာလတွင် အစိုးရသစ်သည်လည်ကောင်း၊ ဒီချုပ်သည်လည်းကောင်း ပြောင်းလဲခြင်း အနုပညာကို အနှစ်ပါပါ သရုပ်မဆောင်နိုင်လှျင် မြစ်တမြစ်ထဲ၌ နှစ်ခါပြန်နစ်မည့်ကိန်း ရှိနေကြောင်း တင်ပြလိုက်ရပါသည်။ ။

နိုင်တိ

About မွန်သတင်းအေဂျင်စီ

Check Also

အခင်းအကျင်းအသစ်အတွက် အစပျိုးမှုတည့်မှန်ရေး

မွန်ပါတီများပေါင်းစည်းရေး ကြိုးပမ်းမှုဖြစ်မလာတော့တဲ့ အနေအထားမှာ နှစ်ပါတီပေါင်းစည်းရေး ကိုလိုလားတဲ့ နှစ်ဘက်ပါတီက နှုတ်ထွက်တဲ့ ပါတီဝင်အချို့တွေ၊ အမျိုးသားရေး စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တချို့တွေ၊ ကနဦး ဦးဆောင်ပြီးတော့ “ရာမညအင်အားစု” ဆိုတဲ့ …

Leave a Reply

%d bloggers like this: