spot_img
Thursday, April 18, 2024
More
    spot_img
    Homeသတင်းရေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများ တွေ့ဆုံပြီး မြို့နယ်တွင်း ပြဿနာများ ဆွေးနွေး

    ရေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများ တွေ့ဆုံပြီး မြို့နယ်တွင်း ပြဿနာများ ဆွေးနွေး

    -

    ရေးမြို့နယ်အတွင်း ရင်ဆိုင်နေရသည့် ပြဿနာများကို ဖြေရှင်းနိုင်ရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့မိမြို့ဖများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ဧပြီလ ၉ ရက်နေ့က ရေးမြို့ သာသနာ ၂၅၀ဝ စေတီတော် ဓမ္မဗိမာန်တွင် ပြုလုပ်ခဲ့သည်။

    နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ပြုလုပ်သည့် ယင်းတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်ထွန်းခိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နိုင်သီဟ၊ ဦးမျိုးဝင်းနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးချစ်တင် တို့ တက်ရောက်ဆွေးနွေးကြပြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်း မှာ အရေးပေါ်ကိစ္စဖြင့် ခရီးလွန်နေသည့်အတွက် တက်ရောက်နိုင်ခြင်း မရှိကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

    လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများ တွေ့ဆုံပွဲ(MNA)
    လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများ တွေ့ဆုံပွဲ(MNA)
    တွေ့ဆုံဆွေးနွေးပွဲကို ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ (YSS) မှ စီစဉ်ကျင်းပခြင်း ဖြစ်ပြီး ရေးမြို့နယ်အတွင်းရှိ ဖိတ်ကြားထားသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများကို ကိုယ်စားပြုသူ စုစုပေါင်း ၇၀ ဝန်းကျင် တက်ရောက်ခဲ့ကြောင်း ဆွေးနွေးပွဲ မှတ်တမ်းအရ သိရသည်။

    တွေ့ဆုံဆွေးနွေးညှိနှိုင်းပွဲ အစီအစဉ်အရ လက်ရှိ ရေးမြို့နယ်တွင် ဖြစ်ပျက်ကြုံတွေ့နေရသည့် ပညာရေး၊ လူ့အခွင့်အရေး၊ မူးယစ်ဆေးဝါးပြဿနာနှင့် အုပ်ချုပ်ရေးဆိုင်ရာ ခေါင်းစဉ် ၄ ခုအောက်တွင် ဆွေးနွေးကြကာ၊ မြို့နယ်တွင်း ကိစ္စရပ်များကို အတူတကွ ပူးပေါင်းပါဝင် ဖြေရှင်းရန် အလေ့အကျင့်ကို ပျိုးထောင်နိုင်ခဲ့ပြီး၊ ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ကြောင်း အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သည့် YSS အတွင်းရေးမှူး ဦးအောင်နိုင်ဝင်း က ပြောသည်။

    “ဘယ်လိုပူးပေါင်း ပါဝင်ဖြေရှင်းကြမလဲ ဆိုတဲ့အဆင့်ကို အကောင်အထည် မဖော်နိုင်သေးဘူး။ ဒါပေမဲ့ ကောင်းတဲ့အချက်က ကျွန်တော်တို့ ရေးမြို့နယ် ဒေသစုံက ကိုယ်စားလှယ်တွေ၊ အလွှာပေါင်းစုံက လူတွေ တက်ရောက်ပြီးတော့ ဆွေးနွေးနိုင်ခဲ့တာဟာ ထူးခြားမှုတစ်ခုပါ။ ခေါင်းစဉ်လေးခုနဲ့ ပတ်သက်ပြီးတော့ သူတို့ဒေသမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို အချက်အလက် အတိအကျနဲ့ ရလိုက်တာပေါ့ဗျာ။ ဒီအချက်အလက်တွေကို လွှတ်တော်အသီးသီးက ကိုယ်စားလှယ်တွေကို ပေးလိုက်နိုင်တယ်။ သူတို့ကလည်း ဒီဟာတွေကို ရေးမှတ်သွားပါတယ်” ဟု သူက ပြောသည်။

    ဆွေးနွေးပွဲမှ ရရှိသည့် အချက်အလက်မှတ်တမ်းကို အခြေခံပြီး ထုတ်ပြန်ချက်တစ်စောင် ထုတ်ကာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများနှင့် ပြည်နယ်အစိုးရသို့ ပေးပို့သွားနိုင်ရန် ပြင်ဆင်နေဆဲ ဖြစ်သည်ဟုလည်း ဦးအောင်နိုင်ဝင်း က ပြောသည်။

    ဆွေးနွေးပွဲကို ယခုကဲ့သို့ လွှတ်တော်အသီးသီး ရပ်နားထားချိန်ဖြစ်သည့် သင်္ကြန်ရုံးပိတ်ရက်အတွင်း အရေးပေါ် ပြုလုပ်လိုက်ရသည့်အတွက် အချိန်မလုံလောက်ခြင်း၊ မြို့နယ်တစ်ခုလုံးကို လွှမ်းခြုံနိုင်ပြီး ဒေသစုံမှ ကိုယ်စားလှယ်များ ပါဝင်နိုင်ရန်အတွက် လူဦးရေ ကန့်သတ်လိုက်ရခြင်း စသည်တို့အတွက် အားနည်းချက်များ ရှိနိုင်မည် ဖြစ်သော်လည်း ယခုပွဲသည် ပထမခြေလှမ်းသာ ဖြစ်ပြီး၊ လွှတ်တော်ရပ်နားချိန်တိုင်းတွင် ယခုထက် ပိုမိုကျယ်ပြန့်သည့် တွေ့ဆုံပွဲမျိုး ဆက်လက်လုပ်ဆောင်သွားနိုင်ရန် ဆုံးဖြတ်ထားကြောင်း သူက ဆက်ပြောသည်။

    ၂၀၁၅ ရွေးကောက်ပွဲ၏ ရေးမြို့နယ်မှ ရွေးချယ်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် ၅ ဦးတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ၃ ဦးနှင့် မွန်အမျိုးသားပါတီမှ ကိုယ်စားလှယ် ၂ ဦး ပါဝင်ပြီး၊ ၎င်းတို့သည် မြို့နယ်တွင်း ဘက်ပေါင်းစုံ ဖွံ့ဖြိုးရေးအတွက် ပါတီမခွဲဘဲ လုပ်ဆောင်သွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ကျေးရွာအုပ်စုအချို့မှ ကိုယ်စားလှယ်များက သုံးသပ်ကြသည်။

    ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး က “ကျွန်တော်တို့ ရေးမြို့နယ်အတွက် ဒီလိုမျိုး မြို့နယ်ကိုယ်စားလှယ်တွေဟာ ပါတီ မခွဲဘဲနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ အလားအလာကို မြင်ရလို့ ကျွန်တော်တို့ အတော်လေး အားတက်မိပါတယ်။ ဒါကလည်း အပေါင်းလက္ခဏာ ဆောင်ပါတယ်” ဟု ပြောသည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်း ကလည်း ရေးမြို့နယ်မှ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် ငါးဦး ပါတီမခွဲဘဲ အတူတကွပူးပေါင်းပြီး လက်တွဲလုပ်ဆောင်နိုင်သည်ကို ရေးမြို့နယ်အတွင်းရှိ မွန်လူထုနှင့် အခြားတိုင်းရင်းသားလူထုများအား ပြသနိုင်ရန် ကြိုးစားသွားမည်ဟု ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts