မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / မွန်ပြည်သူလက်မခံသောစီမံကိန်းတွေ အမွေချန်ထားပေးခဲ့ပြီ

မွန်ပြည်သူလက်မခံသောစီမံကိန်းတွေ အမွေချန်ထားပေးခဲ့ပြီ

ရေးသားသူ:

၂၀၁၀ ရွေးကောက်ပွဲမှ မွန်ပြည်နယ်လွှတ်တော်စတင်ပေါ်ပေါက်လာပြီး ဝန်ကြီးချုပ် ဦးအုန်းမြင့် ဦးဆောင်သည့် မွန်ပြည်နယ်အစိုးရလည်း ပေါ်ထွန်းခဲ့သည်။ ယခုရက်ပိုင်းအတွင်း အစိုးရသက်တမ်းကုန်ဆုံးတော့မည်ဖြစ်သဖြင့် ၅ နှစ်အတွင်း ဆောင်ရွက်မှုများထဲမှ ထင်သာမြင်သာရှိခဲ့သော ဆောင်ရွက်ချက်များထဲမှ မှတ်သားလေ့လာမိသမျှ ဝေဖန်တင်ပြအပ်ပါသည်။

ငြိမ်းချမ်းရေး
မွန်ပြည်နယ်၏ ပထမဦးဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့သည့် ဦးအုန်းမြင့် ဦးဆောင်သောပြည်နယ်အစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ မွန်ပြည်သစ်ပါတီနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုသဆင့် အပစ်ရပ်စဲမှုလက်မှတ်ရေးထိုးနိုင်ခဲ့သဖြင့် မွန်ပြည်နယ်တွင် တိုက်ပွဲသံများတိတ်ဆိတ်လျက်ရှိသည်။ မြန်မာပြည်တောင်ပိုင်းအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက် မွန်ပြည်သစ်ပါတီသည် တစ်ဖွဲ့တည်းသာ နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်ရေးစာချုပ် NCA လက်မှတ်မထိုးနိုင်သေးသော်လည်း မွန်ပြည်နယ်တဝန်း တိုက်ပွဲသံများမဖြစ်ပေါ်ခဲ့ပေ။

ကျောက်မီးသွေး လျှပ်စစ်စက်ရုံ(Internet)
ကျောက်မီးသွေး လျှပ်စစ်စက်ရုံ(Internet)

လမ်းတံတား
မွန်ပြည်နယ်မြောက်ပိုင်း ကျိုက်ထိုမြို့နယ်မှ တောင်ပိုင်း ရေးမြို့နယ်အထိ ဆက်သွယ်ပေးသည့်ပြည်ထောင်စုလမ်းမကြီး လမ်းကျဉ်းမြောင်းခြင်းနှင့် ချိုင့်ခွက်ထူပြောခဲ့သည်ကို ပြင်ဆင်နိုင်ခဲ့သည်။ သထုံ-မော်လမြိုင် ခရိုင်ချင်းဆက် မော်တော်ကားလမ်းကိုလည်း ဖောက်လုပ်နိုင်ခဲ့သည်။ ယခုအခါ ပြည်နယ်တစ်ခုလုံးအနေဖြင့် လမ်းအနေအထား ပိုမိုကောင်းမွန်လာသည်ကို တွေ့ရှိရသည်။

အလားတူ ကျိုက်မရောမြို့နယ် ရမ္မာဝတီ မော်တော်ကားလမ်းမသည်လည်း ယခင်ထက်တိုးတက်ကောင်းမွန်လာသဖြင့် ခရီးသည်များလွယ်လင့်တကူ ယခင်ကာလများထက် ခရီးသွားလာနိုင်ကြသည်။

မော်လမြိုင်-ဘီလူးကျွန်း(ချောင်းဆုံ) တံတားတည်ဆောက်ခြင်းင့် လျှပ်စစ်မီးသွယ်တန်းနိုင်ခြင်းတို့သည် ထင်သာမြင်သာရှိသော ဒေသဖွံ့ဖြိုးရေးတိုးတက်ဖြစ်ထွန်းမှုတစ်ရပ်ပင် ဖြစ်သည်။ ဘီလူးကျွန်းတစ်ခုလုံးသည် သီးခြားတည်ရှိနေပြီး ရေလမ်းကိုသာ အသုံးပြုနေရသဖြင့် အချိန်နှင့်ငွေများစွာ ကုန်ဆုံးခဲ့ပါသည်။ မကြာမီတံတားကြီးပြီးစီးပါက ဘီလူးကျွန်းအပါအဝင် မွန်ပြည်နယ်တခွင်လုံးကို မော်တော်ကားဖြင့် ခရီးလှည့်လည် သွားလာနိုင်တော့မည်ဖြစ်သည်။

ထို့အတူ ကရင်ပြည်နယ်နှင့် ဆက်သွယ်သည့် ချောင်းနှစ်ခွတံတားတည်ဆောက်ပြီးစီးခဲ့သဖြင့် မွန်နှင့်ကရင်ပြည်နယ်ကို ဆက်သွယ်သည့်လမ်းကြောင်းသစ်တစ်ခု ပေါ်ထွန်းခဲ့သည်။ ထို့ကြောင့် မုဒုံမြို့မှတဆင့် နယ်စပ်ရှိ မြဝတီ၊ ဘုရားသုံးဆူမြို့သို့ မော်တော်ကားငယ်များဖြင့် တိုက်ရိုက်သွားလာနိုင်ပြီဖြစ်သည်။

အခြေခံပညာကျောင်း ၈၉ ကျောင်းကိုပြုပြင်နိုင်ခဲ့
မွန်ပြည်နယ် အစိုးရက မွန်ပြည်အတွင်း စာသင်ကျောင်း ၈၉ ကျောင်းကို ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်း သုံးထောင့်ငါးရာကျော် အသုံးပြုခဲ့သည်ကို သိရသည်။

သံဖြူဇရပ်၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ ရေး၊ ချောင်းဆုံ၊ ကျိုက်မရော စသည့်မြို့နယ် ခုနစ်ခုမှ အခြေခံပညာ အထက်ကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်း တို့တွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်ခြင်း၊ လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
သို့ရာတွင် သက်ဆိုင်ရာဝန်ကြီးက ချထားပေးသော ဆောက်လုပ်ရေး ကန်ထရိုက်များအနေဖြင့် ကျောင်းဆောက်လုပ်ရာတွင် သတ်မှတ် စံချိစံညွှန်းနှင့် မကိုက်ညီသည့်အတွက် ပြန်လည် ပြုပြင်ပေးရန် တိုင်တန်းမှုသတင်းများကိုလည်း တွေ့ရှိခဲ့ရသည်။

လျှပ်စစ်ကဏ္ဍ

မော်လမြိုင်မြို့တွင် Myanmar Lighting Co.,Ltd (MLC)မှ Independent Power Producer-IPP စနစ်ဖြင့် မဂ္ဂါဝပ် ၂၃၀ ထုတ်လုပ်မည့် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူစနစ်သုံး ငန်းတေးလျှပ်စစ်ဓာတ်အားပေး စက်ရုံကို တည်ဆောက်နိုင်ခဲ့သည်။ အဆိုပါ ဓါတ်အားပမာဏသည် လူဦးရေ ၅ သန်းအတွက် လျှပ်စစ်မီးကို ဖူလုံစေသည်ဟု သိရသည်။ Myanmar Lighting Co.,Ltd သည် အစိုးရနှင့် BOT (တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း) စနစ်ဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းသာ ဖြစ်သည်။ အဆိုပါ ငန်းတေးလျှပ်စစ်စက်ရုံမှထွက်ရှိသော ဓါတ်အား ပမာဏသည် လူဦးရေ ၂ သန်းကျော်မျှသာရှိသော မွန်ပြည်နယ်အတွက်လုံလောက်မှုရှိကြောင်း လေ့လာတွေ့ရှိရသည်။

အလားတူ သထုံမြို့တွင်လည်း ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အမေရိကန် ဒေါ်လာ သန်း ၁၄၀ တန်ဖိုးရှိ ဓာတ်အားပေး စက်ရုံ စီမံကိန်း ဆောက်လုပ်ခဲ့သည်။

သို့သော် မွန်ပြည်နယ် ၁၀ မြို့နယ်အနက် ရေးမြို့နယ်အတွက်သာ အစိုးရအနေဖြင့် လျှပ်စစ်ဓါတ်အားလိုင်းများ သွယ်တန်းပေးမနိုင်ခြင်းမရှိသေးသကဲ့သို့ လျှပ်စစ်ဓါတ်အားလိုင်းဆက်သွယ်ပေးရန် သက်ဆိုင်ရာလွှတ်တော်အသီးသီးတွင်လည်း မွန်ပြည်နယ်လွှတ်တော်အမတ်များအနေဖြင့် တောင်းဆိုတင်ပြမှုများ မရှိခဲ့ပေ။

ထို့ကြောင့် မွန်ပြည်နယ်အတွင်း ဒုတိယလူဦးရေးအထူထပ်ဆုံးဖြစ်သည့် ရေးမြို့နယ်သို့ အစိုးရ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်ခြင်း မရှိသဖြင့် မြို့ ၃ မြို့နှင့် ကျေးရွာအုပ်စု ၄၀ ကျော်တို့တွင် ပုဂ္ဂလိက မီးစက်များကို ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူအသုံးပြုနေကြရဆဲဖြစ်သည်။

ပြည်သူများလက်မခံသည့်စီမံကိန်းကျန်ရှိခဲ့
ရေးမြို့နယ်၊ ဖာလိန်ဒေသ အံဒင်ကျောက်မီးသွေးသုံးလျှပ်စစ်စက်ရုံစီမံကိန်း တည်ဆောက်ရန် ပြည်ထောင်စုအစိုးရနှင့် TOYO-Thai ကုမ္ပဏီတို့ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် သဘောတူညီမှုစာချွန်လွှာ MOA လက်မှတ်ရေးထိုးခဲ့ကြသည်။ ကျောက်မီးသွေးစက်ရုံကို လက်ခံသော ၂၀၁၀ ခုနှစ်၊ ရွေးချယ်ခံမွန်အမတ်အချို့က ဒေသဖွံ့ဖြိုးရေးအတွက် လျှပ်စစ်ဓါတ်အားမရှိမဖြစ်ဟု အကြောင်းပြကာ စည်းရုံးဆော်သြမှုများပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

မဂ္ဂါဝပ် ၁၂၈၀ ထုတ်လုပ်မည့်ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်ထုတ်လုပ်ရေးစက်ရုံကို ဒေသခံလူထုများနှင့် သဘာဝဝန်းကျင်ထိန်းသိမ်းသူများက ဆန့်ကျင်ကန့်ကွက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ယင်းစက်ရုံမှ ထွက်ရှိသောလျှပ်စစ်ဓါတ်အားများကို မည်သည့်နေရာသို့ ရောင်းချမည်ကို အသိပေးပြောဆိုမှုများမရှိခဲ့ပေ။

အဆိုပါ အံဒင်ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံတည်ဆောက်မှုစီမံကိန်းအား သတင်းအချက်အလက်များ ကြိုတင်သိရှိထားသူများက ဒေသခံတို့၏ မြေယာများကို ဝယ်ယူခဲ့ကြသည်။ မြေယာဝယ်ယူမှုဖြစ်စဉ်များတွင်လည်း ကျောက်မီးသွေးစက်ရုံ လက်ခံသူနှင့် လက်မခံသူကြား အငြင်းပွားမှုဖြစ်ခဲ့ကြပြီး ရေးမြို့နယ် ရဲစခန်းသို့ အမှုတိုင်ကြားမှုများ ရှိခဲ့သည်။

လက်ရှိတွင် ဖာလိန်ဒေသခံများအနေဖြင့် အံဒင်ကျောက်မီးသွေးသုံးလျှပ်စစ်စက်ရုံတည်ဆောက်မည့်စီမံကိန်းကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်။ ဒေသတွင်းသို့ လာရောက်လေ့လာလိုသော မျက်နှာစိမ်း၊ လူစိမ်းများကို ဒေသခံများက အဝင်မခံတော့ပေ။

အလားတူ ကျိုက်မရောမြို့နယ်၊ ပျားတောင်တွင် တည်ဆောက်လျက်ရှိသည့် မော်လမြိုင် ဘိလပ်မြေစက်ရုံ MCL အတွက် လိုအပ်သော လျှပ်စစ်ဓါတ်အား ၄၀ မဂ္ဂါဝပ်ကို ကျောက်မီးသွေးအသုံးပြုပြီး လည်ပတ်တော့မည်ဖြစ်သည်။ မူလက ကျောက်မီးသွေးအသုံးပြုမည့်ကိစ္စ ဒေသခံများအား အသိပေးပြောကြားခဲ့မရှိသဖြင့် ယခုအခါ ဘုန်းတော်ကြီးများ၊ ဒေသခံများ ကန့်ကွက်နေကြဆဲဖြစ်သည်။ ဒေသခံ ၄ ထောင်ကျော် ကန့်ကွက်လက်မှတ်ရေးထိုးပြီး သက်ဆိုင်ရာသို့ တင်ပြထားသည်ဟု သိရသည်။

MCL စက်ရုံအတွက် ကျောက်မီးသွေးများကို မွန်ပြည်နယ်အစိုးရ ခွင့်ပြုချက်ဖြင့် ကပ္ပလီပင်လယ်ပြင်မှတဆင့် အလတ်စားသင်္ဘောများဖြင့်သယ်ဆောင်နေပြီဖြစ်သည်။ မကြာမီရက်ပိုင်းတွင် စက်ရုံစမ်းသပ်လည်ပတ်တော့မည်ဟု သတင်းများကြားသိရပါသည်။ အဆိုပါ စက်ရုံ ဘိလပ်မြေအိပ်သွပ်စမ်းသပ်လည်ပတ်မည့်အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်အားပေးခဲ့သည်။

အဆိုပါကျောက်မီးသွေးဖြင့် လျှပ်စစ်ဓါတ်အားထုတ်လပ်မည့်အစီအစဉ်တို့သည် ပြည်ထောင်စုအဆင့်ဝန်ကြီး၏ သဘောတူညီချက်ဖြင့် စီစဉ်ဆောင်ရွက်သောကြောင့် မွန်ပြည်နယ်အစိုးရနှင့် ဝန်ကြီးများ မသိရှိဟု သတင်းအင်တာဗျူးများတွင် ထုတ်ဖော်ပြောဆိုမှုများတွေ့ရသည်။ သို့ရာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်မပါဝင်ဘဲနှင့် ပြည်ထောင်စုအစိုးရ အတင်းအကြပ်ဆောင်ရွက်မည်မထင်ကြောင်း ပြည်နယ်လွှတ်တော်အမတ်တချို့ ထောက်ပြပြောဆိုမှုများရှိခဲ့သည်။

အချုပ်အားဖြင့်ဆိုရလျှင် အဆိုပါကျောက်မီးသွေးဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုကို ဒေသခံပြည်သူလူထုများ လက်မခံသကဲ့သို့ လုပ်ဆောင်ရန်မသင့်သော စီမံကိန်းအမျိုးအစားများလည်း ဖြစ်ပါသည်။ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ကျောက်မီးသွေးဖြင့် လျှပ်စစ်ထုတ်လုပ်မည့်ကဏ္ဍတို့တွင် ဒေသခံတို့၏ စိုးရိမ်စိတ်များကို ပိုမိုဖြစ်ပေါ်စေသည်၊ စီမံကိန်းများနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးနှင့် သဘောတူညီချက်ရရှိပြီးဖြစ်သောကြောင့် ဒေသခံတို့၏သဘောထားကိုလည်း လစ်လျူပြုနေကြသည်ကိုလည်း ခံစားမိပါသည်။

မည်သို့ဆိုစေကာမူ ကောင်းမွန်သောအစိုးရ၊ သန့်ရှင်းသောအစိုးရ ကြွေးကျော်သံဖြင့် မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့် အစိုးရလက်ထက်တွင် အကောင်းဘက်ကိုမည်မျှပင်ဖြစ်ထွန်းစေခဲ့သော်လည်း လက်ရှိတွင် မွန်ပြည်သူတွေ လက်မခံသောစီမံကိန်း အမွေချန်ထားပေးခဲ့သည့် ကျောက်မီသွေးနှင့် နောက်ဆက်တွဲပြဿနာများသည် နောင်တက်လာမည့်အစိုးရသစ်နှင့် ဒေသခံများအတွက် စိန်ခေါ်မှုများပင်ဖြစ်နေပါကြောင်း လေ့လာသုံးသပ်မိပါသည်။

About မွန်သတင်းအေဂျင်စီ

Check Also

အခင်းအကျင်းအသစ်အတွက် အစပျိုးမှုတည့်မှန်ရေး

မွန်ပါတီများပေါင်းစည်းရေး ကြိုးပမ်းမှုဖြစ်မလာတော့တဲ့ အနေအထားမှာ နှစ်ပါတီပေါင်းစည်းရေး ကိုလိုလားတဲ့ နှစ်ဘက်ပါတီက နှုတ်ထွက်တဲ့ ပါတီဝင်အချို့တွေ၊ အမျိုးသားရေး စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တချို့တွေ၊ ကနဦး ဦးဆောင်ပြီးတော့ “ရာမညအင်အားစု” ဆိုတဲ့ …

Leave a Reply

%d bloggers like this: