spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးချဲထီလောင်းပြီး ဆင်းရဲတွင်းနက်ထဲ ခုန်ဆင်းကြသူများ

    ချဲထီလောင်းပြီး ဆင်းရဲတွင်းနက်ထဲ ခုန်ဆင်းကြသူများ

    -

    မွန်ပြည်နယ်တွင် မြို့နယ် ၁၀ ခု၊ မြို့နယ်ခွဲနှစ်ခုဖြင့် ဖွဲ့စည်းထားပြီး လူမျိုးပေါင်းစုံနေထိုင်သော ပြည်နယ်တစ်ခု ဖြစ်သည်နှင့်အညီ နှစ်လုံးထီ၊ သုံလုံးထီ (ချဲ၊ ထီ) နှင့် ၁ လုံးထီဆိုသည့် ဘောလုံးလောင်းကစားမှုများသည် လည်းအလွန်အကျွံ ဖြစ်ထွန်းလျက်ရှိနေသည်။

    “ရွာတွေမှာဆိုရင် နှစ်လုံး၊ သုံလုံး ချဲထီးကိစ္စက မသိရင် တရားဝင်ခွင့်ပြုထားသည့် ပုံစံမျိုးနဲ့ ရောင်းချနေကြ တယ်၊ ထိုးနေကြတယ်၊ သူတို့ကိုကြည့်ရတာ လွတ်လွတ်လပ်လပ်ပဲ” ဟု ဆိုလာသူက လမိုင်းမြို့နေ ဒေသခံ ကို မွန်ထော်ဖြစ်သည်။

    မွန်ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် အရွယ်မရွေး၊ လူမျိုး ဘာသာမရွေး၊ အဆင့်အတန်းခွဲခြားထား ခြင်းမရှိကြပဲ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ အဆိုပါနှစ်လုံးထီ၊ သုံလုံးထီတို့ကို လောင်းကစားမှုပြု နေကြသည်။

    ချဲထိုးချင်ရင် ဖုန်းဖြင့်ဖြစ်စေ၊ ဖုန်းမက်ဆေ့ဖြင့်ဖြစ်စေ တစ်ချက်ကလေးဆက်သွယ်လိုက်တာနဲ့ ထိုးလို့ရတဲ့အခြေ အနေမျိုးရောက်အောင် ချဲဒိုင်၊ ကော်မရှင်စားများက ထိုးသားတွေအတွက် ဖန်းတီးပေးထားပါတယ်။ တစ်ချို့ ကော်မရှင်စားတွေက ချဲစာအုပ်ဖြင့် ရွာကို လှည့်ပတ်၍လည်းကောင်း၊ နေရာတစ်ခုခုကို သတ်မှတ်၍လည်း ကောင်း ကိုယ့်ဖောက်သည် (ထိုးသား) တွေအတွက် အဆင်ပြေအောင် ပုံစံအမျိုးမျိုးဖြင့် ရောင်းချခြင်းပြုကြ ပြန် သည်။

    နှစ်လုံးထီးဆိုသည်မှာ တစ်နေ့ ၂ ကြိမ် ပုံမှန်ထုတ်လွှင့်နေသည့် ထိုင်းနိုင်ငံက စတော့ရှယ်ယာဈေးကွက် အတက်အကျ ကိန်းဂဏန်းထဲက နောက်ဆုံးဂဏန်း ၂ လုံးကို အခြေခံ၍ နေ့လယ်ပိုင်း၊ ညနေပိုင်းဆိုပြီး ကံစမ်း နေကြခြင်းဖြစ်သည်။ သုံလုံးထီကတော့ ထိုင်းနိုင်ငံတွင် တစ်လကို ၂ ကြိမ် တရားဝင်ဖွင့်လှစ်ရောင်းချနေသည့် ထီဆုကြီးမှ နောက်ဆုံးဂဏန်းသုံလုံးကို အခြေခံ၍ မြန်မာနိုင်ငံရှိ နေရာဒေသအနှံ့အပြားတွင် နေထိုင်သည့် ဒေသခတွေ လောင်းကစားနေကြခြင်းဖြစ်သည်။

    ချဲဒိုင်လုပ်ငန်းလုပ်ကိုင်နေသူ မိစွန်းကတော့ “ချဲပေါက်တဲ့သူကို နှစ်လုံးထီဆိုရင် အဆ (၈၅)၊ သုံလုံးဆိုရင် အဆ (၅၀ဝ) လျောကြေးအဖြစ် ကျွန်မတို့က ပေးရပါတယ်၊ ဒီချဲထီလျော်ကြေးပေးစနစ်က ဒေသတစ်ခုနဲ့တစ်ခု မတူ ညီကြဘူး” ဟု ဆိုသည်။

    အရင်နှစ်များနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုရင် ဒီနှစ်က ချဲထီလောင်းကစားကြတဲ့သူတွေ နည်းပါးလာသည်ကို သတိ ပြုမိပြီး ယခုလိုအခြေအနေမျိုးဖြစ်လာတာက ၄င်းတို့၏ စီးပွားရေးအခြေအနေကြောင့်လို့လည်း သူက ဆက် ပြောသည်။

    မွန်ပြည်နယ်သည် ရော်ဘာလုပ်ငန်းကို အဓိကထားလုပ်ကိုင်နေကြပြီး ရော်ဘာဈေးနှုန်းများ ဆက်တိုက်ကျ ဆင်းနေခြင်းက ကျေးလက်နေပြည်သူလူထုအများစုအတွက် နေရေး၊ ထိုင်ရေးကအစ အခက်တွေ့သွားစေ သည်။ သို့ပေမယ့်လည်း တစ်ချို့သောသူများက ဝမ်းရေးထက် ဝါသနာဖက်ကို ရှေ့တန်းတင်လိုက်တော့ အကြွေး စနစ်ဖြင့် ထိုးလာကြသည်။

    ထို့ကြောင့် နှစ်လုံး၊ သုံလုံးထီ ထိုးခြင်းမှ အကြွေတင်းပြီး အကြွေဆပ်နိုင်ဖို့ ရှိသမျှကိုယ်ပိုင်အိမ်၊ ခြံ၊ မြေတွေကို ရောင်းရသည့်သူရှိသလို အကြွေမဆပ်နိုင်လို့ ရွာကနေ ထွက်ပြေးရသည့်ဖြစ်စဉ်များလည်း အများအပြား ရှိလာခဲ့ သည်။

    ချဲထီလောင်းကစားမှုမှ (၁၀) သိန်းလောက် အကြွေးရဖို့ရှိတာကို အကြွေးရှင်က ရွာမှာ မနေရဲလို့ တစ်ဖက်နိုင်ငံ ဖြစ်သည့် ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားတာ ယခုအထိ ရွာဖက်ကို ပြန်မရောက်လာသေးဘူးလို့ နှစ်လုံး၊ သုံလုံးထီ ရောင်းသည့် ကော်မရှင်စားတစ်ဦးဖြစ်သူ မင်းအောင်စိုးဝင်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “ဒီနှစ်လုံး၊ သုံလုံးချဲထီများ ထိုးခြင်းကြောင့် ချမ်းသာသွားတဲ့လူ တစ်ယောက်မှ မရှိဘူး၊ ချဲထီကြောင့် ဒုက္ခ ရောက်တဲ့လူကတော့ အများကြီးပဲ၊ ဒါက ကျွန်တော်မျက်မြင်ကိုယ်တွေ့ပါပဲ” ဟု ချဲထီကော်မရှင်းစား လုပ်ငန်းကို ၁၀ နှစ်ကြာလုပ်ကိုင်လာသည့် မင်းအောင်စိုးဝင်က ဆက်ပြောပြသည်။

    ထို့အပြင် အင်္ဂန်လန်၊ ဥရောပတို့မှ နာမည်ကြီး ပရီးမီးယားလိဒ်၊ ချန်ပီယံလိဒ်၊ စပိန်လာလီဂါနဲ့ စီးရီးအေပွဲစဉ် တွေကလည်း မွန်ပြည်နယ်က အမျိုးသားများတင် ဖမ်းစားထားခြင်းမဟုတ်ပဲ အမျိုးသမီးများကိုယ်တိုင်က မန်ယူ၊ အာဆင်နယ်၊ ရီယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ချဲလ်ဆီး၊ ဘိုင်ယန်စတဲ့ ဘောလုံးအသင်းတွေနဲ့ အပေါ်ကြေးလား အောက်ကြေးလား၊ တမတ်၊ ငါးမူး၊ ဂိုးပေါင်းတို့ Focous တို့ဆိုသည့် ၁ လုံးလောင်းကစားမှုကလည်း ခေတ်စား လျက်ရှိသည်ကို တွေ့မြင်နေရပါသည်။

    မွန်ပြည်နယ်ရှိ တစ်ချို့မြို့နယ်များတွင် အာဝါဒေလို့ခေါ်ကြသည့် ကြက်ဝိုင်း၊ ဖဲဝိုင်းများကလည်း တွင်ကျယ် လျက်ရှိပြီး ပြောရမည်ဆိုရင် ကျေးလက်နေပြည်သူတို့သည် အားလပ်ရက်မရှိ အဆိုပါ လောင်းကစားမှုများနှင့် ထိတွေ့ လျက်ရှိကြသည်။

    သမ္မတဦးသိန်းစိန်အစိုးရရဲ့ ၅ နှစ်တာကာလသက်တမ်းကတော့ ကုန်ဆုံးတော့မည်ဖြစ်သည်။ သမ္မတဦးသိန်း စိန်ရဲ့ ကျေးလက်ဒေသအခြေခံလူမှုဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းလုပ် ဆောင်ပေးနေ သည်ကို သူတို့နဲ့ မသက်ဆိုင်သလိုပင်။

    ဖမ်းဆီးအရေးယူမှုများ

    မွန်ပြည်နယ်တွင် ချဲထီအပါအဝင် လောင်းကစား ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့ရာ ၂၀၁၁ ခုနှစ်တွင် အမှု ပေါင်း ၈၆ မှုနှင့်တရားခံ ၁၁၆ ကိုလည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် အမှုပေါင်း ၁၂၉ မှုနှင့် တရားခံ ၂၀၇ ဦး ကို လည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် နေ့အထိ အမှု ပေါင်း ၁၂၈ မှုနှင့် တရားခံ ၂၄၅ ဦးကိုလည်းကောင်း၊ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၁၅ ခုနှစ် အောက်တိုဘာ လကုန်အထိ အမှုပေါင် ၁၉၃ မှုနှင့် တရားခံ ၄၄၂ ဦးကိုလည်းကောင်း ဖမ်းဆီးရမိသည်ဟု မှတ်တမ်းများအရ သိ ရသည်။

    ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် အမှုပေါင်း ၁၃ မှု၊ ဖေဖော်ဝါရီလတွင် အမှုပေါင်း ၁၁ မှုတို့ကိုလည်း ဖမ်းဆီးအရေး ထားပြီးဖြစ်သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှတ်တမ်းများတွင် ဖော်ပြထားသည်။

    အဆိုပါ ဖမ်းဆီးအရေးယူလိုက်သည့် လောင်းကစားမှုများတွင် နှစ်လုံးထီ၊ ချဲထီ၊ ဖဲ၊ ဂျင်နှင့် အခြားဟု ဖော်ပြ ထားသည်ကို တွေ့ရသည်။

    လက်ရှိကာလတွင် မွန်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းတည်ငြိမ်ရေးအတွက် ထိ ရောက်သော ကြိုတင်ကာကွယ်မှုများ၊ မှုခင်းဖော်ထုတ် ဖမ်းဆီးအရေးယူမှုများကို ယခင်ကထက် ပိုမိုထိ ရောက် စေရန် ဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

    သို့ပေမယ့် ချဲဒိုင်လုပ်ငန်း လုပ်ကိုင်နေသူ မိစွန်းကတော့ “ကျွန်မတို့လုပ်ငန်းက အများသိထားသလိုပါပဲ၊ ဘယ် သူနဲ့ပဲဖြစ်ဖြစ် နားလည်မှုနဲ့ပဲ လုပ်ကိုင်နေကြတယ်၊ ဒီကိစ္စက ပြောလို့လည်းမကောင်းဘူး၊ အဲဒီလိုမဟုတ်လို့ရှိရင် ဖမ်းခံထိမယ်လေ” ဟု ဆိုလိုက်သည်။

    ချဲထီအပါအဝင် လောင်းကစားမှုများသည် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးကိစ္စရပ်များ၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးဆီသို့ ဦးတည်ကြိုးပမ်းဆောင်ရွက်ရာတွင် အဓိက ဟန့် တား အနှောက်အယှက်များဖြစ်စေသောအချက်တစ်ခုဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ် မှူးချုပ်ကျော်ဇံမြင့်က ၂၀၁၃ ခုနှစ် ပထမအကြိမ် ပြည်သူလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့ သည်။

    ယင်းလောင်းကစားမှုများကို တိုက်ဖျက်နိုင်လို့ရှိရင် ပြည်သူလူထုတို့၏ ဆင်းရဲနွမ်းပါးမှုပြဿနာများသည်လည်း အလိုလိုလျှော့ချနိုင်မည့်အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်ကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်း အလိုလျှောက်မြင့်တင်ပေးရာရောက်သည်ဟု ယူဆထားသည်။

    သမ္မတဦးသိန်းစိန် ဦးဆောင်သည့်အစိုးရ ပေါ်ပေါက်လာသည့် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပြုပြင် ပြောင်းလဲရေးလုပ်ရမည့် လုပ်ငန်းစဉ်များ၊ စီမံချက်များ ရေးဆွဲချမှတ်ခဲ့ရာတွင် နယ်မြေဒေသအသီးသီးတွင် ပြန့် နှံ့လျက်ရှိသည့် နှစ်လုံးထီ၊ သုံးလုံးထီ၊ (ချဲ၊ ထီ) စသည့် လောင်းကစားမှုများ ကင်းစင်ပပျောက်ရေးကိစ္စ တစ်ခုအပါအဝင်ဖြစ်သော်လည်း ချဲထီလောင်းကစားခြင်းကား လုံးဝပပျောက်ခြင်းမရှိသေးပေ၊

    ချဲထီဒိုင်စာရင်းချုပ်နေစဉ်(Internet)
    ချဲထီဒိုင်စာရင်းချုပ်နေစဉ်(Internet)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts