မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ဦးနာအောက်လှူဒါန်းခဲ့သော ကော့နှတ်ဘုရားသို့ နိုင်ငံခြားသားလာရောက်မှုတိုးလာဟုဆို

ဦးနာအောက်လှူဒါန်းခဲ့သော ကော့နှတ်ဘုရားသို့ နိုင်ငံခြားသားလာရောက်မှုတိုးလာဟုဆို

ရေးသားသူ: >

မော်လမြိုင်မြို့နှင့် မိုင် ၂၀ အကွာခန့်တွင်တည်ရှိသော မွန်သူဌေးကြီး ဦးနာအောက်လှူဒါန်းခဲ့သည့် ကော့နှတ်ကျေးရွာဘုရားသို့ ယခုနှစ်တွင် နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်မူများလာသည်ဟု ကော့နှတ်ဘုရားဂေါပကအဖွဲ့မှ သိရသည်။

ကော့နှတ်ဘုရားရှိ နှစ်ပေါင်းရာကျော်ရှိ သိမ်တော်များ၊ ကျောင်းဆောင်များနှင့် စေတီဘုရားပုထိုးများကို ကော့နှတ်ပရိယတ္တိစာသင်တိုက်မှ ဆရာတော်များနှင့် ဘုရားဂေါပကအဖွဲ့များမှ ထိန်းသိမ်းစောင့်ရှောက်လျှက် ရှိပြီး ဘုရားဂေါပကအဖွဲ့ဝင် ၅ ဦးက လာရောက်လည်ပတ်သူများအား စာရင်းပြုစုထားခြင်း ဖြစ်သည်။

ဂေါပကအဖွဲ့ဝင် နိုင်ထွန်းက “နိုင်ငံခြားသားတွေ လာလေ့လာတယ်၊ ဓါတ်ပုံတွေရိုက်ပြီးတော့ ပြန်သွားကြတာပဲ။ ထိုင်းကလာတဲ့ ဗုဒ္ဓဘာသာတွေလောက်ပဲ နည်းနည်းပါးပါးလှူဒါန်းတာရှိတယ်။ အရင်ကတော့တစ်လကို ၁၀ ဦးလောက်ပဲ လာတာရှိတယ်။ ဒီနှစ်အတွင်းမှာပဲ တစ်လကို ၂၀ ကနေ ၃၀ လောက်အထိလာကြတယ်။ တစ်နှစ်လုံးဆိုရင်တော့ အယောက် ၂၀ဝ ကနေ ၃၀ဝ ကြားလောက်ရှိမယ်” ဟု ပြောသည်။
IMG_4121
နံရံဆေးရေးပန်ချီများ၊ မှန်စီရွှေချထားသည့်တိုင်လုံးများနှင့် ပန်းပုလက်ရာများက နိုင်ငံခြားသားခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်စေသည်။ အဆောက်အအုံအတွင်းရှိ နံရံဆေးရေးပန်းချီများ ပျက်စီးနေသော်လည်း ပြန်လည်ပြုပြင်ရန်အတွက် ပညာရှင်များမရှိခြင်းနှင့် ပြုပြင်လိုက်ပါက ရှေ့ဟောင်းလက်ရာများနှင့် မတူတော့မည်ကို စိုးရိမ်သောကြောင့် မူလအတိုင်းထားရှိထားကြသည်။

ကော့နှတ်ကျေးရွာသား ကိုအောင်ထူးက “ဘုရားကိုလှူဒါန်းခဲ့တာလည်း ဒီရွာကလူပဲ၊ ပြီးတော့အခုကလေးတွေလည်း ဒါတွေကိုမြင်တွေ့ရတော့ ဂုဏ်ယူပါတယ်။ကျွန်တော်တို့နိုင်ငံကဘုရားဖူးဧည့်သည်တွေလာရင် ဂေါပကတွေ လိုက်ရှင်းပြပေးတယ်၊ နိုင်ငံခြားသားဧည့်သည်တွေဆိုရင် သူတို့လမ်းပြပါလာတယ်။ ဒါပေမယ့်သူတို့မသိတဲ့ အကြောင်းတွေဆိုရင် ကျွန်တော်တို့က ရှင်းပြပေးပါတယ်” ဟု ပြောသည်။

ဦးနာအောက်လှူဒါန်းခဲ့သောဘုရားပုထိုးများရှိ နံရံဆေးရေးပန်းချီများနှင့် နှစ်ကျိပ်ရှစ်ဆူ ဝတ်တန်ဆောင်းတို့သည် မန္တလေးနေပြည်တော်ရှိ ပညာရှင်များအား ခေါ်ယူဆောက်လုပ်စေခဲ့ကြောင်း ဦးနာအောက်၏ အထ္ထုပ္ပတိစာအုပ်တွင် ဖော်ပြထားပြီး အတွင်းပိုင်းနံရံများတွင် ပန်းချီများအစား ရုပ်လုံးရုပ်ကြွများဖြင့် မွန်၊မြန်မာမင်းတို့၏ အထ္ထုပ္ပတိများကို ပြုလုပ်ရေးဆွဲထားသည်။

မွန်သူဌေးကြီးဦးနာအောက်လှူဒါန်းခဲ့သော ဘုရားပုထိုးများ၊ ကျောင်းဆောင်များသည် ယနေ့အချိန်တွင် သမိုင်းဝင်အဆောက်အအုံများအဖြစ် ကျန်ရှိနေပြီး မွန်လူမျိုးတို့အဖို့ဂုဏ်ယူစရာတစ်ခုအဖြစ် ကျန်ရှိစေခဲ့သည်။

About မွန်သတင်းအေဂျင်စီ

Check Also

မုဒုံမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အား ဒေသခံ ၁၀ဝ ခန့် ဆန္ဒထုတ်ဖော်

မွန်ပြည်နယ် မုဒုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်အား ကျေးရွာအုပ်ချုပ်ရေးမှူးထုတ်ပယ်ရခြင်းနှင့်ပတ်သက်၍ မှိန်ဂနိမ်းကျေးရွာ၌ ဒေသခံ ၁၀ဝ ခန့်တို့က စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် …

Leave a Reply

%d bloggers like this: