မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အမြင်နှင့်သုံးသပ်ချက် / အထက်အောက် အသွင်ကူးပြောင်းရေးတွင် ဒီမိုကရေစီပြည်သူများ၏ အခန်းကဏ္ဍ

အထက်အောက် အသွင်ကူးပြောင်းရေးတွင် ဒီမိုကရေစီပြည်သူများ၏ အခန်းကဏ္ဍ

ရေးသားသူ: >

လက်ရှိမြန်မာနိုင်ငံ၏ (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုနိုင်ရန် ဆယ်စုတစုနီးပါး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဆွေးနွေးငြင်ခုံမှု ပြုခဲ့ကြရသည်။ ထိုစဉ်ကတည်းကပင် မြန်မာနိုင်ငံရေးတွင် အင်ဒိုနီးရှားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် မိမိအခြေအနေနှင့် နီးစပ်သော အထက်က လမ်းတည့်ပေးလိုက်သော လေ့လာစရာ ဖြစ်ခဲ့သည်။ ထိုစဉ်က အလေးထား အသိအမှတ်ပြုခဲ့သည်မှာ အရပ်ဘက်နှင့် စစ်ဘက်ခေါင်းဆောင်များတို့၏ အပေးအယူပြုလုပ်နိုင်မှု၊ ကျွမ်းကျင်လိမ်မာမှုသာ ဖြစ်သည်။

(၂၀၁၅) ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ (၈၀%) နီးပါး ရွေးကော်ပွဲရလာဒ် ထွက်ပေါ်လာသည့်အခါ ပြည်တွင်းပြည်ပ နိုင်ငံရေးသုတေသီခေါင်းဆောင်များ မမြင်နိုင်သော ရွေးကောက်ပွဲ၏ တန်ခိုးမာယာ၊ အောက်ခြေပြည်သူလူထု၏ အကဲမခတ်နိုင်သော ရိုက်ချက်အပေါ် အာရုံရောက်ဖြစ်သည်။ လွန်ခဲ့သော (၂၅)နှစ်အကြာ (၁၉၉၀) ခုနှစ် ရွေးကောက်ပွဲရလာဒ်၏ ပြန်ကာဟပ်ကာရန် အချိတ်ဆက်ကို နားလည်လာမိသည်။ အထက်အောက် အကူးအပြောင်း ဒီမိုကရေစီပေါက်ဖွားလာပုံသဘောသဘာဝကို ဆင်ခြင်ခံစားမိလာသည်။ အနီးမြင်သုံးသပ်ချက်များ၊ မီဒီယာက ကြောင်းပေးတင်ပြသော ဖော်ညွှန်းချက်များကို ကျော်လွန်၍ မြေအောက်ဆန်ဆန် စိတ်ခံစားမှု အခြေပြုသော ရုန်းကန်လှုပ်ရှားမှုများနှင့် တသီးပုဂ္ဂလခံစားချက် အစုအပေါင်းတို့ဖြင့် ကြီးမားသော နိုင်ငံရေး အကွေ့အလှည့်တခု ဖန်တီးနိုင်စွမ်းကို သင်ခန်းစာယူနေမိတော့သည်။ ထိုအခါမှ အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေရစီ အသွင်ကူးပြောင်းမှုတွင် ပါဝင်ခဲ့သော ဒီမိုကရေစီပြည်သူများ၏ကဏ္ဍကို ပြန်လည်လှန်လှော ဂရုပြု ရှာကြည့်ရပါသည်။

အင်ဒိုနီးရှားနိုင်ငံသမိုင်းတွင် မအောင်မြင်သော ကွန်မြူနစ်တို့၏ အာဏာသိမ်းပွဲကြောင့် ဆူကာနိုအစိုးရအာဏာသည် ဗိုလ်ချုပ်ကြီး ဆူဟာတိုလက်သို့ (၁၉၆၇)ခုနှစ်၌ ရောက်ရှိသွားသည်။ ထိုအချိန်မှစ၍ နိုင်ငံရေးအစီအစဉ်သစ် (The New Order) အုပ်ချုပ်ရေး ပေါ်လာသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖြင့် အနှစ် (၃၀)ကျော် နိုင်ငံရေး တည်ငြိမ်မှု ရယူနိုင်ခဲ့သည်။ ဆင်းရဲမွဲတေမှုနှုန်း ကျဆင်းကာ လူမှုစီးပွားရေးညွှန်းကိန်းများလည်း တိုးတက်လာခဲ့သည်။

“အစီအစဉ်သစ်” အစိုးရသည် လူအဖွဲ့အစည်း၏ နိုင်ငံရေးနှင့် လူမှုရေး တည်ဆောက်ပုံကို အလေးထားပဲ့ကိုင် ထိမ်းချုပ်ခဲ့သည်။ လူ့အဖွဲ့အစည်းကို အမျိုးအစားအလိုက် “အမျိုးသားအဆင့်” (နိုင်ငံအဆင့်) ကိုယ်စားပြု ကိုယ်ထည်အဖွဲ့အစည်းများအဖြစ် စုစည်းပစ်လိုက်သည်။ (ဥပမာ – အမျိုးသားကျောင်းဆရာအစည်းအရုံး၊ လယ်သမားအစည်းအရုံး၊ အမျိုးသမီးဖက်ဒရေးရှင်း၊ အမျိုးသားဂျာနယ်လစ်အဖွဲ့အစည်း စသည်ဖြင့်)။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရေရှည်ထိမ်းထားနိုင်ရန်နိုင်ငံရေး တည်ငြိမ်မှု လိုအပ်သည် ဟူသောအမြင် သွတ်သွင်းသည်။

NLD မဲဆွယ်စည်းရုံးစဉ်(Internet)
NLD မဲဆွယ်စည်းရုံးစဉ်(Internet)
အစိုးရသည် အစ္စလာမ်ပါတီများအားလုံးကို တပါတီတည်းအဖြစ်လည်းကောင်း၊ အမျိုးသားရေးဝါဒီနှင့် ခရစ်ယာန်ပါတီများအားလုံးကို တပါတီတည်းအဖြစ်လည်းကောင်း အဓမ္မဖိအားပေး စုစည်းစေသည်။ တချိန်တည်းတွင် ဆူဟာတိုက တတိယ ‘ကြား’ ပါတီတရပ်ကို ဦးဆောင်ထူထောင်ပြီး အခြားအမျိုးအစား အတိုက်အခံပါတီများ မပေါ်ပေါက်အောင် ထိမ်းချုပ်ထားသည်။ ဤနိုင်ငံရေးစနစ်ကို အပြိုင်ရပ်တည်နေသော စစ်တပ်ဖွဲ့စည်းပုံဖြင့် ကြားကန်ပြန်သည်။ ထိုကာလ၏ရွေးကောက်ပွဲမျးမှာ စစ်မှန်သောတရား ဥပဒေလမ်းကြောင်းကျမှု (Legitimacy) ကို ပေးအပ်သည်ထက် ပြယုဂ်သဏ္ဍာန်ဆောင်များသာ ဖြစ်ခဲ့သည်။

(၁၉၉၇) ခုနှစ် အရှေ့အာရှဘဏ္ဍာရေး အကျပ်အတည်းက “အစီအစဉ်သစ်” အစိုးရကို ဖရိုဖရဲဖြစ် ပြိုကွဲသွားစေသည်။ အင်ဒိုနီးရှားသည် အဆိုးဝါးဆုံး ဒဏ်ခံခဲ့ရကာ ဆူဟာတိုသည် (၁၉၉၈) ခုနှစ် မေလတွင် နှုတ်ထွက်ပေးခဲ့ရသည်။ နှုတ်ထွက်ရသည့်အဆင့် မရောက်ခင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် (reformasi)ချမှတ်ကာ ဒီမိုကရေစီအခြေခံမူများ သွတ်သွင်းလာပြီး ကူးပြောင်းရေးကာလ တရားမှျတမှုဥပဒေကိုလည်း ပြဌာန်းပေးခဲ့သည်။ အဆင့်အသီးသီးရှိ အကျင့်ပျက်ခြစားသူများကိုလည်း အရေးယူဖြုတ်ပစ်ခဲ့သည်။

အစိုးရ၏ ပြုပြင်ပြောင်းလဲရေးသည် ပြဿနာဖြေရှင်းရန် အလုံအလောက် မရှိဟု လူ့အဖွဲ့အစည်းအုပ်စုအားလုံးက ရှင်းရှင်းလင်းလင်း ရှိထားပြီး အခြေအနေတွင်သမ္မတ၏ သစ္စာတော်ခံ ပါလီမန်က နောက်သက်တမ်းတခုစာ ဆူဟာတိုကို ပြန်ရွေးချယ်လိုက်ခြင်းသည် နှုတ်ထွက်စေရေး အကြောင်းရင်းတခု ပိုလာစေခြင်း ဖြစ်သည်။ ဖြစ်ပွားလာသော လူထုဆန္ဒပြမှုများ၊ အဓိကရုဏ်းများ၏ ဆူဟာတို ဖြုတ်ချရေး တောင်းဆိုချက်များကို ထိုအချိန်က စစ်တပ်သည် မတားဆီးနိုင် (သို့)တားဆီးရန် စိတ်မထက်သန်သည့် အနေအထားတွင် ရှိနေသည်။ ထို့ကြောင့် သမ္မတနှုတ်ထွက်သွားရပြီး ဒုသမ္မတ ဘီ ဂျေယာဘီဘီ တက်လာသည်။ ဤနေရာတွင် အောက်ခြေလူထု၏ ငြိမ်ဝမ်တိတ်ဆိတ်နေခြင်းကို နိုင်ငံရေး တည်ငြိမ်မှု အခိုင်အမာ ရှိနေခြင်းနှင့် ရောထွေးမပစ်လိုက်ရန် ဖြစ်သည်။

သမ္မတဟာဘီဘီသည် အစစ်အမှန် အပြောင်းအလဲကို ကိုယ်စားမပြုပေ။ သို့သော် ဆူဟာတို၏ မငြိမ်းခင် ထထောက်ပေးခဲ့သော ပြုပြင်ပြောင်းလဲရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များသည် အနာဂတ်လမ်းညွှန် တုတ်တံသဖွယ် ဖြစ်ခဲ့သည်။

အင်ဒိုနီးရှား ပြည်သူလူထုသည် ပြုပြင်ပြောင်းလဲရေးကို ဆင့်ကဲဖြစ်စဉ်ဖြင့် ဖြတ်သန်းခဲ့ခြင်းဖြင့် တော်လှန်ရေးလမ်းကြောင်းကို မရွေးချယ်ခြင်းက များစွာ ကံကောင်းအကျိုးရှိသွားသည်။ ဤအတွက် နောက်ခံအကြောင်းရင်း ရှိသည်။ (၁၉၆၀) နှစ်များအတွင်း မတရားအသင်း ကြေညာခံလိုက်ရသော အင်ဒိုနီးရှား ကွန်မြူနစ်ပါတီ (CPI) ၏ မအောင်မြင်သော အာဏာသိမ်းမှုကို ဖြိုခွင်းအရေးယူရာတွင် ကွန်မြူနစ်ပါတီဝင်ဟု မသင်္ကာခံရသူ ထောင်ပေါင်းရာချီ အသက်ဆုံးရှုံးခဲ့ရသည်။ ဤအခြေအနေမျိုးတွင် ဖြစ်လေ့ဖြစ်ထရှိသည့်အတိုင်း မရေမတွက်နိုင်သော အပြစ်မဲ့ပြည်သူတို့ သေကြေအသက်ဆုံးရှုံးခဲ့ကြရသည်။ ဤအစုလိုက်အပြုံလိုက် မျိုးဖြုတ်သတ်ဖြတ်မှုတစ္ဆေသည် လူထုကို ခြောက်လှန့်ခဲ့၊ ခြောက်လှန့်ဆဲ ဖြစ်သည်။

ထို့ကြောင့်လည်း ထိုသမိုင်းဝင် ကြေကွဲဝမ်းနည်းဖွယ်ရာများကို ပြန်လည်မပြောချင်၊ ထပ်လည်း မဖြစ်စေချင်တော့ပေ။ ဆူဟာတိုအာဏာ လက်လွှတ်ဆုံးရှုံးချိန်တွင် အလားတူ နှိမ်နင်းသတ်ဖြတ်ရန် လိုအင်ဆန္ဒ မရှိကြတော့ပေ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းခြင်း၊ အရေးပေါ်ဥပဒေဖြင့် အုပ်ချုပ်ခြင်းနှင့် အစိုုးရဟောင်း၏ အကြွင်းအကျန်များကို ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းလင်းခြင်း စသည့်တော်လှန်ရေးလမ်းကြောင်းကို အစွန်းအရောက်ဆုံး ကျောင်းသားအုပ်စုများသာ စိတ်ဝင်တစား ဖြစ်ခဲ့ကြသည်။

ဆင့်ကဲပြောင်းလဲမှုလမ်းကြောင်းကို ရွေးချယ်ခြင်းကြောင့် တွေ့ဆုံဆွေးနွေးရေး စေ့စပ်ညှိနှုိင်းရေးကို ယုံကြည်အားထားရသည်။ နိုင်ငံရေးပါတီများသည် နိုင်ငံရေးအခင်းအကျင်း ပြင်ဆင်ရာတွင် အာဏာပိုင်ဆန်လွန်းသွားနိုင်မှုကို အထူးသတိပြုကြရသည်။ အခြေခံပိုကျသောအဆင့်များ၌ မည်သည့်ပါတီမှျ အခြားပါတီများအပေါ် နိုင်ငံရေးအရ ရွေးကောက်ပွဲအရ လုံးဝလွှမ်းမိုးထားမှု မရှိချေ။

နိုင်ငံရေးပါတီများသည် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် အခြားအုပ်စုဝင်များကို ဖိတ်ကြားပြီး လက်တွဲလုပ်ဆောင်ကြသည်။ ဤနည်းဖြင့် ပြည်သူလူထု၏ ဒီမိုကရေစီနိုင်ငံသား ဖြစ်မှုကို အပြန့်ကျယ်လာစေသည်။ ပြုပြင်ပြောင်းလဲရေးအရ ဒီမိုကရေစီရေး လမ်းပွင့်လာမှု အများအပြား ရှိလာသည့်တိုင်အောင် တိုက်ရိုက်ဒီမိုကရေစီ ကျင့်သုံးနိုင်ရေး လုပ်ဟန်များ၊ လူထုဆန္ဒခံယူပွဲတို့သည် ဥပဒေပုဒ်ထီး ပုဒ်မများတွင် မပါဝင်သေးပေ။ ထို့ကြောင့်လည်း (၁၉၉၉ – ၂၀၀၂) ခုနှစ်များအတွင်း တံခါးနောက်ကွယ်စေ့စပ်ညှိနှုိင်းများစွာဖြင့် ပြုပြင်ပြောင်းလဲရေးများကို ဖြေးဖြေးမှန်မှန် တလုပ်ချင်း စားသုံးးသည့်စတိုင်ဖြင့် စခန်းသွားရသည်။

ပြည်သူလူထုသည် ရွေးကောက်ပွဲ အတုအယောင်များကို ယဉ်ကျေးမှုတရပ်နှယ် လက်ခံလာခဲ့ရသည့်အားလှျော်စွာ နောက်ပိုင်းတွင် ရွေးကောက်ပွဲနည်းလမ်းကို တရားလမ်းကြောင်းကျမှု အဆုံးအဖြတ်ပေး ရှေ့ဆောင်နည်းလမ်းအဖြစ်လည်းကောင်း၊ ခေါင်းဆောင်အပြောင်းအလဲအတွက် အရေးကြီးသော လိုအပ်ချက်အဖြစ်လည်းကောင်း သဘောထားနိုင်ခဲ့သည်။

အသစ်ပေါ်ထွက်လာသော၊ ပြန်လည်ပေါ်ထွက်လာသော နိုင်ငံရေး အထူးအလွှာ အီလိုက် (Elites) များသည် အခြားလူမှုအီလိုအလွှာများ (အဆင့်မြင့် အရာရှိကြီးများနှင့် လုပ်ငန်းရှင်ကြီးများ အပါအဝင်) နှင့် စေ့စပ်ညှိနှုိင်းမှုကို သင်ယူကြသည်။ လူထုတောင်းဆိုချက် ပမာဏအတိုင်းအတာကို လေ့လာကြသည်။ သမ္မတသစ်သည်လည်း သစ္စာခံထိမ်းချုပ်သူဘဝမှ လူထုလှုပ်ရှားမှု လှုိင်းတပိုးများအကြား ပြုပြင်ပြောင်းလဲရေး လမ်းဖွင့်ပေးသူ စတင်ပေးသူ ဖြစ်လာသည်။

ဤသို့အခြေခံကျကျ ပြောင်းလဲသွားခြင်းကြောင့် ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာပင် ဒီမိုကရေစီမှတ်တိုင် ဖြစ်မည့် မရေမတွက်နိုင်သော ဥပဒေများစွာကို ပြဌာန်းပေးခဲ့သည်။ တချိန်က သမ္မတဆူဟာတိုကို ရွေးချယ်ခဲ့သော ရော်ဘာတံဆိပ်တုံးပါလီမန်သည် အစိုးရက တင်သွင်းသည့် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဥပဒေကြမ်းများကို အကြီးအကျယ် ပြင်ဆင်လိုက်သည်။ ရွေးကောက်ပွဲ စည်းစနစ်ကို အချိုးကျကိုယ်စားပြုမှုစနစ် ကျင့်သုံးပြီး ကော်မရှင်ကို အစိုးရခန့်အပ်သူများနှင့် နိုင်ငံရေးပါတီမှ ရွေးချယ်သူများကို အရေအတွက်တူ ထည့်သွင်းဖွဲ့စည်းသည်။ အဆိုပြု ရွေးကောက်ပွဲကော်မရှင်ဥပဒေကြမ်းတွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပါဝင်မှုကို (နိုင်ငံရေးပါတီများက အကြောက်အကန် ငြင်းပယ်နေချိန်တွင်) ပါလီမန်၏ (၁၅%) အထူးအခွင့်အရေးရ တပ်မတော်က ဦးဆောင်ထောက်ခံခဲ့သည်။

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးသည် အဓိကကဏ္ဍတခုအနေဖြင့် ပါဝင်သည်။ ၎င်းကို ပြည်သူလူထု အာရုံစိုက်လာစေရေးအတွက် လှုံ့ဆော်ဆန္ဒပြပွဲများ (Campaigns) ပြုလုပ်ကြသည်။ ပထမ (၄) နှစ် စီမံကိန်းကာလအတွင်း အဂတိလိုက်စားမှု ကော်မရှင် (KPK) ကို ဘက်စုံလွှမ်းခြုံလုပ်ငန်းစဉ်များဖြင့် ဖွဲ့စည်းခဲ့ကြသည်။

KPK ၏ ရှေးဦးကော်မရှင်နာများသည် စွမ်းစွမ်းတမံ အရေးယူခြင်းနှင့် မြန်မြန်ထက်ထက် နှိမ်နင်းခြင်းကို ဦးစားမပေးဘဲ အဖွဲ့အစည်းတွင်း ရှင်းလင်းပြတ်သားသောလုပ်ဟန် ရှိရေးနှင့် စည်းလုံးညီညွတ်မှု တည်ဆောက်ရေးကို အာရုံစိုက် လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့်လည်း ဖိအားအမျိုးမျိုးကြား၌ ကျွံနစ်မသွားဘဲ အတွင်းစည်းသတင်း ပေါက်ကြားမှုနှင့် ဘက်လိုက်အဆုံးအဖြတ်ပေးမှုများကြောင့် ဂုဏ်သိက္ခာကျဆင်းခဲ့ရခြင်းမျိုး မရှိခဲ့ပေ။

သံသယရှိသူများကို အရေးယူဆုံးဖြတ်စီရင်ရာတွင် သက်ဆိုင်ရာ အီလစ်အလွှာများက တုန့်ပြန်ရင်ဆိုင် ထိုးနှက်မည် ဖြစ်ရာ ၎င်း၏ဒဏ်ကို ခံနိုင်ရန်မှာ လူထုထောက်ခံမှု အထူးလိုအပ်ပေသည်။ KPK သည် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် သတင်းမီဒီယာများဖြင့် အခိုင်အမာ ကွန်ယက်ဖွဲ့ထားရာ အလွန်အဖိုးမဖြတ်နိုင်သော ရင်းနှီးစိုက်ထုတ်မှု ဖြစ်သည်။ KPK ၏ အောင်မြင်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ အဂတိလိုက်စားမှု ညွှန်းကိန်း (CPI) (Corruption Perception Index) သည် ကမ္ဘာ့အောက်တန်းရှိနေရာမှ (၂၀၁၁) ခုနှစ်တွင် အလယ်အဆင့်သို့ ပြန်တက်လာခဲ့သည်။

အကူးအပြောင်းကာလ ရွေးကောက်ပွဲများ၏ သဘောသဘာဝမှာ ပြိုင်ဖက်ကို အထင်အရှား ကွဲပြားစွာ မြင်နိုင်ကြပြီး ရေရှည်သွားနိုင်ရေး (သို့) လူ့အဖွဲ့အစည်း၏ အခြားအက်ကြောင်းပြဿနာများကို အမြဲတမ်းထင်ဟပ်ခြင်း မရှိပေ။ ရွေးကောက်ပွဲ အခြေခံမောင်းနှင်အားမှာ အစိုးရဟောင်းကို (မဲမကွဲစေဘဲ) အပြတ်သတ် အနိုင်ယူရန်နှင့် စနစ်ဟောင်းကို အခြေခံကျကျ ပြောင်းလဲပစ်ရန် ဖြစ်သည်။ သာမန်ပေါ်လစီ၊ လုပ်ဟန်နှင့် ခေါင်းဆောင်ပြောင်းလဲရုံ မဟုတ်ပါ။ ဥပမာအားဖြင့် လူ့အဖွဲ့အစည်းတွင်း၌ အစ္စလာမ်မစ်ဝါဒီများနှင့် လောကီရေးဝါဒီများအကြား သမိုင်းကြောင်းချီ ကွဲပြားမှု ရှိနေသည့်တိုင် အကူးအပြောင်းကာလ ရွေးကောက်ပွဲ ရွေးချယ်မှုမှာ အစိုးရဟောင်းကို အဆန့်ကျင်ဆုံးသူများနှင့် အဟောင်းမှ ပြောင်းလဲစိတ် အပြင်းပျဆုံးသူများအကြား ယှဉ်ပြိုင်မှု ဖြစ်နေသည်။ မဲဆန္ဒရှင်များသည် အဖိနှိပ်ခံရဆုံးခေါင်းဆောင် (သို့) အုပ်စုအပေါ် ပို၍ အားကို ယုံကြည်ကြသည်။ အင်ဒိုနီးရှားနိုင်ငံအတွက် ဥပမာမှာ (PDI-P) ပါတီမှ မေဂါဝတီဆူကာနို ပူထရီ ဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသအတွက်မှာမူ အစ္စလာမ်မစ်ပါတီများ ဖြစ်သည်။

သို့သော်လည်း ထို “ဆန္ဒအခြေပြုမဲ” များသည် သက်တမ်းကြာရှည် မခံပါ။ အကူးအပြောင်းကာလ ခံစားချက် မှေးမှိန်လာသည်နှင့်အမှျ နိုင်ငံရေးပဥ္စလက်ဆန်မှုသည်လည်း ကြဲပါးလာပြီး ဘဝသည် ပုံမှန်စည်းချက်အတိုုင်း ပြန်လည်လာရမည် ဖြစ်သည်။ အတွေးအခေါ်၊ နိုင်ငံရေးနှင့် ပထဝီမြေ အနေအထား အခြေခံပဋိပက္ခဟောင်းများ၊ ပြဿနာဟောင်းများတို့ ပြန်ပေါ်လာလိမ့်မည် ဖြစ်သည်။ ရေရှည်အောင်မြင်မှုကို ကောင်းမွန်သော အုပ်ချုပ်မှု စွမ်းရည်ဖြင့်သာ ရယူနိုင်သည်။ ကံမကောင်း အကြောင်းမလှစွာပင် အချို့စည်းရုံးရေး အကောင်းဆုံး တော်လှန်ရေးခေါင်းဆောင်များသည် စီမံကွပ်ကဲမှုဆိုင်ရာ နေ့စဉ်ဝတ္တရားများ၊ သမာန်လုပ်ရိုးလုပ်စဉ် လူထုအုပ်ချုပ်ရေးနှင့် ပတ်သက်ပြီး အတွေ့အကြုံနည်းပါးကြသည်။

ထို့ပြင် အကူးအပြောင်းကာလ နိုင်ငံရေးသက်တန့်ရောင်စဉ်မြင်ကွင်းသည် လက်ဝဲ (သို့) လက်ကျာ်အစွန်းထွက် နိုင်ငံရေး ဖြစ်ပြီး၊ အလေးစီးသော အလယ်ဗဟို ထိမ်းညှိမှုမဲ့သော အန္တရာယ် ရှိနေတတ်သည်။ ဤအနေအထားသည် တည်ငြိမ်မှု ကင်းမဲ့ပြီး ဆွေးနွေးငြင်းခုန်ယဉ်ကျေးမှုကို ဆုတ်ယုတ်နိမ့်ပါးစေသည်။

ထိုအနေအထားမျိုး ရှိသည့် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကတို့နှင့် ခြားနားစွာပင် အင်ဒိုနီးရှားနိုင်ငံ၌ နှစ်ပေါင်း (၄၀) ကာလအတွင်း “အလယ်ကွင်း” တခု ထူးခြားစွာ ပေါ်ပေါက်လာခဲ့သည်။ အစ္စလာမ်မစ်အဖွဲ့ကြီး (၂) ဖွဲ့လုံးသည် အစ္စလာမ်မစ် နိုင်ငံတော် ထူထောင်ရန် မလိုဟု လက်ခံထားပြီး လောကီရေးရာနှင့် လူသားအမြင်များကို ထည့်သွင်းနားထောင်ရန် ဆုံးဖြတ်ထားကြသည်။ ဤ “အလယ်ကွင်း” ကို မဲဆန္ဒရှင်အများစုက ပြတ်ပြတ်သားသား ထောက်ခံသည်။ (၁၉၅၀) ခုနှစ်များအတွင်း အစွန်းနိုင်ငံရေးလက်ခံသူ ခန့်မှန်းခြေ (၉၀%) ရှိနေရာမှ (၂၀၀၉) ခုနှစ်အရောက်တွင် (၃၅%) လောက်သာ စွဲမြဲကျန်ရှိတော့သည်။

ဤသို့ခေတ်မီအလယ်အလတ်အမြင် ပြောင်းလဲလွှမ်းမိုးလာခြင်းသည် ဆူဟာတိုအမွေဆိုးများထဲမှ ဂန္ထဝင်အကောင်း ဖြစ်သည်။ နိုင်ငံရေးခေါင်းဆောင်များသည် ရွေးကောက်ပွဲကာလ အသံအကျယ်လောင်ဆုံး အစိုးရဆန့်ကျင်ရေး အစုအဖွဲ့များကိုသာ မှီခိုအားထား မနေသင့်ဘဲ အစဉ်အလာကွဲပြားမှုကို တံတားထိုးပေးမည့် အလယ်ဗဟို ရပ်တည်ချက် ဖွံ့ဖြိုးအားကောင်းရန် အားထည့်လုပ်ဆောင်သင့်ပေသည်။ ဤနည်းဖြင့်သာ စစ်မှန်သော နိုင်ငံရေး တည်ငြိမ်မှုကို မှျော်လင့်နိုင်မည် ဖြစ်သည်။

[Ref: The Case of Indonesia (Normalizing Relations with the Military) by Kevin Evans]

About မွန်သတင်းအေဂျင်စီ

Check Also

သံလွင်ရဲ့ ညီညွှတ်မှုတေး

‘သံလွင်’ဟုဆိုလိုက်တာနဲ့မြွေလိမ်မြွေကောက်အသွင်သဏ္ဍာန်နဲ့တရုတ်နိုင်ငံမှမြစ်ဖျားခံစီးဆင်းလာသည့်မြစ်ဖြစ်သည်။ မြစ်အဆုံးရာမညနဲ့ သံလွင်သည်ခွဲခြားလို့မရနိုင်သောဆက်စပ်မှုပင်ဖြစ်သည်။ တရုတ်နိုင်ငံမှတဆင့်မြန်မာနိုင်ငံနယ်နိမိတ်များဖြစ်သောရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ကိုဖြတ်သန်းစီးဆင်းကာ မုတ္တမပင်လယ်ကွေ့မှ ဘင်္ဂလားပင်လယ်အော်ထဲသို့စီးဝင်သည်။ နှစ်ပေါင်းများစွာသံလွင်ဟာ လူသားတို့၏ ဘဝများစွာအတွက်အသုံးတော်ခံရပ်တည်ပေးခဲ့သည်။ သံလွင်ဟာလူသားတို့အတွက် သဘာဝဖန်တီးပေးထားသော အနဂ္ဃရတနာတစ်ပါးပင်ဖြစ်သည်။ …

Leave a Reply

%d bloggers like this: