spot_img
Saturday, April 20, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်ဖမ်းသိမ်းလိုင်စင်မဲ့ကားလေလံပွဲဖျက်ပြီး ဌာနဆိုင်ရာတွေကိုခွဲတမ်းချဝေငှပေးတာ နည်းလမ်းကျရဲ့လား

    ဖမ်းသိမ်းလိုင်စင်မဲ့ကားလေလံပွဲဖျက်ပြီး ဌာနဆိုင်ရာတွေကိုခွဲတမ်းချဝေငှပေးတာ နည်းလမ်းကျရဲ့လား

    -

    မွန်ပြည်နယ်အတွင်း ဖမ်းသိမ်းခဲ့တဲ့လိုင်စင်မဲ့ Without ကားတွေကို လေလံမတင်တော့ဘဲ ဌာနဆိုင်ရာတွေကို မဲနှိုက်ခွဲတမ်းချဝေငှပေးတယ်ဆိုတာ အစိုးရတစ်ရပ်ရဲ့စီမံအုပ်ချုပ်မှုပုံစံက တကယ်နည်းလမ်းကျရဲ့လားလို့ တွေးတောစဉ်းစားဖြစ်ပါတယ်။

    ချောင်းဆုံမြို့နယ် အမှတ်(၁) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက “ပြည်သူလူထုဆီက သိမ်းဆည်းတဲ့ကားတွေဖြစ်တယ်၊ တရားမဝင်တင်သွင်းလာတဲ့ကားတွေကို သိမ်းဆည်းရာက ဌာနဆိုင်ရာတွေကို ပေးတယ်ဆိုတော့လည်း နားကြားရတာတမျိုးကြီးပဲ၊ သိပ်အဆင်မပြေဘူးပေါ့၊ အကယ်၍ ဒီကားတွေကို ပြည်သူလူထုကိုပဲ ဦးစားပေးပြီး တင်ဒါတွေချပေးမယ်၊ ပြည်သူတွေကပဲ တင်ဒါဆွဲယူတာက ပိုပြီးသင့်တော်မယ်” လို့ ပြောပါတယ်။

    သိမ်းဆည်းလိုင်စင်မဲ့ကားများ(MNA)
    သိမ်းဆည်းလိုင်စင်မဲ့ကားများ(MNA)

    ပြည်သူလူထုဆီက သိမ်းဆည်းထားတဲ့ မော်တော်ကားတွေကို ဌာနဆိုင်ရာတွေအတွက် ခွဲတမ်းချပေးတာဟာ အစိုးရတစ်ရပ်ကို ပြည်သူလူထုလေးစားဖို့ အားနည်းစေတဲ့အချက်တွေ အများကြီးဖြစ်စေတာပဲလို့ သူကဝေဖန်လိုက်ပါတယ်။

    မွန်ပြည်နယ်က ဝန်ကြီးဌာန ၉ ခုနဲ့ ပြည်နယ်တွင်းဌာနဆိုင်ရာ ၉၈ ခုတို့ကို မဲနှိုက်ခွဲတမ်းချ ဝေငှပေးမယ့်မော်တော်ကားတွေကတော့ မွန်ပြည်နယ် ၁၀ မြို့နယ် တရားရုံးတွေကနေ စီရင်ချက်ထားပြီးတဲ့ လိုင်စင်မဲ့ကားစုစုပေါင်း ၁၄၆ စီးဖြစ်ပါတယ်။

    ဖမ်းဆီးရမိတဲ့ တရားမဝင်လိုင်စင်မဲ့မော်တော်ယာဉ်တွေကို သက်သေခံပစ္စည်းအဖြစ် သက်ဆိုင်ရာတရားရုံးကိုလျောက်တင်၊ စီရင်ဆုံးဖြတ်တဲ့အခါ နိုင်ငံတော်ပိုင်ပစ္စည်းအဖြစ် သတ်မှတ် သိမ်းဆည်းပြီး ပြည်ထောင်စုအစိုးရထံအပ်နှံ၊ ဒီမော်တော်ယာဉ်တွေ ထုခွဲရောင်းချဖို့အတွက် တင်ဒါဌာနတွေကို ဖွဲ့စည်း၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ ပြည်နယ်ဝန်ကြီးတွေနဲ့ စီမံကိန်းဦးစီးဌာနက ပုဂ္ဂိုလ်တွေနဲ့တင်ဒါကော်မတီဖွဲ့ပြီး ဒီလိုမော်တော်ယာဉ်တွေကို လက်ရှိအစိုးရသက်တမ်းမှာ လေလံရောင်းချခဲ့တာ ၃ ကြိမ်ရှိခဲ့ပါပြီ။

    ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၉၁ စီး၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅၀ စီးနဲ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာ မော်တော်ယာဉ် ၈၈ စီးကို ပထမဆုံးအကြိမ် ၂၀၁၃ နိုဝင်ဘာလ လေလံပွဲတစ်ခုတည်းမှာပဲ နိုင်ငံတော်အတွက် ကျပ်သိန်း ၉ ထောင်ကျော်ရရှိခဲ့တာနဲ့ နှိုင်းယှဉ်တွက်ဆကြည့်ရင် မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လေလံတင် လိုင်စင်မဲ့ကားတွေလေလံတင် ၃ ကြိမ်ရောင်းချခဲ့တာ နိုင်ငံတော်အတွက် ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ထောင်နဲ့ချီပြီးရရှိခဲ့မယ်လို့ ခန့်မှန်းနိုင်ပါတယ်။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလယ်မှာ စတုတ္ထအကြိမ် မော်တော်ယာဉ်လေလံတင် ရောင်းချမယ့်ကိစ္စ စီစဉ်ပြီးကာမှ ဖျက်သိမ်းလိုက်တဲ့အတွက် မကျေမနပ်ဝေဖန်သံတွေ ဆူညံစွာထွက်ပေါ်လာပါတယ်။

    လေလံဆွဲမယ့် ဦးဇော်လွင်က “ဦးတို့အနေနဲ့ အချိန်တွေကုန် ၊ပိုက်ဆံတွေအကုန်ခံပြီးတော့ ဒီလေလံပွဲကိုလာရတာ။ ကား ၁၁ရ စီးရှိတယ်၊ ဦးကတော့ ဖောင်အစောင် ၃၀ ဝယ်ထားတယ်။ ဖောင်တစ်စောင်ကို ၅ ထောင်ကျပ်ပေးရတယ်၊ ကားတစ်စီးအတွက်ဆိုရင် စရံငွေကျပ်သိန်း ၂၀ ပေးထားရတယ်” လို့ မွန်သတင်းအေဂျင်စီကို ပြောခဲ့တာပါ။

    အဲဒီမော်တော်ယာဉ် လေလံပွဲပျက်သွားလို့ လေလံဆွဲမယ့်သူ ၂၀ ဦးလောက် အချိန်ရော ငွေကြေးတွေပါ နစ်နာဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

    “ကြေညာထားတဲ့အတိုင်း ကျွန်တော်တို့ကိုမှန်မှန်ကန်ကန် လေလံပြန်ပေးစေချင်တယ်။ ဒါကိုဘာကြောင့် ဖျက် သလဲဆိုတာကို သူတို့ဘက်က တိတိကျကျမရှင်းပြဘဲ ပယ်ဖျက်တဲ့အတွက်မကျေမနပ်ဖြစ်တယ်” လို့လည်း လေလံဆွဲသူ ကိုတင်ထွန်းအောင်က ပြောပါတယ်။

    လေလံဆွဲမယ့်သူတွေအနေနဲ့ လေလံပယ်ဖျက်သည့်စာအမှတ်အသား တောင်းခံပေမယ့်လည်း လေလံကော်မတီက ပေးခွင့်မရှိကြောင်း၊ ပြည်နယ်အစိုးရရုံးအဖွဲ့ထံ တောင်းခံနိုင်ကြောင်း လေလံကော်မတီက ဆိုပါတယ်။

    လေလံတင်ရောင်းချရေးကော်မတီ ဥက္ကဌ မွန်ပြည်နယ်အစိုးရ စီမံကိန်းနှင့်စီးပွားရေးဌာနဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက “ကျွန်တော့်ဆီကို ညွှန်ကြားချက်တစ်ခုလာပါတယ်၊ ကျွန်တော်တို့ပြည်နယ်က လေလံတင် ရောင်းချမယ့်ကားတွေကို ပြည်ထောင်စု စီမံ၊ စီးပွားဝန်ကြီးဌာနကိုအပ်ပါ။ နောက်ပြီးလို့ရှိရင် မွန်ပြည်နယ်အတွင်း အမှန်တကယ်လိုအပ်တဲ့ ဌာနများသို့မျှတစွာပြန်လည်ထုတ်ပေးသွားရန် အကြောင်းကြားပါသည် ဆိုပြီးတော့ ကျွန်တော်တို့ကို ညွှန်ကြားလာပါတယ်” လို့ လေလံပွဲမှာ ရှင်းပြသွားတာပါ။

    သေချာတာကတော့ လောလောဆယ် ဌာနဆိုင်ရာတွေကို ခွဲတမ်းချပေးမယ့် လိုင်စင်မဲ့ကားစုစုပေါင်း ၁၄၆ စီးရဲ့စုစုပေါင်းတန်ဘိုး မည်မျှရှိသည်ကိုတော့ ခန့်မှန်းနိုင်လိမ့်မည်တော့မဟုတ်ပါ၊

    “အကယ်၍ ဌာနဆိုင်ရာတွေကို ဒီအတိုင်းပဲ ခွဲတမ်းချပေးမယ်ဆိုရင် နိုင်ငံတော်အတွက် ဘဏ္ဍာငွေလည်းနစ်နာသလို ပြည်သူလူထုအတွက်လည်းနစ်နာပါတယ်” လို့ ဒေါက်တာအောင်နိုင်ဦးက ထောက်ပြပါတယ်။

    ချုပ်ပြီးပြောမယ်ဆိုရင် ဖမ်းသိမ်းထားတဲ့မော်တော်ယာဉ်တွေကို လေလံမတင်ဘဲ ဌာနဆိုင်ရာတွေကို ခွဲတမ်းချပေးတဲ့ကိစ္စဟာ အမှန်တကယ်ရရှိလာမယ့်ငွေကျပ်သိန်းသောင်းကျော် တိုင်းပြည်ဘဏ္ဍာတော်ငွေတွေကို နိုင်ငံတော်သို့မရောက်စေဘဲ ဝိနည်းရှောင် တနည်းအားဖြင့် အလွဲသုံးစားလုပ်တာမျိုးလား။ အစိုးရသက်တမ်း ရက်ပိုင်းငွေ့ငွေ့မျှသာကျန်ရှိတော့တဲ့ ခုလိုကာလမျိုးမှာ မော်တော်ယာဉ် ၁၄၆ စီးကို ခွဲတမ်းချအလကားဝေငှပေးတဲ့ကိစ္စဟာ သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့လည်း လုပ်ပိုင်ခွင့်ဘောင် ကျော်လွန်/မလွန်။ အထက်ပါလုပ်ဆောင်ချက်တွေကို တည်ဆဲဥပဒေပြဌာန်းချက်တွေနဲ့ အကြုံးဝင်/မဝင် စသည်အားဖြင့် ချုံငုံသုံးသပ်ပြီး အစိုးရတစ်ရပ်ရဲ့ ဒီလိုလုပ်ဆောင်ချက်တွေဟာ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ပထမဆုံးပြောကြားခဲ့တဲ့ “ကောင်းမွန်သောအစိုးရ၊ သန့်ရှင်းသောအစိုးရ” ဖြစ်ပါရဲ့လားလို့ မေးစမ်းလိုက်ချင်ပါတယ်။

    ကိုးကားချက်များ
    -မွန်သတင်းအေဂျင်စီသတင်း
    -အင်တာဗျူး

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts