spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးပွင့်လင်းမြင်သာမှုမရှိသည့် မြေယာမှတ်ပုံတင်မှု ကွမ်လှာဒေသခံများလက်မခံနိုင်

    ပွင့်လင်းမြင်သာမှုမရှိသည့် မြေယာမှတ်ပုံတင်မှု ကွမ်လှာဒေသခံများလက်မခံနိုင်

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်လှာကျေးရွာအုပ်စုရှိ အမှတ် (၂) စက်မှုဝန်ကြီးဌာန ပိုင်ဆိုင်ထားသည့် ခြံအတွင်း ရာဘာပင် စိုက်ပျိုးထားသော (၂၃ ဒသမ ၆၅) ဧကရှိ မြေကို မြေလွတ်/မြေလပ်ဟု ဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ကျေးရွာလယ်ယာမြေကော်မတီအဖွဲ့ဝင်များအား အသိပေးခြင်းမရှိဘဲ မုဒုံမြို့ ၊ မြို့နယ်မြေတိုင်းဦးစီးမှူးမှ မြေယာလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ – ၇) ထုတ်ပေးခဲ့သည်။

    အဆိုပါ မြေလွတ်၊ မြေလပ်ကို အမှတ် (၂) စက်မှုဝန်ကြီးဌာနမှ ခြံမန်နေဂျာနှင့် မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်ပြီး ဦးခင်မောင်အပါအဝင် အခြားပုဂ္ဂိုလ် (၈) ဦးအား ၎င်းမြေကို (ပုံစံ – ၇) ထုတ်ပေးခဲ့သည်ဟု ကွမ်လှာကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်စိုးအောင်က ဆိုသည်။

    “(ပုံစံ – ၇) ရဖို့ ဆိုတာက ကျေးရွာအုပ်ချုပ်ရေးမှူးဆီ အရင်လာရတယ်။ ကျွန်တော်တို့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာလယ်ယာမြေကော်မတီအပါအဝင် ဒေသခံကျေးရွာနေသူတွေ ဘာမှမသိပဲ မြို့နယ်မြေစာရင်းဦးစီးဌာနမှာ လျှောက်ပြီးတော့ (ပုံစံ – ၇) ရလာတာပေါ့။ ဒါကို ကျွန်တော်တို့ မကျေနပ်ဘူး” ဟု နိုင်စိုးအောင်က ပြောသည်။

    မြေတိုင်းဦးစီးဌာနတွင် လွန်ခဲ့သည့် (၂၀၁၃) ခုနှစ် အောက်တိုဘာ (၁၇) တွင် ၎င်းမြေများကို ဦးခင်မောင် ဆိုသူ လျှောက်လွှာတင်ခဲ့ပြီး (၂၀၁၃) အောက်တိုဘာ (၁၈) ရက်နေ့ တွင် မြေတိုင်းဦးစီးဌာနမှ ၎င်းအား (ပုံစံ – ၇) ထုတ်ပေးခဲ့သည်ဟု ဒေသခံများက ဆိုသည်။

    ဦးခင်မောင်သည် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်နေထိုင်သူဖြစ်ပြီး ၎င်းရရှိထားသော (ပုံစံ – ၇) ကို မုဒုံမြို့နယ် လယ်ယာမြေစီးမံခန့်ခွဲမှူးဌာနမှ ဦးစီးမှူး ဦးမင်းဇော်မှ လက်မှတ်ရေးထိုးပြီး ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

    (၂၀၁၂) လယ်ယာမြေဥပဒေတွင် ‘လယ်ယာမြေလုပ်ကိုင်ခွင့် ရရှိထားသူသည် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရန် အတွက် သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့မှတဆင့် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေး ဦးစီဌာနရုံးသို့ သတ်မှတ်ချက်နဲ့အညီ လျှောက်ထားရမည်’ ဟု ဖော်ပြထားပြီး “၎င်းမြေလွတ်မြေလပ်နေရာမှာ ဦးခင်မောင် (ပုံစံ – ၇) ရရှိသွားသည်ကို စုံစမ်းရင်းနဲ့ တခြားသူ (၈) ဦးကိုလည်း စုံစမ်း ဖော်ထုတ်နိုင်ခဲ့သည်” ဟု ဆိုသည်။

    ကွမ်လှာကျေးရွာ အုပ်ချူပ်ရေးမှူး နိုင်စိုးအောင်က “မြေလွတ်၊ မြေလပ် တကယ်ရှိတယ်၊ ပိုနေတယ်ဆိုရင် ဒေသခံတွေကို အရင်ဦးစားပေး သင့်တယ်။ ဒေသခံတွေ လျှောက်မည့်သူမရှိမှ တခြားသူတွေကို ပေးသင့်တယ်” ဟု ဆိုသည်။

    ၎င်းမြေပေါ်တွင်ရှိသော ရာဘာပင်များ ခုတ်လှဲရန်အတွက် ကွမ်လှာကျေးရွာ အုပ်ချူပ်ရေးမှူးရုံးတွင် သွားရောက် ထောက်ခံစာ ရယူရာမှ ဦးခင်မောင်အပါအဝင် (၈) ဦးတို့သည် ရပ်/ကျေး လယ်ယာစီမံခန့်ခွဲရေး ကော်မတီအ ပါအဝင် ရပ်/ကျေး အုပ်ချုပ်ရေးမှုးနှင့် ရွာသူရွာသားများ အသိပေး အကြောင်းကြားခြင်းမရှိပဲ လယ်ယာမြေလုပ် ပိုင်ခွင့် (ပုံစံ – ၇) လက်ဝယ် ရရှိထားသည်ကို ကျေးရွာအုပ်ချူပ်ရေးမှူးက သိရှိခဲ့သည်။ လွန်ခဲ့သည့် (၃) နှစ်နီးပါးကတည်းက ရရှိထားသည်ကို သိရှိရသည်။

    ကွမ်လှာကျေးရွာရှိ မြေလွတ်ဟုဆိုကာ နိုင်ခင်မောင် (ပုံစံ – ၇) ကို ရရှိသွားခြင်းသည် မမှန်ကန်သော နည်းလမ်းနှင့် ရရှိသွားခြင်းဟုဆိုကာ ကွမ်းလှာကျေးရွာနေ ရွာသူရွာသား (၄၈၃) ဦးက လက်မှတ်ရေးထိုးကာ (၂၀၁၆)၊ ဖေဖော်ဝါရီ (၉) ရက်တွင် ပြန်လည်စိစစ်ပေးပါရန် မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့ပြီးနောက် မွန်ပြည်နယ်ဝန်ကြီးချူပ်က စိစစ်ရေးအဖွဲ့ တဖွဲ့ ကို ဖွဲ့ စည်းခဲ့သည်။

    ၎င်းကွမ်လှာကျေးရွာ မြေယာစီစစ်ရေးအဖွဲ့ကို ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် မုဒုံမြို့ နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှုး ဦးသန်းချစ်အေး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးဌာနနှင့် စာရင်းအင်းဦးစီးဌာန ဦးညီညီလတ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးကျော်သက်ဦးနှင့် မြို့နယ်စီမံကိန်းဦးစီဌာန ဦးလှဆွေတို့ (၄) ဦးပါ အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

    “ကျွန်တော်တို့ အဖွဲ့က (ပုံစံ ၇) ရရှိသွားတဲ့သူတွေကိုပဲ စစ်ဆေးတာပါ။ အမှတ် (၂) စက်မှုဝန်ကြီးခြံမန်နေဂျာနဲ့ မြို့နယ်မြေစာရင်း ဦးစီးကိုတော့ နောက်ထက် တဖွဲ့ ဖွဲ့ပြီးတော့ ထပ်မံစစ်ဆေးဖို့ ရှိပါတယ်” ဟု ၎င်းမြေယာပြဿနာစီစစ်ရေးအဖွဲံ့ တွင် ပါဝင်သည့် စိစစ်ရေးအဖွဲ့ဝင် မြို့နယ်စီမံကိန်းဦးစီးဌာန ‘ဦးလှဆွေ’ က မတ်လ (၁၀) ရက်နေ့တွင် မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

    “အခုမြေကို ရသွားတာ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူး။ ဒီလိုမြေပိုနေတာ ဆိုရင်လဲ အဆင့်ဆင့် တင်ပြရတယ်။ စက်မှုဌာနမှာ မြေပိုနေမယ်ဆိုရင် စက်မှုဝန်ကြီးဌာန အဆင့်ဆင့်ကို တင်ပြရတယ်။ တရားဝင် ရအောင် တရားတဲ့ နည်းလမ်းနဲ့လုပ်ရမယ်” ဟု ၎င်းက ဆက်ဆိုသည်။

    မွန်ပြည်နယ်တွင် မြေယာနှင့်ပတ်သက်သော အမှုအခင်းများစွာရှိသော်လည်း ယခုကဲ့သို့ မြေယာပြဿနာမျိုး မုဒုံမြို့နယ်တွင် မရှိသေးကြောင်းလည်း သိရသည်။

    “မြန်မာနိုင်ငံတခုလုံးတွင် အမျိုးမျိုးသော မြေယာပြဿနာများစွာ ဖြစ်ပေါ်နေပြီး နောက်တက်လာမည် အစိုးရအဖွဲနဲ့ ကျန်ရှိနေသော မြေယာပြဿနာများကို ဖြေရှင်းရာမှာ ပြေလည်လိမ့်မယ်” ဟု မွန်ပြည်နယ် လွှတ်တော်ကိုယ်စာလှယ်၊ မုဒုံမြို့ မဲဆန္ဒနယ် (၂) မှ ဒေါက်တာ မင်းကြည်ဝင်းက ဆိုသည်။

    “အစိုးရ အဖွဲ့အစည်းတရပ်လုံးက ပြောင်းထားတယ်။ အများသောအားဖြင့် မြေယာတွေကိုစစ်တပ်နဲ့ ခရိုနီတွေက သိမ်းထားတာများတယ်။ အခုလည်း ပြေလည်ပြီး ပြန်ရထားတာလည်း ရှိတယ်။ မပြီးပြတ်သေးတာလည်း အများကြီး ရှိသေးတယ်” ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။

    ဦးခင်မောင်အပါအဝင် မြေယာလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ – ၇) ရရှိထားသူ (၈) ဦးမှာ စက်မှုဝန်ကြီး ဧရိယာအတွင်းရှိ (၂၃ ဒသမ ၆၅) ဧကတွင် လုပ်ပိုင်ခွင့်ရရှိထားပြီး ၄င်းမြေသည် ရေး – မော်လမြိုင် လမ်းမကြီးနှစ်ဖက်ဘေးတွင် တည်ရှိကာ ၎င်းမြေကို စက်မှုဝန်ကြီးဌာနမှ ရာဘာပင်များ စိုက်ပျိုးထားသော မြေဖြစ်သည်။

    လွန်ခဲ့သည့် (၂၀၁၃) ခုနှစ်ကတည်းက ဦးခင်မောင်အပါအဝင် ဒေသခံ မဟုတ်သူ (၈) ဦးတို့သည် ရပ်/ကျေး လယ်ယာစီမံခန့်ခွဲရေး ကော်မတီအ ပါအဝင် ရပ်/ကျေး အုပ်ချုပ်ရေးမှုးနှင့် ရွာသူရွာသားများ အသိပေး အကြောင်းကြားခြင်းမရှိပဲ လယ်ယာမြေလုပ် ပိုင်ခွင့် (ပုံစံ – ၇) လက်ဝယ် ရရှိထားသည်ကို (၂၀၁၆) ခုနှစ်တွင်မှ ဒေသခံများ သိရှိပြီး မကြေနပ်မှု ဖြစ်ပွားခဲ့ပေသည်။ ၎င်းမြေလွတ် မြေလပ်ကို ဒေသခံတောင်သူများအား ဦးစားပေး လျှောက်ခွင့်ရရန်နှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ဥပဒေအတိုင်း ဆောင်ရွက်နိုင်စေရန် ကျေးရွာအုပ်ချူပ်ရေးမှုးနှင့် ဒေသခံကွမ်လှာရွာသားများ ကြိုးပမ်းသွားမည် ဖြစ်သည်။

    မွန်ပြည်နယ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ နဝတ စစ်အစိုးရနှင့် ဒေသအခြေစိုက် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီတို့ ၁၉၉၅ ခုနှစ် ပထမအကြိမ် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရရှိပြီးနောက်ပိုင်း မြေယာပြဿနာများစွာ ပေါ်ပေါက်ခဲ့သည့်မှတ်တမ်းများ ရှိသည်။

    အထူးသဖြင့် စစ်တပ်၏ တပ်ရင်းတပ်ဖွဲ့များ ပိုမိုအခြေစိုက်လာသဖြင့် ဒေသခံလယ်ယာမြေဧက ထောင်နှင့်ချီအသိမ်းခံရသကဲ့သို့ အာဏာပိုင်များနှင့် ဥပဒေလက်တစ်လုံးခြားပြုလုပ်၍ ဒေသခံတို့၏ လယ်မြေများကို ဝင်ရောက်သိမ်းဆည်းခဲ့သည့် ဖြစ်စဉ်များစွာရှိခဲ့သည်ကို လေ့လာတွေ့ရှိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts