spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းမွန်လူငယ်များအကြား မူးယစ်ဆေးဝါး အသုံးပြုမှု မြင့်တက်လာ

    မွန်လူငယ်များအကြား မူးယစ်ဆေးဝါး အသုံးပြုမှု မြင့်တက်လာ

    -

    မွန်ပြည်နယ်က လူငယ်တွေကြားမှာ မူးယစ်ဆေးဝါးစာရင်းဝင် WY အမှတ်တံဆိပ် (ယာဘ) လို့ ခေါ်သည့် စိတ်ကြွဆေးပြားနှင့် ဘိန်းရွက် အသုံးပြုမှု၊ ပျံ့နှံ့မှုများကတော့ မြင့်တက်လာနေပြီး လက်ရှိအခြေအနေ က စိုးရိမ်စရာအနေအထားသို့ ရောက်ရှိနေသည်ဟု

    မွန်ပြည်နယ်မှာရှိတဲ့ အဖွဲ့အစည်းအသီးသီးများ ပြောနေကြ သည်။

    လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးကို သူတို့အချင်းချင်းအကြား အပျော်သဘောဖြင့် စမ်းသုံးရာကနေ စွဲလမ်းသွားပြီး ဆေးစွဲသည့် လူငယ်ဘဝအဖြစ်သို့ ရောက်မှန်မသိ ရောက်ရှိသွားတတ်ကြသည်။ ယနေ့ခေတ်လူငယ်အများအပြားသည် တရားဝင်ရောင်းချနေသည့် မူးယစ်ဆေးဝါးများဖြစ်သည့်အရက်၊ ဘီယာ စတာတွေကို ဝယ်ယူသောက်သုံးမှု တော်တော်ကိုနည်းပါးလာပြီး တရားမဝင်သည့် မူးယစ်ဆေးဝါးများ ဖြစ်သည့် စိတ်ကြွဆေးပြား၊ ဘိန်းရွက်တွေကို ဥပဒေဘောင်ဝင်နေသည့်အလား ဝယ်ယူ သုံးစွဲနေကြသည်။

    မုဒုံမြို့နယ်က မွန်လူငယ်တစ်ဦးကတော့ “ဒီဘိန်းရွက်အပြုတ်ရည်တစ်ခုပဲ ချတယ်၊ ဆေးပြားကိုတော့ မကြိုက်ဘူး၊ ကျွန်တော့်သူငယ်ချင်းထဲမှာတော့ ဆေးပြားကို နေ့တိုင်းသုံးတဲ့လူတွေ ရှိတယ်” ဟု ပြောသည်။

    အဆိုပါ စိတ်ကြွဆေးပြား WY များမှာ တစ်ပြားကို ကျပ် (၃၀၀၀) ကနေ (၅၀၀၀) အကြာ ဝယ်ယူ သုံးစွဲ ရပြီး တစ်ချို့ဆို ငွေကြေးအခက်ခဲဖြစ်မှုကြောင့် ဆိုင်ကယ်ပေါင်၊ နာရီပေါင်တဲ့အဆင့်ထိ ရှိနေသည်ဟု အထက်ပါ လူငယ်က ၄င်းအတွေ့အကြုံကို ပြန်ပြောပြသည်။

    မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပိုစတာ(Copy)
    မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပိုစတာ(Copy)
    “မူးယစ်ဆေးဝါးဆိုတာ ဘယ်လိုမျိုးနေမလဲဆိုပြီး စမ်းသုံးချင်ကြတဲ့ လူငယ်တွေ အများအပြားရှိနေတယ်၊ မူး ယစ်ဆေးဝါကို ယောကျင်္ားလေးသာမက မိန်းကလေးတွေပါ သုံးစွဲလာသည့် အနေအထားမျိုး သို့ ရောက်ရှိ နေပါပြီ၊ ဒါပေမယ့် တိတိကျကျတောာ့ ဒါကို အတည်ပြုလို့မရသေးဘူးပေါ့” တရနာကျေးရွာအုပ်ချုပ်မှူး မိကျလွန်းထောက ပြောသည်။

    စိတ်ကြွဆေးပြား သို့မဟုတ် ဘိန်းရွက် အသုံးပြုသူများတွင် ကျောင်းနေအရွယ် လူငယ်လေးတွေပါ သုံးစွဲလာကြ သည်ကို ၄င်းတို့ နေထိုင်သည့် ပတ်ဝန်းကျင်တွင် တွေ့ရှိနေရသည်ဟုလည်း မော်လမြိုင်မြို့ ကျောက်တန်းရပ်နေ ဒေသခံတစ်ဦးက ပြောဆိုသည်။

    မွန်ပြည်နယ် မူးယစ်ဆေးဝါး တားဆီးနှိမ် နှင်းရေးတပ်ဖွဲ့ ဒုရဲမှူး နိုင်ထန်းမနားက “အတိအကျပြောလို့မရပေမဲ့ လူငယ်တော်တော်များများက မူးယစ်ဆေးဝါးသုံးကြပါတယ်။ သူတို့ရဲ့သုံး စွဲပုံ အနည်းအများပေါ်မှာပဲ ကွာတယ်။ ပဲဆံတတ်နိုင်တဲ့လူက နိုင်သလို၊ မနိုင်တဲ့လူကလည်း မနိုင်သလို၊ ရာခိုင်နှုန်း နဲ့ပြောမယ်ဆိုရင်တော့ (၅၀) လောက်တော့ သွားမယ်ထင်တယ်။ သူတို့အကြားမှာ ပေါ်ပြူလာသဘောလို ဖြစ်နေတယ်ပေါ့”ဟု ဆိုသည်။

    ယင်းကဲ့သို့ မူးယစ်ဆေးဝါးပြန့်နှံ့မှု၏ နောက်ကွယ်မှာ ကြိုးကိုင်နေသည့် စီးပွါးရေးသမားတွေ၊ အဖွဲ့ အစည်းတွေ သူ့နည်းသူ့ဟန်နဲ့ ပါဝင်ပတ်သက်နေတာမျိုး ရိှခြင်းကလည်း ဒါကို ပြတ်သွားဖို့ဆိုတာ တော်တော် ခက်ခဲသည်ဟု ဒုရဲမှူး နိုင်ထန်းမနားက ဆက်ပြောသည်။

    “တစ်ချို့ကျတော့လည်း မှန်မှန်ကန်ကန်ရှာဖွေတဲ့လူတွေရှိသလို တစ်ဖက်တစ်လမ်းက ဖြတ်လမ်းနည်းနဲ့ ရှာဖွေ တဲ့လူတွေလည်း ရှိတယ်။ နင်ကပါ ဒီကပါဆိုပြီးတော့ စွပ်စွဲဖို့က ခက်တာပေါ့နော်။ ပြန့်နှံ့နေတာကတော့ အဖွဲ့ အစည်းလည်း ဟုတ်သလို အဖွဲ့အစည်းမဟုတ်တဲ့ဟာလည်း ရှိနေတာပဲ” ဟု ၄င်းက ဆက်ပြောသည်။

    မွန်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ် အောက်တိုဘာလကုန်အထိ ငါးနှစ်တာကာလအတွင်း သက်ဆိုင် ရာဌာနများ၏ မူးယစ်ဆေးဝါး ဖမ်းဆီးအရေးယူမှုသည် (၄၂၄) မှုနှင့် တရားခံ (၆၅၈) ဦးရှိခဲ့ သည်ဟု ပထမ အကြိမ်မြောက် မွန်ပြည်နယ်လွှတ်တော် မှတ်တမ်းများတွင် ဖော်ပြထားသည်။

    အလားတူ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို ပါဝင်ကူညီလုပ်ဆောင်ပေးနေသည့် မွန်ပြည်သစ် ပါတီ အနေဖြင့် ၂၀၁၅ ခုနှစ်တွင် ၄င်းတို့ ထိန်းချုပ်ရာနယ်မြေဖြစ်သည့် မော်လမြိုင်ခရိုင်တွင် မူးယစ် ဆေးဝါးသုံးစွဲသူ လူငယ် (၁၀၆) ဦးကိုလည်းကောင်း၊ သထုံခရိုင်တွင်၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (မွန်အမျိုးသားနေ့) မတိုင်ခင် အထိ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ လူငယ် (၁၄) ဦးကိုလည်းကောင်း ဖမ်းဆီး အရေးယူနိုင်ခဲ့ သည်ကို တွေ့ရသည်။

    “ကျွန်တော်တို့မွန်ပြည်သစ်မှ ဖမ်းဆီး အရေးယူလိုက်သည့်အထဲမှာ အသက် ၁၆ နှစ်အောက်နဲ့ အသက် ၃၀ အောက်လူငယ်တွေ အများဆုံးပါရှိနေတယ်” ဟု မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်မှ နိုင်ဗညာစန်းက ပြောပြသည်။

    ကျေးရွာအတော်များများတွင် မူးယစ်ဆေးဝါးကို ဘယ်သူကရောင်းတယ်၊ ဘယ်သူကဝယ်တယ်၊ ဘယ် နေရာမှာ သုံးတယ်ဆိုတာကို မျက်မြင်တွေ့ရှိကြသော်လည်း ၄င်းတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများမှ လာ ရောက်ဖမ်းဆီး နိုင်ရေး ကိုယ့်ရဲ့သတင်းပေးမှုကြောင့် ကိုယ့်ကိုအန္တရာယ်ပြန်လည်ပြုလာမည်ကို မလိုလာကြကြောင်း သိရ သည်။

    “သတင်းပေးသူများအတွက် အန္တရာယ်မဖြစ်အောင် ကျွန်တော်တို့ သေချာစိစစ်ပြီးမှ ဖမ်းဆီးသွားမှာပါ၊ ပြည်သူ တွေ သတင်းမပေးပဲနဲ့ ဖမ်းဆီးနိုင်ဖို့ဆိုတာက တော်တော်ခဲယဉ်းပါတယ်” ဟု လမိုင်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

     

    ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် စနောင်းတိုင်းမွန်သတင်းဂျာနယ်မှ စီစဉ်၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ကျေးရွာအုပ်ချုပ်ရေးမှုး၊ တိုးတက်သော မွန်လူငယ်အစည်းအရုံးနှင့် မွန်ပြည်လူ့ အခွင့်အရေး ဖောင်ဒေးရှင်းအဖွဲ့တို့မှ ကိုယ်စားလှယ်တစ်ဦးစီ ဖိတ်ကြားပါဝင်စေ၍ “လူငယ်များအကြား ပြန့်နှံ့နေသည့် မူးယစ် ဆေးဝါးအန္တရာယ်ကို ဘယ်လိုကာကွယ်တားဆီးကြမလဲ” ဆိုသည့် ခေါင်းစဉ်ဖြင့် Debate စကားဝိုင်းဆွေးနွေးပွဲတစ်ရပ်ကို မော်လမြိုင်မြို့တွင် ကျင်းပခဲ့သည်။

    ယင်းစကားဝိုင်းတွင် ပါဝင်သူများ၏ဆွေးနွေးတင်ပြချက်များတွင် မွန်ပြည်နယ်တွင်ရှိ လူ ငယ်အတော်များများ မူးယစ်ဆေးဝါး သုံးစွဲရခြင်း၏ အကြောင်းရင်းများတွင် မူးယစ်ဆေးဝါး အလွယ်တကူ ဝယ်ယူရရိှနိုင်ခြင်း၊ အလုပ်လက်မဲ့ လူငယ်အများအပြား ရှိနေခြင်း၊ ဖမ်းဆီးအရေးယူမှု အားနည်းခြင်းနှင့် တရားဥပဒေ စိုးမိုးမှုအားနည်းခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။

    ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်မွန်က “အစိုးရရဲ့ မူးယစ်ဆေးဝါးတိုက် ဖျက်ရေးလုပ်ငန်းက သူတို့ရဲ့ လူအင်အားနဲ့ဆို ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု ထောက်ပြထားသည်။

    မွန်ပြည်နယ်တွင် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် မူးယစ်ဆေးဝါးလျော့နည်း ပပျောက်နိုင်ရေး အတွက် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့၊ မူးယစ်အထူးရဲတပ်ဖွဲ့များမှ အသိပညာပေးသင်းတန်များ၊ ဟော ပြောပွဲများနှင့် ဖမ်းဆီးအရေးယူခြင်း၊ ကာကွယ်တားဆီး ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေ တာရှိသော် လည်း ယင်း မူးယစ်ဆေးဝါး ပြဿနာက လျော့နည်းသွားခြင်း မရှိပေ။

    မွန်ပြည်နယ်တစ်ခုလုံးတွင် မူးယစ်ဆေးဝါး ပြန့်နှံ့နေတာဟာ လူငယ်တို့ရဲ့ အနာဂတ်အတွက် မကောင်းတဲ့ လက္ခ ဏာဖြစ်သလို ကိုယ်ပိုင်အရည်အချင်းအတွက်ပါ လျော့ကျလာပြီး ဒါကို ထိန်းသိမ်းပေးဖို့ အရေးကြီးနေပြီဟု မွန် လူငယ်တစ်ဦးဖြစ်သည့် မင်းအိုင်ချမ်းမွန်က ဆိုလိုက်သည်။

    မည်ကဲ့သို့ဖြစ်စေ နိုင်ငံ့အပြောင်းအလဲအတွက်သော်လည်းကောင်း၊ နိုင်ငံတည်ဆောက်ရေးနှင့် အနာဂတ် အတွက်သော်လည်းကောင်း ဤကဲ့သို့အရေးပါသည့် လူငယ်မျိုးဆက်သစ်များ မူးယစ်ဆေးဝါးအန္တရာယ်ကြောင့် လူ့စွမ်းအားအရင်းမြစ်ကောင်းများ ဆုံးရှုံးသွားမည်ကိုလည်း စိုးရိမ်နေကြပါသည်။

     

     

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts