spot_img
Saturday, April 20, 2024
More
    spot_img
    Homeဆောင်းပါးအစိုးရစစ်တပ်ပစ်ခတ်မှုကြောင့် ရွာသား ၂ ဦးသေဆုံးခဲ့မှုကို ဥပဒေကြောင်းအရဖြေရှင်းပေးသင့်

    အစိုးရစစ်တပ်ပစ်ခတ်မှုကြောင့် ရွာသား ၂ ဦးသေဆုံးခဲ့မှုကို ဥပဒေကြောင်းအရဖြေရှင်းပေးသင့်

    -

    ဖြစ်စဉ်အကျဉ်း

    မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း မကျီးချောင်းဝရွာလယ်လမ်းမပေါ် ရွာသား ၂ ဦးကို အစိုးရစစ်တပ်က ပစ်သတ်ခဲ့တာပါ။ ဒါကဘယ်လိုမှငြင်းလို့မရတဲ့အချက်၊ သို့သော် စောဒကတက်လာတာက “မှားယွင်းပစ်ခတ်မှုဆိုတာပါပဲ”၊ “မှားယွင်းမှုလား တမင်သက်သက်ပစ်တာလား” ဆိုတာကိုတော့ ကာယကံရှင် ပစ်ခတ်ခဲ့တဲ့ လက်သည်ပဲ အသိဆုံး ဖြစ်ပါလိမ့်မယ်။ လောလောဆယ်မှာတော့ အပစ်မဲ့ရွာသား ၂ ဦး အသက်ဆုံးပါးခဲ့ပါပြီ။

    ဖြစ်စဉ်က လွန်ခဲ့့တဲ့မတ်လ ၈ ရက်နေ့ည ၁၂ အချိန်ခန့် တံငါအသက်မွေးဝမ်းကျောင်းပြုသူ ရွာသား ၂ ဦးဖြစ်တဲ့ ဦးမိုး(အသက်-၄၀ နှစ်) နဲ့ မောင်ချစ်စိုး(အသက် ၂၃ နှစ်)တို့ လှေဆိပ်သို့အသွား အိမ်မှထွက်ခွာလာစဉ် သေနတ်တစ်ချက်စီ ပစ်သတ်ခံရတယ်လို့ ရွာသားတွေက ပြောပါတယ်။ ရေတက်ချိန်မှာ လှေဆိပ်ကိုသွားရတာက တံငါသည်တွေရဲ့ နေတဒူဝလုပ်ရိုးလုပ်စဉ်ပါပဲ။

    အမည်မဖော်ပြလိုတဲ့ရွာသားတစ်ဦးက “ ခြေတစ်ဖက်ပြတ်နေတဲ့ ဦးမိုး တစ်ချက်ပစ်ခံထိပြီး လဲကျသေဆုံးသွားတယ်၊ မောင်ချစ်စိုးက အနီးအနားကို အော်ဟစ်အကူအညီတောင်းနေတုန်း တစ်ချက် အပစ်ခံထိပြန်တယ်၊ ပစ်တဲ့စစ်သားက တစ်လံအကွာလောက် အနီးကပ်ပါပဲ၊ ကျည်ဆံခွံတွေကိုတော့ ပစ်ခတ်ခံရတဲ့သူတွေရဲ့ မလှမ်းမကမ်းမှာပဲ ရှာတွေ့ခဲ့တယ်” လို့ ဆိုတယ်။

    သေနတ်ဒဏ်ရာ ရရှိထားတဲ့ မောင်ချစ်စိုး ရေးမြို့ဆေးရုံပို့ဆောင်ဖို့ကြိုးစားနေစဉ် မန်ကျီးရွာလမ်းထိပ်မှာ အဲဒီစစ်သားတွေကပဲ သေနတ်ဖောက် လမ်းပိတ်ခဲ့တဲ့ဖြစ်စဉ်ကလည်း ရွာသားတွေပါးစပ်ဖျားမှာ ပြောဆိုနေကြဆဲပါ၊ ဒါကြောင့် မောင်ချစ်စိုး ကလည်း ရေးမြို့ဆေးရုံကို မရောက်နိုင်တော့ဘဲ မနက် ၅ နာရီလောက်မှာ သွေးလွန်ပြီး အသက်ဆုံးပါးသွားတယ်လို့ ဆိုကြပါတယ်။

    နောက်ပြီး အလောင်းတွေကို စစ်ဆေးဖို့ ရေးမြို့ဆေးရုံကို ပို့ဆောင်ပါတယ်၊ သေဆုံးသူ ဦးမိုး မျက်နှာမှာ ဒါးနဲ့ခြစ်ထားတဲ့ ဒဏ်ရာရရှိထားတယ်လို့ ပြောဆိုမှုတွေရှိနေပါတယ်၊ သို့သော် ရေးမြို့ မှုခင်းဆရာဝန်နဲ့ ရဲမှတ်တမ်းဖော်ပြချက်တွေကို လက်လှမ်းမမီသေးတဲ့အတွက် မည်ကဲ့သို့မှတ်ချက်ပြုထားတာကို သိခွင့်မရခဲ့ပါ။

    ရွာသား ၂ ဦး အသတ်ခံသည့်နေရာ(MNA)
    ရွာသား ၂ ဦး အသတ်ခံသည့်နေရာ(MNA)

    ဒီဖြစ်စဉ်တွေကို ရေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကတဆင့် သတင်းမီဒီယာဌာနအချို့ကို အချိန်မီဆက်သွယ်အသိပေးခဲ့ပါတယ်၊ “အဆိုပါ ရွာသားနှစ်ဦး ပင်လယ်ပြင်သို့ ငါးဖမ်းရန်ထွက်စဉ် ရွာလယ်လမ်းမ၌ ခလရ ၂၈ဝ တပ်ရင်းမှ လှုပ်ရှားအဖွဲ့နှင့် တွေ့ဆုံပြီး မှားယွင်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း” ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။ ထို့အပြင် ရေးမြို့နယ်နဲ့ ခေါဇာမြို့ အုပ်ချုပ်ရေးမှူးတွေက သေဆုံးသူတစ်ဦးအတွက် မိသားစုတွေကို ငွေကျပ် ၈ သောင်းစီ ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ပဲ စစ်တပ်ပစ်တာအတည်ပြုပေးခဲ့ပြီး ဘယ်သူဘယ်ဝါ ပစ်ခတ်ခဲ့တာကိုတော့ အမည်ဖော်ပြထားတာ မရှိပါဘူး။ ခုလိုသေမှုသေခင်းမျိုးကို “မှားယွင်းပစ်ခတ်မှု”ဆိုပြီး ငွေကျပ် ၈ သောင်းနဲ့ အမှုပြီးဆုံးစေမယ့်သဘောမျိုး လေ့လာတွေ့ရှိရပါတယ်။

    အဆိုပါ အုပ်ချုပ်ရေးမှူး အစီရင်ခံစာဖော်ပြချက်တွင် သေဆုံးသူ ၂ ဦး ဗမာ/ဗုဒ္ဓဘာသာ ဟုရေးသားထားသော်လည်း အမှန်စင်စစ် မွန်/ဗုဒ္ဓဘာသာဖြစ်ပြီး သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာဇာတိ၊ မကျီးချောင်းဝတွင် အိမ်ထောင်ကျနေသူလို့ ကာယကံရှင်ဆွေမျိုးတွေက ရှင်းပြပါတယ်။

    သို့သော်လည်း ဒီအကြောင်းကို ဂဃနဏသိထားတဲ့ရွာသားတစ်ဦးက “ပစ်ခတ်တဲ့သူက ဗိုလ်ကြီးတစ်ဦးပဲ၊ ဘာကြောင့် ပစ်ခတ်ရသလဲဆိုတာကိုတော့ ဘယ်သူမှလည်း နားမလည်နိုင်ပါဘူး၊ အရေးယူမယ် မယူဘူးဆိုတာကိုတော့ ဘာသတင်းမှလည်း မကြားမိသေးပါဘူး” လို့ ပြောပါတယ်။

    အသတ်ခံရသူ ရွာသား ၂ ဦး အသုဘချမြင်ကွင်း(Mi Hong SA)
    အသတ်ခံရသူ ရွာသား ၂ ဦး အသုဘချမြင်ကွင်း(Mi Hong SA)

    ဒီဖြစ်စဉ်ကတော့ ရေးတောင်ပိုင်း မွန်ပြည်နယ်နယ်နိမိတ်အဆုံးမှာရှိတဲ့ တံငါရွာမှာပါ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကမ်းရိုးတန်းဒေသတိုင်းလက်အောက်ခံ ခမရ ၂၈၀ တပ်ရင်းက တပ်မတော်စစ်ကြောင်းအဖွဲ့လို့ ဆိုပါတယ်။ ပစ်ခတ်သူလက်သည် ဘယ်သူဘယ်ဝါ အရာရှိလား၊ တပ်သားလား အမည်နာမကိုလည်း သက်ဆိုင်ရာက အတည်ပြုထုတ်ဖော်တာ မတွေ့ရှိရသေးပါ။

    သတင်းထောက်ကိုပါကြီး သေဆုံးခဲ့တဲ့အဖြစ်နဲ့ တူနေသလား

    အလွတ်တန်းသတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ကို မွန်ပြည်နယ် ကျိုက်မရောမြို့အခြေစိုက် အမှတ် ၂၀၈ ခြေမြန်တပ်ရင်းက သူ့ကိုထိမ်းသိန်း ထားစဉ်မှာ သေနတ်လုယူပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ အတွက် အသေ ဖမ်းဆီးမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ကြောင်း သိရပါတယ်။(RFA)

    ကိုပါကြီးဟာ ဖမ်းဆီးထားချိန်အတွင်း အောက်တိုဘာလ ၄ ရက်နေ့ညက ကင်းစောင့်နေတဲ့ စစ်သားဆီက သေနတ်လုပြီး ထွက်ပြေးဖို့ကြိုးစားခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးရင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ကြောင်း၊ ကိုပါကြီးရဲ့ အလောင်းကို ကျိုက်မရောမြို့အနီး ရွှေဝါချောင်ကျေးရွာတောင်ဘက်တစ်နေရာမှာ မြေမြုပ်သင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။(RFA)

    ကျိုက်မရောမြို့နယ်အတွင်း တပ်မတော်က အလွတ်သတင်းထောက် ကိုပါကြီးအား ဖမ်းဆီးချုပ်နှောင်ထားစဉ် သေဆုံးခဲ့မှုသည် “ဓမ္မတာအတိုင်း သေဆုံးခြင်းမဟုတ်ဘဲ တစ်စုံတစ်ဦး၏ ပစ်ခတ်မှုကြောင့် ရရှိသောသေနတ်ဒဏ်ရာကြောင့် သေဆုံးခြင်းဖြစ်ကြောင်း” ကျိုက်မရောမြို့နယ် တရားရုံးက ၂၀၁၅ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

    တဖက်တွင်လည်း သတင်းထောက် ကိုပါကြီး အသတ်ခံရမှုနှင့် ဆက်နွယ်သူဟုယူဆရသူ တပ်မတော်သား ၂ ဦးကို စစ်ဘက်တရားရုံးက တရားသေလွှတ်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

    အထက်ပါတံငါသည် ၂ ဦး၊ သတင်းထောက် ၁ ဦး အသတ်ခံရမှုတွင် ဘာတွေကွာခြားပါသလဲ

    -ဖြစ်စဉ် ၂ ခုမှ ညအချိန်ဖြစ်ပြီး ပစ်ခတ်သူနှင့် ပစ်သတ်ခံရသူများသား ရှိကြပါတယ်။

    -သတင်းထောက် ကိုပါကြီး အသတ်ခံရမှုတွင် ခမရ ၂၀၈ ခြေမြန်တပ်ရင်းက စစ်သား ၂ ဦးထံက သေနတ်လုပြေးတယ်လို့ အကြောင်းပြပါတယ်။
    -တံငါသည် ဦးမိုးနဲ့ မောင်ချစ်စိုး အသတ်ခံရမှုတွင် ခမရ ၂၈၀ ခြေမြန်တပ်ရင်း လှုပ်ရှားအဖွဲ့ မှားယွင်းပစ်ခတ်မိတယ်လို့ အကြောင်းပြထားပါတယ်။

    အထက်ပါ ဖြစ်စဉ် ၂ ခုတွင် ကိုပါကြီးဟာ သတင်းထောက်တစ်ဦးဖြစ်သည့်အပြင် မြို့ပေါ်နှင့်နီးစပ်ပြီး ၄င်း၏ဇနီးသည်ဖြစ်သူ မသန္တာကလည်း ဒီမိုကရေစီဘက်တော်သား မိတ်ဆွေများအကူအညီနဲ့ တရားဥပဒေဘောင်အတွင်းက ထိရောက်စွာအမှုလိုက်နိုင်ခဲ့ပါတယ်။ ထို့ကြောင့် ကမ္ဘာသိဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါ။ သို့ရာတွင် ကိုပါကြီးရဲ့အမှု ဒီကနေ့အထိ မပြီးပြတ်သေးဘူးလို့ သိရပါတယ်။

    အလားတူ လက်ရှိ မွန်တံငါသည် ၂ ဦး သေဆုံးခဲ့ရတဲ့ ဒီဖြစ်ရပ်ကို တရားဥပဒေနဲ့အညီ ဖြေရှင်းပေးဖို့ အထူးပင်လိုအပ်နေပါတယ်၊ မြို့နဲ့အလှမ်းဝေးသော ရွာသားတွေ၊ ကျန်ရစ်သူမိသားစုတွေက တရားဥပဒေကြောင်းအရဖြေရှင်းပေးစေလိုတဲ့ သူတို့ရဲ့ပြောဆိုတင်ပြချက်တွေကို နာမည်နဲ့တကွ မဖော်ပြနိုင်တာကို နားလည်ခွင့်လွှင့်ပေးပါ။

    စာရေးသူတင်ပြလိုတာက သက်ဆိုင်တဲ့အစိုးရ အုပ်ချုပ်ရေးယန္တရားမှအစ ဥပဒေပညာဘက်တော်သားတွေနဲ့တကွ ပြည်သူက ရွေးချယ်တင်မြှောက်ခဲ့တဲ့ လွှတ်တော်အသီးသီးကိုရောက်ရှိနေကြသော လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး မကျီးချောင်းဝက တံငါသည် ၂ ဦး အသတ်ခံရမှုကို တရားဥပဒေနဲ့အညီ သက်ဆိုင်ရာက တာဝန်ယူဖြေရှင်းပေးဖို့ ကြိုးပမ်းကြပါစို့။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts