ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် မတ်လ ၃ ရက် ည ၉ နာရီအချိန်ခန့်တွင် အမျိုးသမီးတစ်ဦး သေနတ်ပစ်သတ်ခံသေဆုံးပြီး ၄င်းနှင့်အတူ အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
သေဆုံးသူအမျိုးသမီး မနန်းဆိုင်ခမ်း အသက်(၄၀) နှစ်ခန့် လားရှိုးမြို့သူဟုသိရပြီး ဝဲဂျိုစောင်းမှ ယာလည်ဂုတ် ဖောက်ထွက်ဒဏ်ရာ ၁ ချက်ဖြင့်ကရင်စုရပ်ကွက်ရှိ ရာဘာခြံတစ်ခြံတွင် လဲကျသေဆုံးနေသည်ဟု အမည်မဖော်လိုသော ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။
၄င်းနှင့်အတူ သေနတ်ထိမှန် ဒဏ်ရာရရှိသူ စောလှမင်း အသက်(၂၈) နှစ် ပုဗ္ဗသီရိ မြို့နယ်၊ နေပြည်တော်နေထိုင်သူဟုသိရပြီး ဝဲလက်မောင်းနှင့် ခြေသလုံးတွင် ဒဏ်ရာရရှိကာ ဘုရားသုံးဆူမြို့ဆေးရုံတွင် ဆေးကုသခံယူလျက်ရှိသည်။
သူက “သေနတ်ပစ်ခံထိတဲ့သူတို့နှစ်ယောက် ဘုရားသုံးဆူရောက်တာ ရက်ပိုင်းလောက်ပဲ ရှိသေးတယ်၊ ငွေကြေးကိစ္စ စကားများကြတယ်လို့ပဲ ပြောနေကြတယ်၊” ဟု ဆိုသည်။
ဘုရားသုံးဆူမြို့ ကရင်စုရပ်ကွက်ရှိ ရာဘာခြံတစ်ခြံတွင် အခင်းဖြစ်ပွားခဲ့ပြီး သေနတ်ပစ်ခတ်သူမှာ ဘုရားသုံးဆူမြို့၊ အမှတ် ၁ ရပ်ကွက်နေ လှအောင် ဆိုသူဖြစ်ကြောင်း သေနတ်ဒဏ်ရာရရှိသူ စောလှမင်း တဆင့်ပြောကြားချက်အရ သိရသည်။
အခင်းဖြစ်ပွားသည့်အနီးတဝိုက်တွင် ၉ မီလီမီတာကျည်ခွံ ၆ ခု ရဲကတွေ့ရှိသိမ်းဆည်းရမိသော်လည်း သေနတ်သမားအား ဖမ်းဆီရမိခဲ့ခြင်း မရှိပေ။
သေနတ်ဖြင့်ပစ်ခတ်သူ လှအောင် အား ဘုရားသုံးဆူ နယ်မြေရဲစခန်း (ပ ၅/၂၀၁၆) ပုဒ်မ ၃၀၂ အရ အမှုဖွင့်လှစ်ထားကြောင်း ရဲဝန်ထမ်းတစ်ဦးထံမှ သိရသည်။
ယခုဖြစ်ပေါ်ခဲ့သောလူသတ်မှုသည် ၂၀၁၆ ခုနှစ်အတွင်း ဘုရားသုံးဆူမြို့တွင် ပထမဦးဆုံး ဖြစ်ပွားခဲ့သောလူသတ်မှုဖြစ်သည်။