မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / ပျူစစ်ရင် ပျူပဲ ဖြစ်မယ်၊ မွန်စစ်ရင် မွန်ပဲ ဖြစ်မယ်၊ မြန်မာစစ်ရင် မြန်မာပဲ ဖြစ်မယ်

ပျူစစ်ရင် ပျူပဲ ဖြစ်မယ်၊ မွန်စစ်ရင် မွန်ပဲ ဖြစ်မယ်၊ မြန်မာစစ်ရင် မြန်မာပဲ ဖြစ်မယ်

ရေးသားသူ: >

သမိုင်းဝါသနာပါပေမဲ့ သမိုင်းနဲ့ ပတ်သက်လို့ ကင်းကင်းရှင်းရှင်းနေလာတာ (၁၀)နှစ်လောက် ရှိပါပြီ။ ဒါပေမဲ့ အခုတလော ပျူစစ်ရင် မြန်မာလို့ ဘုန်းတင့်ကျော်တို့က ရေးနေခဲ့တော့ ဇဝေဇဝါး ဖြစ်ကုန်ကြတာ အများကြီး တွေ့ရတယ်။ မိမိကတော့ ဘုန်းတင့်ကျော်ရဲ့ အဖေ တက္ကသိုလ်ဘုန်းနိုင်ရဲ့ စာဖတ်ပရိသတ်ပါ။ ဆရာရဲ့ ဝတ္ထုတစ်ပုဒ် ဖြစ်တဲ့ "သာ၍ဝေးရာဆီကိုပါ"ကို အခုထိ ဇာတ်လမ်းဇာတ်ကွက်ပြောပြနိုင်ပါသေးတယ်။

ဒါပေမဲ့ မိမိအနေနဲ့ ဘုန်းတင့်ကျော်ရဲ့ ပရိသတ်တော့ မဖြစ်ဘူး။ ဘုန်းတင့်ကျော်ရေးတဲ့ "ပျူစစ်ရင် မြန်မာ"စာအုပ်ဟာ အံ့ဘွယ်ပါပဲ။ လိုရာဆွဲရေးထားတာ သိသာလှပါတယ်။ လှသိန်းထွဋ်ရေးတဲ့ "ဗုဒ္ဓသည် မြန်မာလူမျိုး"စာအုပ်ကိုလည်း ရန်ကုန်မှာ နေတုန်းက တစ်အုပ်ရလို့ ဖတ်ကြည့်ပါတယ်။ သိပ်ပြီးတော့ မဟန်ပါ။ အမေရိကရောက်တော့ မိုက်ကယ်အောင်သွင်ရေးတဲ့ “The Mist of Rāmaññadesa” ကိုလည်း ဖတ်ရပါတယ်။ မိုက်ကယ်အောင်သွင်ကလည်း အောက်မြန်မာနိုင်ငံမှာ ဝါရီရူမင်းဆက်(၁၃)ရာစုမတိုင်ခင်က မွန်နိုင်ငံဆိုတာ မရှိခဲ့ဘူးလို့ ရဲရဲတင်းတင်း ရေးပါတယ်။

ဒီဆရာတွေက အချက်အလက်များကို တန်ဖိုးဖြတ်တဲ့နေရာမှာ အတိုးအဆုတ် လုပ်ပါတယ်။ သုတေသီတစ်ဦးရဲ့ ရေးသားချက်ထဲက မိမိတို့နှစ်သက်ရာအချက်အလက်တွေကိုပဲ ရယူပြီး သမိုင်းအမြင်သစ်ကို ကောက်ချက်ဆွဲကြပါတယ်။ ဥပမာ-မွန်ကျောက်စာဆိုရင် (၆)ရာစုလို့ ပြောသင့်တဲ့နေရာမှာ (၇)ရာစုလို့ ပြောခြင်းမျိုး၊ (၈)ရာစုလို့ ပြောသင့်နေရာမှာ (၁၀)ရာစုလို့ ပြောခြင်းမျိုး၊ (၁၁)ရာစုဆိုရင် (၁၄)ရာစုလို့ ပြောခြင်းမျိုးပါ။ သထုံမှာ တွေ့တဲ့ တြာပ်နဲ့ ပဏ္ဍိတ်ကျောက်စာမှာ ရာဇာဓိရာဇဆိုတဲ့ ဝေါဟာရတစ်ခု တွေ့လို့ ဒါဟာ ရာဇာဓိရာဇ်ဘွဲ့အမည်ဖြစ်လို့ ဒီကျောက်စာဟာ ဝါရီရူနောက်ပိုင်းကျောက်စာဖြစ်တယ်လို့ ကောက်ချက်ဆွဲသလိုမျိုးပါ။ ဒါပေမဲ့ ဒီဆရာကြီးတွေက သတိမထားမိတာက ဒီကျောက်စာမှာပဲ တြိဘုဝနာဒိတျလည်း ပါရှိရာ ပုဂံခေတ် မြန်မာဘုရင်တိုင်းက ဒီဘွဲ့ကို ခံယူထားရှိလို့ ပုဂံဆိုတာလည်း အင်းဝခေတ်မတိုင်မီက မရှိခဲ့ဘူးလို့ ပြောသလို ဖြစ်နေတယ်။

လူမျိုးများ ပြန့်နှံ့နေပုံ(Internet)
လူမျိုးများ ပြန့်နှံ့နေပုံ(Internet)
နောက်တစ်ခုမှာ ခေတ်ပြိုင်မှတ်တမ်း ဖြစ်တယ်။ ဒီသမိုင်းဆရာတွေက ပျူတွေဟာ အရှေ့တောင်အာရှတခွင်လုံးကို ပျူပိုင်နက်အဖြစ် သတ်မှတ်ကြတယ်။ ဒီတော့ ဆိုင်ရာနိုင်ငံတွေရဲ့ သမိုင်းမှတ်တမ်းတွေကို သွားကြည့်ရတော့မယ်။ အရှေ့တောင်အာရှမှာ အစဉ်အလာအရ ပျူ၊ မွန်၊ ခမာ၊ ဂျာဗာနဲ့ စမ္ပာတို့ ရှိခဲ့ကြတယ်။ ဒီလူမျိုးတွေဟာ အချင်းချင်းသိခဲ့ကြတယ်။ အင်ဒိုနီရှားကျောက်စာတစ်ချပ်မှာ မွန်ကို ရမေည် လို့ ရေးတယ်။ ခမာကျောက်စာမှာ ရမည်လို့ ရေးတယ်။ သီရိလင်္ကာသားတွေက "အရမဏိယျ/အရမဏျ လို့ မှတ်တမ်းတင်တယ်။ ရာမညကို ပြောတာပါ။ ပုဂံခေတ်ကျောက်စာမှာ ရ္မေည်လို့ ရေးတယ်။ ဟံသာဝတီခေတ်မှာ ရမန်လို့ ရေးတယ်။ အခု "မန်"လို့ ရေးတယ်။ "မန်"ကို မြန်မာအသံနဲ့ ရေးတော့ "မွန်" ပေါ့။ မွန်တွေက ခမာတွေကို " ကြောမ်"လို့ ခေါ်တယ်။ ဒါဆိုရင် ကြောမ် တွေရဲ့ ခေတ်ကို သွားရှာလို့ ရတယ်။ ခမာရာဇဝင်ထဲကို သွားရှာကြည့်ရမယ်။ ကြောမ်တွေ ကြီးစိုးတဲ့ခေတ်ကို ကြည့်ရမယ်။ နောက်ပြီး မွန်တွေကို အင်ဒိုသားတွေကို "ဇဝါ"လို့ ခေါ်တယ်။ ဂျာဗားသားတွေ ခေတ်စားတဲ့အချိန်ပေါ့။ အင်ဒိုမှာ ဂျာဗားကျွန်းရယ်၊ စုမတြာကျွန်းရယ်ဆိုပြီး အင်အားပြိုင်ခဲ့ကြတယ်။ မွန်တွေက ဂျာဗားတွေနဲ့ ဆက်ဆံရေး အရင်ရှိခဲ့လို့ ဒီကျွန်းသားတွေကို "ဇဝါ"လို့ ကျောက်စာမှာ ရေးခဲ့တာပဲပေါ့။ သီရိလင်္ကာမှာလည်းပဲ အဲ့လိုပဲ။ မဟာဝံသနဲ့ စူဠဝံသမှာ ပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံတွေက အေဒီ (၁၂)ရာစုအထိ " မြန်မာ"ဆိုတဲ့ အမည်ကို မသိကြသေးဘူး။ " မြန်မာနိုင်ငံ"ကို မြမ္မာဒေသ လို့ပဲ ရေးခဲ့တယ်။ ဘယ်မှတ်တမ်းမှာမှ ဗြဟ္မဒေသလို့ မရေးပါ။ ရေးခဲ့ရင်လည်း မြမ္မာဒေသနဲ့ ဗြဟ္မဒေသနှစ်ခု တူကြောင်း မနည်းသက်သေပြရမှာ ဖြစ်တယ်။ ဘုန်းတင့်ကျော် ပေးတဲ့ ဖော်မြူလာအရ "သရေခေတ္တရာ"ကို " ပြည်"မြို့ဆိုပါတယ်။ အဲဒီပြည်ကို အင်္ဂလိပ်လို ပေါင်းရင် "prome” ဆိုပဲ။ ဒီ "Prome "ဟာ " ဗြမ်"ကိုပဲ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပြည်ဟာ ဗမာပိုင် ဖြစ်သွားတယ်။ ဗမာက ဗြဟ္မာက ဆင်းသက်လာသကိုး။ အမှန်မှာ အင်္ဂလိပ်တွေက မွန်တွေဆီက Prome ဆိုတဲ့ စကားလုံးကို ရသွားတာ ဖြစ်တယ်။ အဲ့မြို့ကို ဗမာတွေဆီက အရင်ကြားခဲ့ရင် "Pyay” လို့ ပေါင်းမှာပေါ့။ မွန်တွေဟာ ပြည်ကို ပါးစပ်မပိတ်ဘဲ ပြောပါတယ်။ " ပြည်"အတိုင်း ဖတ်တာပဲ။

နောက်ပြောစရာရှိတာက ဘာသာဗေဒအရပါ။ လူမျိုးတစ်မျိုးနဲ့ ကူးလူးဆက်နွှယ်မှုကို သိချင်ရင် စကားကို ကြည့်ရတယ်။ ဘယ်သူက ဘယ်သူ့ဆီက စကားကို ငှားသုံးခဲ့ရပါသလဲ။ ပုဂံခေတ်ကို ကြည့်ရင် မြန်မာတွေက မွန်တွေဆီက အသုံးအနှုန်းအတော်များများကို ယူသုံးခဲ့ကြတယ်။ ပင်လယ်နဲ့ ပတ်သက်တဲ့ ဝေါဟာရတွေအများအပြားကို ယူသုံးခဲ့ရပါတယ်။ အင်းဝခေတ်ကျတော့ မွန်တွေက ဗမာတွေဆီက ဝေါဟာရပေါင်းမြောက်မြားစွာကို ယူသုံးခဲ့ပါတယ်။ ဒါဟာ မွန်နဲ့ မြန်မာကူးလူးဆက်နွှယ်မှုကို မွန်မြန်မာစာပေပေါင်းကူးနဲ့ ယှဉ်ကြည့်တာပါ။ မွန်တွေကလည်း အဲ့လိုပဲ။ ဘယ်လူမျိုးနဲ့ အစဦးဆုံး တွေ့ခဲ့ရသလဲ သိချင်ရင် သူ့စကားကို ကြည့်ကြည့်ပေါ့။ မွန်စကားထဲမှာ မလေးစကားတွေ ပါနေတယ်၊ ဌာနေတိုင်းရင်းသားစကားတွေကို တွေ့ရတယ်။ ဥပမာ-မွန်တွေက "စပုင်"ကို ထမင်းစားတယ်လို့ ပြောတာပါ။ ဒါပေမဲ့ အဲဒါကို "ဟာပ်ပုင်"လို့လည်း ခေါ်တယ်။ "ဟာပ်"ကို ဒီနေ့အထိ ပလောင်တွေ သုံးနေကြတုန်းပဲ ထင်တယ်။ နောက်ပြီး "အဲ"ဆိုရင် " ကျနော်/ကျမ" ပေါ့။ "ဇကု" "ဟကု"ဆိုရင်လည်း "ကျနော်/ကျမ"ကို ရတာပါပဲ။ အခု မလေးစကားမှာ "အကု"လို့ ပြောတယ်ထင်ပါရဲ့။ ခမာနဲ့ ဝေါဟာရတူတာ၊ ဟိုဗီယက်နာမ်တောင်ပိုင်းမှာ နံပါတ်ရေတွက်ပုံချင်းတူတာ၊ ဟိုအိန္ဒိယရှိ ခါဆီတွေနဲ့ တူတာတွေဟာ အထူးလေ့လာသင့်တယ်။ ခါဆီဆိုတာ "ပါဠိစာပေ"မှာ ပါတဲ့ "ကာသိ"တိုင်းပါပဲ။ "ကာသိ"တိုင်းဆိုတာနဲ့ ဗာရဏသီကို ပြေးမြင်မိကြမှာပဲ။ ဒီတော့ အရင်တုန်းက ဒီလူမျိုးတွေဟာ အတူတူနေခဲ့ကြဖူးတယ်၊ ပေါင်းသင်းဆက်ဆံဖူးကြတယ်ဆိုတာ သက်သေတွေပေါ့။ နယ်မြေချင်းလည်း ဆက်စပ်နေခဲ့သကိုး။ "မွန်တွေ သုံးတဲ့ ဟူရာ/ဟောရ စတဲ့ အသုံးအနှုန်းကတော့ ဂရိစကားပါ။ အစာဟူရာဆိုရင် "အချိန်ကို ကြည့်ပြီး ဗေဒင်ဟောစားတဲ့ လူတန်းစားတစ်ရပ်" ပေါ့။ "အရက်"ဆိုရင် အာရပ်စကားပါပဲ။ မွန်၊ ပျူ၊ မြန်မာတို့ကြားမှာ ဒီဘာသာဗေဒအရ ဆက်နွှယ်မှုနဲ့ ပြန့်ကြဲနေတဲ့ ဒေသတွေကို အကဲဖြတ်လိုက်ရင် ဒီလူမျိုး(၃)မျိုးရဲ့ အနေအထားကို ခန့်မှန်းလို့ ရကြမှာပါ။

နောက်တစ်ခု အက္ခရာစာအရေးအသားပါ။ အခုခေတ်သစ်သမိုင်းဆရာတွေက မြန်မာအက္ခရာကို ပျူအက္ခရာကနေ ဆင်းသက်လာတယ်လို့ ယူဆချင်ကြပါတယ်။ အချို့ကတော့ ဗြဟ္မီအက္ခရာကနေ ဆင်းသက်လာကြောင်း ဆိုကြပါတယ်။ အဓိပ္ပါယ်ကတော့ မြန်မာတွေက နဂိုကတည်းက ဒီမှာပဲ နေခဲ့ကြပြီး ဗြဟ္မီကို ကိုယ့်ဟာနဲ့ကိုယ် ယူသုံးခဲ့တယ်လို့ ဆိုလိုရာရောက်ပါတယ်။ ဒီအချက်ဟာ အင်မတန်မှ ဒုံးဝေးပါတယ်။ ဒီအဆိုကို အတည်ပြုဖို့ ရာဇကုမာရ်ကျောက်စာကိုလည်း ဖျက်ပစ်ရပါ့မယ်။ မကြာခင်က တွေ့ရှိခဲ့တဲ့ စောလူမင်းကျောက်စာကိုလည်း ပယ်ဖျက်ရပါ့မယ်။ ပျူတွေဟာ သူ့စာကို ရေးတဲ့အခါ ကဒမ္ဗအက္ခရာကို သုံးပါတယ်။ ဒါပေမဲ့ ပါဠိကို ရေးတဲ့အခါ ပလ္လဝအက္ခရာကို ယူသုံးပါတယ်။ မြန်မာတွေကကော တစ်ချိန်ထဲမှာ အက္ခရာနှစ်မျိုးကို သုံးခဲ့ပါသလား။ ပုဂံခေတ်ဆိုတာ နှစ်ပေါင်း(၃၀ဝ)နီးပါး တည်တံ့ခဲ့တာ ဖြစ်တယ်။ မြန်မာစာကိုရော ပါဠိစာကိုပါ လက်ရှိမြန်မာ့အက္ခရာကိုပဲ သုံးခဲ့ပါတယ်။ မွန်၊ ခမာ၊ ဂျာဗားသားတွေက ပလ္လဝအက္ခရာကိုပဲ သုံးခဲ့ကြတာပါ။ ကဒမ္ဗနဲ့ ပလ္လဝဆိုတာ ဗြဟ္မီအက္ခရာကနေ ဆင်းသက်လာတဲ့ အက္ခရာတွေပေါ့။ အဲ့လိုပဲ အခု မွန်မြန်မာအက္ခရာနဲ့ ခမာအက္ခရာတွေဟာ ပလ္လဝအက္ခရာကနေ ဆင်းသက်လာတာပေါ့။ အဆင့်ဆင့် ရေးလာကြတော့ အခုအချိန်မှာဆို ပုံစံက မတူကြတော့ဘူးပေါ့။ ဒီတော့ မြန်မာပြည်မှာ ဗြဟ္မီအက္ခရာကို တွေ့တယ်၊ ဗြဟ္မဆိုတာ ဗမာပဲလို့ သွားပြောလို့ မဖြစ်ဘူး။ ဗမာဆိုတဲ့ အမည်ကို အင်းဝခေတ်ကျမှပဲ တွေ့ရတဲ့အမည်တစ်ခု ဖြစ်တယ်။ ဒီတော့ ဒီနိုင်ငံမှာ ဗြဟ္မီအက္ခရာကို တွေ့ရတယ်ဆိုခဲ့ရင် အခု အင်္ဂလိပ်အက္ခရာကို ဒီမှာ တွေ့နေရသလိုမျိုးပဲလို့ သတ်မှတ်ရမှာ ဖြစ်တယ်။ ဒီအက္ခရာကို ချင်းတွေမှာ တွေ့မယ်၊ ကချင်တွေမှာ တွေ့မယ်။ အခြားလူမျိုးတွေမှာ နည်းနည်းပါးပါး တွေ့ရမယ်။ အင်္ဂလိပ်အက္ခရာကို ကချင်ပိုင် လုပ်လို့ မရဘူး။ အင်မတန်မှ ရှင်းပါတယ်။

နောက်ပြီး ဗုဒ္ဓဘာသာပြန့်ပွားမှုကို ပြောမယ်။ အနော်ရထာမတိုင်မီက အထက်မြန်မာပြည်မှာ ဗုဒ္ဓဘာသာမထွန်းကားခဲ့ဘူးလို့ မရေးဘူး။ သရေခေတ္တရာမှာ ဗုဒ္ဓဘာသာ ထွန်းကားလွန်းလို့ ငါးပါးသီလ အလွန်အကျွံ ဆောက်တည်ကြပြီး အချင်းချင်းမညီညွတ်ကြလို့ တိုင်းပြည်ပါ ဆုံးရှုံးသွားရတာ ဖြစ်တယ်။ ဒါပေမဲ့ ပျူနေရာမှာ အစားထိုးဝင်လာတဲ့ မြန်မာတွေက ထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်တဲ့လူမျိုးလား၊ မဟာယာနဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်တဲ့လူမျိုးလား စိစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။ အဲ့လိုစိစစ်လိုက်တဲ့အခါမှာ မြန်မာတွေ သုံးတဲ့ အရပ်လေးမျက်နှာကို အရင်ကြည့်ရအောင်ပါ။ အရှေ့ဆိုတာ ကိုယ့်မျက်နှာမူရာ၊ အနောက်ဆိုရင် ကိုယ့်နောက်၊ တောင်ဆိုရင် တောင်တန်းပြာ၊ မြောက်ဆိုရင် " မြစ်အောက်"လို့ အဓိပ္ပါယ်ရတယ်။ ဒါဟာ ဇီချွမ်ဒေသမှာ ရှိတဲ့ နယ်မြေတစ်ခုကို ညွန်းနေတယ်။ မြစ်ချောင်းတွေကို ကြည့်ပေါ့။ အနောက်ကို စီးဆင်းမယ်၊ အရှေ့ကို စီးဆင်းတယ်၊ တောင်ကို စီးဆင်းမယ်။ မြောက်ဘက်ကို စီးဆင်းတာ နည်းတယ်။ အထူးသဖြင့် တရုတ်ပြည်၊ အိန္ဒိယပြည်နဲ့ အရှေ့တောင်အာရှမှာပေါ့လေ။ ဒါပေမဲ့ မြန်မာတို့ရဲ့ မူရင်းဒေသမှာ တောင်က တောင်ဘက်မှာ၊ မြစ်က မြောက်ဘက်ကို စီးဆင်းနေတာကို တွေ့ရပါ့မယ်။ အဲ့ဒေသမှာ အရင်က တိဗက်လူမျိုးတွေ အကြီးအကျယ် အခြေချခဲ့တဲ့နေရာပါပဲ။ မြန်မာတို့စကားထဲမှာလည်းပဲ တိဗက်စကားတွေ ရောနေတာကို ငြင်းလို့ မရပါ။ ဥပမာ " စောင်း"လိုဟာမျိုးတွေပေါ့။ ဒီတော့ ဘုန်းတင့်ကျော်တို့က မြန်မာတွေဟာ တိဗက်ကနေ ဆင်းသက်လာတာ မဟုတ်ဘူးလို့ ဘယ်လောက်ပဲငြင်းငြင်း စကားပြောရင် ဇာတိပြပါလိမ့်မယ်။ ဒီတော့ ဒီဒေသကို လေ့လာကြည့်ရင်လည်း ပန်းဦးလွှတ်တဲ့ ဓလေ့ကို တွေ့နိုင်ပါတယ်။ ဒီဓလေ့က သမိတိယဂိုဏ်းက ဆင်းသက်လာတာပါ။ ဒီဂိုဏ်းက အစမှာ သဘောကောင်းနဲ့ လုပ်ခဲ့တာပါ။ ဒီဂိုဏ်းအယူအဆကို လေ့လာလို့ ရပါတယ်။ သူတို့က လင်မဲ့မိန်းမများဟာ ရာဂထကြွတဲ့အခါ အင်မတန်မှ သနားစရာကောင်းကြောင်း၊ မာတုဂါမတွေကို ရာဂနဲ့မဟုတ်ဘဲ သနားကရုဏာနဲ့ မေထုန်ကို စပ်ယှက်ရင် ပါရာဇိက မကျဘူးလို့ ယူဆကြပါတယ်။ ဒီဓလေ့က တိဗက်ကို ရောက်တော့ လူဝင်စားဓလေ့ ဖြစ်လာတယ်။ ရဟန်းတစ်ပါးက အမျိုးသမီးတစ်ယောက်ကို အုပ်ပါက မရုန်းရဘူး။ ဒါဟာ ဘုရားဗီဇပေးတာ ဖြစ်တယ်လို့ ယုံကြည်ကြတာကိုး။ စီချွမ်နယ်ရောက်တော အိမ်ထောင်ပြုတော့မဲ့ အမျိုးသမီးတစ်ယောက်ဟာ ဘုန်းကြီးကျောင်းကို လာပြီး ကိုယ်နှစ်သက်ရာ ရဟန်းတစ်ပါးကို ပန်းဦ်းလွှတ်လို့ ရတယ်။ ဒီဓလေ့ကပဲ မြန်မာတွေနဲ့အတူ ပုဂံကို ရောက်လာတော့ ဆရာတော်ကိုအစ ကပ္ပိယကိုအဆုံး (၇)ညတိုင်တိုင် ပန်းဦးလွှတ်ရတယ်။ ပန်းဦးလွှတ်တယ်ဆိုကတည်းက ဒီဘက်ခေတ်က အသုံးအနှုန်းမဟုတ်ဘူး။ အခုခေတ်ဆို လွှတ်တယ်လို့ သိပ်မသုံးကြဘူး။ လှူတယ်လို့ ပြောကြတယ်။ ပုဂံခေတ်ကတော့ လှူတာကို လွှတ်တယ်လို့ ပြောတယ်။ အချို့ဘုန်းတော်ကြီးများကတော့ " ကျောင်းလွှတ်ပွဲ"လို့ ဆိုင်ပုဒ်တင်နေကြတုန်းပါ။ ဒီတော့ ရှင်းပါတယ်။ ပျူတွေဟာ ထေရဝါဒဗုဒ္ဓဘာသာ ဖြစ်ဖို့များတယ်။ ရှေးဦးမြန်မာတွေဟာ မဟာယာနဗုဒ္ဓဘာသာ ဖြစ်ဖို့များတယ်။ ပုဂံမှာ ဗုဒ္ဓဘာသာမထွန်းကားသေးဆိုတာ ထေရဝါဒဗုဒ္ဓဘာသာကို ရည်ရွယ်တာ ဖြစ်ပါလိမ့်မယ်။ ပုဂံမှာ နတ်နဂါးကို ကိုးကွယ်ကြတယ်ဆိုကတည်း အထက်မြန်မာပြည်မှာ ပျူတွေပဲ နေကြတာမဟုတ်ဘဲ ပလောင်တို့၊ မွန်တို့၊ ပအိုဝ်းတို့လည်း ရှိနေကြမှာပဲ။ ဘာဖြစ်လဲဆိုရင် ဒီလူမျိုး(၃)မျိုးတို့က နတ်နဂါးကို ကိုးကွယ်လာခဲ့ကြသကိုး။

နောက်ပြီး ပျူအရိုးအိုးကိစ္စကို နည်းနည်းစောဒက တက်ပါအုံးမယ်။ အရိုးပြာအိုးတွေ့တိုင်း ပျူလို့ သတ်မှတ်နေခြင်းမှာ ဦးနေဝင်းလက်ထက်က နားလည်မှုလွဲမှားခဲ့ခြင်းဖြစ်တယ်။ မြန်မာနိုင်ငံသမိုင်းကို ပျူနဲ့ မြန်မာလောက်ပဲ အချိန်သတ်မှတ်ချက် ပေးခဲ့ကြလို့ပါပဲ။ ပုဂံနဲ့ ပုဂံနောက်ပိုင်းကို မြန်မာလို့ သတ်မှတ်ခဲ့ကြပြီး ပုဂံမတိုင်မီက ရှေးဟောင်းပစ္စည်းများကိုကျတော့ ပျူခေတ်လို့ သတ်မှတ်လေ့ ရှိပါတယ်။ ပျူခေတ်ကဆိုလို့ ပျူပိုင်တွေ ဖြစ်တယ်လို့ အခုခေတ်လူတွေက မှောက်မှောက်မှားမှား ယူဆလိုက်ကြခြင်းဖြစ်တယ်။ အမှန်မှာ မြန်မာနိုင်ငံသမိုင်းကို လေ့လာခဲ့ရင် ပျူနဲ့မြန်မာလောက်ကိုပဲ ခေတ်ကာလသတ်မှတ်လို့ မရပါ။ အနည်း်ဆုံး မွန်နဲ့ရခိုင်အတွက်လည်း စဉ်းစားပေးသင့်ပါတယ်။ ဒါ သဘောရိုးနဲ့ ပြောတာပါ။ အတော်များများက သမိုင်းအချက်အလက်ကို တရုတ်တွေဆီက ရယူကြပါတယ်။ တရုတ်မှတ်တမ်းကို ရယူပြီး မွန်သမိုင်းကို ရေးရင် "တွန်ဆွန်" နိုင်ငံအကြောင်းကို ပြောချင်ပါတယ်။ နိုင်ငံ(၅)ခုကို ပေါင်းစုထားတဲ့ နိုင်ငံတစ်ခုပေါ့။ တွန်-နိုင်ငံ၊ ဆွန် -ငါး = တွန်ဆန် ငါးနိုင်ငံပြည်ထောင်လို့ ခေါ်တယ်။ ဒီနိုင်ငံမှာ အိုးကို ထုတ်လုပ်ကြကြောင်းဆိုပဲ။ သာရေးနာရေးအတွက် ဆောင်ရွက်ဖို့ ဗြဟ္မဏလူတန်းစားတစ်ရပ်လည်း ရှိကြောင်း ဆိုပါတယ်။ ဒီဗြဟ္မဏတွေဟာ နေ့တိုင်း အိုး(၅)အိုးနဲ့ ဗိဿနိုး၊ မဟာဗြဟ္မာနဲ့ သျှီဝတို့ကို ပူဇော်ရကြောင်း ဆိုပါတယ်။ မွန်တွေမှာ အခုအချိန်ထိပါပဲ။ အိမ်ဆောက်မှုလုပ်ငန်းတွေမှာ ဟိန္ဒူအယူအဆအရ ဆောက်လုပ်ကြပါတယ်။ အိမ်ကို ပြီးအောင် ဆောက်ပြီးမှ ဗုဒ္ဓဘာသာရဟန်းတွေအတွက် နေရာရတာပါ။ ပုဂံနန်းတော်ကို တည်ဆောက်တုန်းကလည်း ကျောက်စာကို ပြန်လေ့လာကြည့်ပါ။ ဟိန္ဒူဓလေ့တွေချည်းပဲ များပါတယ်။ ဒီတော့ ဒီနိုင်ငံတွေမှာ အရိုးပြာ၊ ဟိန္ဒူဘုရား၊ ဗုဒ္ဓရုပ်ပွားတွေကို အများအပြားတွေ့မြင်နေရတာဟာ ဘာမှအထူးအဆန်း မဟုတ်တော့ပါ။

ဒါကြောင့် မိမိက ဒီမှာ ပြောချင်ပါတယ်။ ပျူဟာ ပျူသက်သက်ပါ။ မြန်မာဟာ မြန်မာသက်သက်ပါ။ မွန်ဟာ မွန်သက်သက်ပါ။ အမျိုးသားကြန်အင်လက္ခဏာအရ ပျူစစ်ရင် ပျူပဲ ဖြစ်ရမယ်။ မွန်စစ်ရင်လည်း မွန်ပဲ ဖြစ်ရမယ်။ မြန်မာစစ်ရင်လည်း မြန်မာပဲ ဖြစ်ရမယ်။

About မွန်သတင်းအေဂျင်စီ

Check Also

အစိုးရနှင့် NCA အကျပ်အတည်း

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ကို သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က စတင်ဖော်ဆောင်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင် …

Leave a Reply

%d bloggers like this: