spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးMCL ဘိလပ်မြေစက်ရုံ ကျောက်မီးသွေးနဲ့လည်ပတ်မယ်လို့ ထုတ်ပြောပြီ

    MCL ဘိလပ်မြေစက်ရုံ ကျောက်မီးသွေးနဲ့လည်ပတ်မယ်လို့ ထုတ်ပြောပြီ

    -

    ကျိုက်မရောမြို့နယ် ပျားတောင်ဒေသမှာတည်ဆောက်မယ့် မော်လမြိုင် ဘိလပ်မြေစက်ရုံ Maylamyine Cement Limited အတွက် လိုအပ်တဲ့လျှပ်စစ်စွမ်းအင်တွေကို ဘယ်ကနေထုတ်လာမှာလဲဆိုတာ ပဟေဠိတစ်ခုလို မရောမရာဖြစ်နေရတာ ကြာခဲ့ပါပြီ။ ဒါနဲ့ပဲ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း MCL က ပေးပို့လာတဲ့ အီးမေးလ်တစ်စောင်အရ သူတို့စက်ရုံလည်ပတ်ဖို့ ကျောက်မီးသွေးအပြင် အခြားနည်းပညာနဲ့ ထုတ်လုပ်တော့မယ်လို့ အတည်ပြုလို့ရပါပြီ။

    MCL မှ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ “မော်လမြိုင်မြို့ရှိ MCL ဘိလပ်မြေစက်ရုံမှာ Integrated Cement Plant ဖြစ်ပြီး စက်ရုံတွင်း လျှပ်စစ်သုံးစွဲဖို့အတွက် ၄၀ မဂ္ဂါဝပ်ကို ကျောက်မီးသွေးနှင့် ဇီဝစွန့်ပစ်ပစ္စည်းများမှလည်းကောင်း၊ ၉ မဂ္ဂါဝပ်ကို စက်ရုံမှစွန့်ပစ်သော လေပူ Waste Heat Generator (WHG) မှတဆင့် ထုတ်ယူရန် ဆောင်ရွက်ခဲ့ပါတယ်။ WHG သုံးခြင်းရဲ့ ရည်ရွယ်ချက်ကတော့ လျှပ် စစ်ဓာတ်အားအပေါ်မှီခိုမှု နှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှု (greenhouse gas emission) လျှော့ချနိုင်ဖို့အတွက် ဖြစ်ပါသည်” လို့ ဆိုပါတယ်။

    ဒီစက်ရုံဟာ တစ်နေ့ ဘိလပ်မြေထုတ်လုပ်တန်ချိန် ၅ ထောင်နှုန်းနဲ့ မကြာခင်လပိုင်းအတွင်း(၂၀၁၆ ခုနှစ်လယ်) စက်ရုံစတင်လည်ပတ်တော့မှာပါ။ MCL ဘိလပ်မြေစက်ရုံဟာ အမှန်တကယ်မှာတော့ မော်လမြိုင်မြို့အနီးအနား တဝိုက်မှာတည်ဆောက်တာတော့မဟုတ်ပါဘူး၊ ကျိုက်မရောမြို့နယ် ပျားတောင်ကိုအခြေခံတာပါ၊ ပျားတောင်အနီးတဝိုက် ကော့ဒွန်း၊ ကော့ပနော့၊ ကွမ်ငန်း၊ ကတုံစီး၊ ငပြေမ၊ မယ်ခရို၊ နိတုံ၊ ကာ့ဝမ်း၊ မွန်ကျေးလက်တောရွာတွေ ဖြစ်ကြပါတယ်။

    မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ်ဒါရိုက်တာ မင်းအဲမွန်က “ EIA ဘယ်လိုလုပ်ခဲ့တာကို ကျနော်တို့ ရှင်းရှင်းလင်းလင်း မကြားသိခဲ့ပါ၊ ခုခါမှ ဗြုန်းဒိုင်းကြီး ကျောက်မီးသွေးကို ၄၉ မဂ္ဂါဝပ်ထုတ်မယ်ဆိုတာက အနိုင်နဲ့ပိုင်းချသလိုပဲ၊ သူတို့ EIA ထဲမှာ ကျောက်မီးသွေး သုံးပါတယ်ဆိုတာ အစကတည်းက ပါခဲ့သလားဆိုတာ ကျနော်တို့ကြည့်ချင်တယ်၊ မပါခဲ့ဘူးဆိုရင် ဒါကဥပဒေကို ချိုးဖောက်တာပဲ” လို့ ပြောပါတယ်။

    သူက

    ပျားတောင်(PyartaungWatch Epnw)
    ပျားတောင်(PyartaungWatch Epnw)
    အောက်ဖော်ပြပါ “မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေ” ကို သူကရည်ညွှန်းပြောဆိုပါတယ်။

    မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေ အခန်း(၄) အပိုဒ် ၆ – အောက်ပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ကန့်သတ်သည့် သို့မဟုတ် တားမြစ်သည့်လုပ်ငန်းများအဖြစ် သတ်မှတ်ရမည်။
    (က) နိုင်ငံတော်အတွင်း တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို ထိခိုက်စေသော လုပ်ငန်းများ၊
    (ခ) လူနေထိုင်ရာရပ်ဝန်းအတွင်း အများပြည်သူ၏ ပတ်ဝန်းကျင်ကို ထိခိုက်စေမှု၊ အသံဆူညံမှု ဖြစ်ပေါ်စေသောလုပ်ငန်းများ၊
    (ဂ) ပြည်သူတို့၏ ကျန်းမာရေးကို ထိခိုက်စေသောလုပ်ငန်းများ၊
    (ဃ) သဘာဝအရင်းအမြစ်၊ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိခိုက်ပျက်စီးစေနိုင်သော လုပ်ငန်းများ၊
    (င) နိုင်ငံတော်အတွင်းရှိ ကုန်းနေ၊ ရေနေသတ္တဝါများ၊ သစ်ပင်၊ ပန်းမန်၊ စိုက်ပျိုးသီးနှံ ရှေးဟောင်းအမွေအနှစ်များ၊ သယံဇာတပစ္စည်းများ စသည်တို့ကို ထိခိုက်စေနိုင်သော လုပ်ငန်းများ၊
    (စ) နိုင်ငံတော်အတွင်းသို့ ဘေးအန္တရာယ်ရှိသော သို့မဟုတ် အဆိပ်အတောက်ရှိသော ပစ္စည်းများ သယ်ဆောင်လာနိုင်သည့်လုပ်ငန်းများ၊
    (ဆ) နိုင်ငံတကာသဘောတူညီချက်အရ ဘေးအန္တရာယ်ရှိသော ဓါတုပစ္စည်းထုတ်လုပ်မှုစက်ရုံများ သို့မဟုတ် အသုံးပြုသောလုပ်ငန်းများ၊

    “တကယ်လို့ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေပါ အချက်တွေကို ချိုးဖောက်မှုရှိမရှိ၊ တကယ်လို့ ရှိခဲ့မယ်ဆိုရင် ကျနော်တို့ကန့်ကွက်ပြီးတော့ ပိတ်ပင်တဲ့အထိ ကျနော်တို့ တောင်းဆိုနိုင်တဲ့အနေအထားရှိတယ်၊ EIA ထုတ်ပြန်ချက်၊ စစ်တမ်းကောက်ယူခဲ့တာတွေကို အများပြည်သူသိအောင် ပွင့်လင်းမြင်သာမှုရှိရှိ ခင်းကျင်းပြသပေးဖို့လိုတယ်” လို့ မင်းအဲမွန်က ဆိုပါတယ်။

    ကျောက်မီးသွေးစွမ်းအင်သုံး/မသုံးကို စက်ရုံကုမ္ပဏီမှ ရှင်းလင်းပြောဆိုထားခြင်းမရှိသေးကြောင်း စက်ရုံဝန်းကျင်ကျေးရွာနေ အမည်မဖော်လိုတဲ့အုပ်ချုပ်ရေးမှူးတစ်ဦးက မွန်သတင်းအေဂျင်စီကို ပြောဆိုခဲ့သလို “ကျောက်မီးသွေး စွမ်းအင်သုံးစွဲမယ့်သတင်းကို အရင်က မကြားမိခဲ့ဘူးပါ။ အခု အဲဒီသတင်း ထွက်ပေါ်လာတော့ ဒေသခံတွေကြောက်နေကြတယ်၊ ကျောက်မီးသွေးစွမ်းအင်နဲ့ မထုတ်လုပ်စေချင်ဘူးပေါ့” ဟု ကော့ဒွန်းရွာနေ မိနီနီအောင်ကလည်း ဆိုပါတယ်။

    MCL ရဲ့ထုတ်ပြန်ချက်မှာ “စက်ရုံမတည်ဆောက်ခင် ၂၀၁၃ ခုနစ်ကတည်းက သဘာဝပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှုစစ်တမ်း (Environment Impact Assessment – EIA) ကို မြန်မာနိုင်ငံ၏ ထိပ်တန်းပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြံပေးအဖွဲ့ဖြစ်သော Resource and Environment Myanmar ထံမှ ရယူခဲ့ပြီး စက်ရုံတည်ဆောက်မှု ခွင့်ပြုချက်ကို မြန်မာနိုင်ငံရှင်းနှီးမြှုပ်နှံမှု ကော်မတီ (Myanmar Investment Committee – MIC) မှ ရယူခဲ့ပြီး စက်ရုံကိုလည်း EIA ၏ လမ်းညွှန်ချက်များနှင့်အညီ တည်ဆောက်ခဲ့ပါတယ်” လို့ ဖော်ပြထားပါတယ်။

    MCL ၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ Mr. Wijit Terasarun က “မော်လမြိုင်မြို့ရှိ MCL ကုမ္ပဏီပိုင် ဘိလပ်မြေစက်ရုံမှ ကျောက်မီးသွေးသုံး လှျပ်စစ်ဓာတ်အားထုတ်ယူမှုနှင့် ပတ်သက်၍ ဒေသခံများမှ စိုးရိမ်ပူပန်မှုများကို ကြားသိရပါတယ်” လို့ ဆိုပါတယ်။

    ဒါ့ကြောင့် ပြီးခဲ့တဲ့ဖေဖေါ်ဝါရီ ပထမပတ်တွင် ကျိုက်မရောမြို့နယ်မှ မွန်သံဃာတော် ၁၃ ပါး ကို ထိုင်းနိုင်ငံ လန်ပန်မြို့ရှိ MCL ပိုင် စက်ရုံများကို လေ့လာဖို့ ပင့်ဆောင်ခဲ့ပါတယ်။ လန်ပန်မြို့ရှိစက်ရုံဟာ မော်လမြိုင်မြို့ရှိစက်ရုံနဲ့ တူညီတဲ့နည်းပညာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအစဉ်များကို အသုံးပြု အကောင်အထည်ဖော်နေတာလို့ MCL က ဆိုပါတယ်။

    ဒီခရီးစဉ်မှာလိုက်ပါခဲ့တဲ့ ကော့ပလိုင်ဆရာတော် ဘဒ္ဒန္တကေတုမာလာက “လန်ပန်မြို့အပြင်ဘက် ၂၅ ကီလိုမီတာလောက်မှာ SCG ဘိလပ်မြေစက်ရုံကြီးကိုရောက်ခဲ့တယ်၊ အဲဒီစက်ရုံအတွက်လိုအပ်တဲ့ လျှပ်စစ်စွမ်းအင် ၃၀% ကို အဲဒီစက်ရုံမှာပဲ ကျောက်မီးသွေးနဲ့ထုတ်သုံးတယ်၊ ကျန်တဲ့ ၇၀% ကို ၂၄၀၀ မဂ္ဂါဝပ်ထုတ်လုပ်တဲ့ အခြားစက်ရုံကြီးဆီက ယူတယ်လို့ ဆိုပါတယ်၊ အဲဒီသူတိုဒေသမှာ သဘာဝဝန်းကျင် မထိခိုက်အောင် ထိန်းသိမ်းထားတာ သိပ်ကိုအားရမိပါတယ်၊ စက်ရုံအနီးတဝိုက်မှာ စိမ်းလမ်းတဲ့သစ်ပင်တွေနဲ့ ရွာ ၄၂ ရွာလောက်ရှိပါတယ်၊ ရွာသားတွေနဲ့ ဘိလပ်မြေစက်ရုံက သဟဇာတရှိကြတာ မြင်တွေ့ရပါတယ်” လို့ မိန့်ဆိုပါတယ်။

    နောက်တစ်ရက်တွင် လန်ပန်မြို့နှင့် ၃၀ ကီလိုမီတာခန့်ဝေးကွာတဲ့ မဂ္ဂါဝပ် ၂၄၀၀ ထုတ်လုပ်တဲ့ ကျောက်မီးသွေးသုံးလျှပ်စစ်စက်ရုံကို သွားရောက်တဲ့လေ့လာတဲ့အခါမှာလည်း သဘာဝဝန်းကျင်အနေအထား အတော်လေးကောင်းမွန်နေတာ တွေ့ရှိရပါတယ်လို့ ဆရာတော် ဆက်လက်မိန့်ဆိုပါတယ်။ (ဆရာတော် ဘဒ္ဒန္တ ကေတုမာလာဟာ Radio-Electronic ပညာရပ်ကို ထိုင်းနိုင်ငံမှ လေ့လာသင်ကြားတတ်မြောက်ခဲ့ပြီး လက်တွေ့အသုံးချနိုင်သူ၊ သိပ္ပံပညာရပ်များကို အထူးလေ့လာလိုက်စားသူ မွန်ဆရာတော်တစ်ပါးဖြစ်ပါတယ်-စာရေးသူ)

    သို့သော် ဆရာတော် ဘဒ္ဒန္တ ကေတုမာလာက “ကျောက်မီးသွေးလျှပ်စစ်စက်ရုံနဲ့ပတ်သက်ပြီး လေ့လာသိရှိရသလောက်ဆိုရင် သိပ္ပံပညာရှင်တွေ၊ သဘာဝဝန်းကျင်ပညာရှင်တွေ သုံးသပ်ပြောဆိုချက်အရဆိုရင် ကောင်းတယ်၊ ဆိုးကျိုးမရှိဘူးလို့တော့ မကြားမိပါဘူး၊ အခု ထိုင်းနိုင်ငံက လန်ပန်အနီးက ကျောက်မီးသွေးစက်ရုံဆိုရင် ထိုင်းနိုင်ငံအတွက် လျှပ်စစ်စွမ်းအား ၁၀% ကိုဖြည့်ဆည်းပေးတာ အနှစ် ၃၀ ကျော်ခဲ့ပါပြီ၊ ဘာလို့ ဒေသခံတွေ လက်ခံနေလဲ၊ အန္တရာယ်မရှိလို့ပေါ့၊ အဲဒီထိုင်းနိုင်ငံလိုပဲ ဒီဘိလပ်မြေစက်ရုံမှာ လုပ်ပေးမယ်လို့ အာမခံနိုင်သလား၊ ဆိုလိုချင်တာက ကျောက်မီးသွေးအစား သဘာဝဓါတ်ငွေ့ Gas နဲ့ လည်ပတ်နိုင်ရင် အကောင်းဆုံးပါပဲ” လို့ ဆိုပါတယ်။

    MCL ဘိလပ်မြေစက်ရုံ ကျောက်မီးသွေးနဲ့လည်ပတ်တော့မယ့်သတင်း ထွက်ပေါ်လာတာနဲ့တပြိုင်နက် ဒေသခံ ရဟန်းသံဃာ လူထုလူတန်းစားအလွှအသီးသီးက စုရုံးလာကြပြီး အစည်းအဝေးတွေ မကြာခဏပြုလုပ်လာကြသလို MCL ဘက်ကလည်း လူထုရှင်းလင်းပွဲတွေ ဆက်တိုက်ပြုလုပ်လာတာ တွေ့ရပါတယ်၊ တွေ့ဆုံပွဲတွေကို ယခုဖေဖော်ဝါရီလ (၇) ရက်နေ့ကနေ (၁၁) ရက်နေ့အထိ ကော့ဝမ်း၊ ကော့ဒွန်း၊ ကော့ပနော့၊ ကွမ်ငန်း၊ ကတုံစီးစသည့် ဘိလပ်မြေစက်ရုံအနီးတစ်ဝိုက်ရှိ ကျေးရွာတွေမှာ ကျင်းပပြုလုပ်နေတာ MCL ၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ Mr. Wijit Terasarun ကိုယ်တိုင် လာရောက်တယ်လို့ သိရပါတယ်။

    ကျိုက်မရောအရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ယက် Kyaikmayaw CSO’s Network ၁၀-၂-၂၀၁၆ နေ့စွဲပါ MCL ထံပေးစာဖော်ပြချက်မှာ “သဘာဝဝန်းကျင်ဆိုင်ရာ ဆိုးကျိုးထိခိုက်မှုများ EIA နှင့် လူမှုရေးဆိုင်ရာ ဆိုးကျိုးထိခိုက်မှုများ SIA စစ်တမ်းအစီရင်ခံစာများကို MCL ကုမ္ပဏီမှအများပြည်သူသို့ ချပြပေးရန်၊ ၄င်းအပြင် EIA နှင့် SIA ပြုလုပ်ထားသော စစ်တမ်းအစီရင်ခံစာ မူရင်းမိတ္တူမှန်များကိုလည်း Kyaikmayaw CSO’s Network သို့ မျှဝေပါရန် တောင်းဆိုချက်ကို တွေ့ရှိရပါတယ်။

    MCL ရဲ့ပင်မကုမ္ပဏီကြီးဖြစ်တဲ့ ထိုင်းနိုင်ငံ The Siam Cement Group-SCG ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်တရပ်မှာ MCL ဘိလပ်မြေစက်ရုံဟာ Integrated Cement Plant ဖြစ်ပြီး စက်ရုံတွင်း လှျပ်စစ်သုံးစွဲရန် ၄၀ မဂ္ဂါဝပ်ကို ကျောက်မီးသွေးနှင့် ဇီဝစွန့်ပစ်ပစ္စည်းများမှလည်းကောင်း၊ ၉ မဂ္ဂါဝပ်ကို စက်ရုံမှစွန့်ပစ်သော လေပူ Waste Heat Generator (WHG) မှတဆင့် ထုတ်ယူမှာကို ထိုစဉ်ကအင်တာနက်စာမျက်နှာ ရေးသားချက်တွေကို ဒေသခံပြည်သူတွေကို အသိပေးပြောကြားခဲ့တာမရှိဘဲ အခုစက်ရုံလည်ပတ်ခါနီးကျမှ MCL ဘိလပ်မြေစက်ရုံ ကျောက်မီးသွေးနဲ့လည်ပတ်မယ်လို့ အသိပေး ပြောဆိုလာတဲ့အပေါ် ဒေသခံတွေ စိုးရိမ်သောက ဖြစ်နေရပါကြောင်း။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts