မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / အစိုးရသစ်အတွက် မှတ်ကျောက်လုပ်ရပ် (၁၀) ချက်

အစိုးရသစ်အတွက် မှတ်ကျောက်လုပ်ရပ် (၁၀) ချက်

ရေးသားသူ: >

ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တောင်ပြိုကမ်းပြို အနိုင်ရရှိပြီးနောက် ဒီဇင်ဘာလဆန်းတွင် ကျွန်မ မြန်မာနိုင်ငံသို့ အလည်ရောက်ခဲ့သည်။ ထိုခရီးစဉ်အတွင်း တွေ့ရှိခဲ့သော နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက “သန်းခေါင်ယံတော့ လွန်သွားပြီ၊ အမှောင်ဆုံးကာလဟာ မတည်မြဲနိုင်ဘူးဆိုတာ မြင်လိုက်ပြီ။

ဒီကနေစပြီးတော့ ပိုလင်းလာဖို့ပဲ ကျန်တော့တယ်” ဟု ကျွန်မကို ပြောပါသည်။ (၂၀၁၆) ခုနှစ် မတ်လအတွင်း အစိုးရဖွဲ့နိုင်ရန် အဖွဲ့ချုပ်မှ ပြင်ဆင်နေသည့်တိုင် လှျင်မြန်ချောမွေ့သည့် ပုံမှန်အာဏာလွှဲပြောင်းမှု ဖြစ်ဖို့ ခဲယဉ်းပါသည်။ (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက အတားအဆီးအမျိုးမျိုးနှင့် ကြိုလင့်နေသည်။

ဤပတ်ဝန်းကျင်အခြေအနေအောက်တွင် မြန်မာ့ဒီမိုကရေစီသည် အစစ်အမှန် ဖြစ်လာမည်လား (သို့) အာဏာအပြိုင်အဆိုင် လုပွဲများဖြင့် တုန့်ဆိုင်းနိုင်ငံ ဖြစ်လာမည်လားဟူသည်ကို မကြာမီလများတွင် (NLD) အစိုးရက အဆုံးအဖြတ် ပေးတော့မည် ဖြစ်သည်။ ထူးခက်ပြဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အစစ်အမှန်နိုင်ငံခေါင်းဆောင် ဖြစ်အောင် ရုန်းကန်တက်လှမ်းနိုင်စွမ်း ရှိမည်လား ဟူသော အားလုံး၏ မေးခွန်းအကြည့်သည့် ဒေါ်အောင်ဆန်းစုကြည်ထံသို့ စုပြုံရောက်ရှိလာမည် ဖြစ်သည်။

ဤမေးခွန်း၏ အဖြေအတွက် (၂၀၁၆) ခုနှစ်အလွန် စိစစ်အကဲဖြတ်ချက်တွင် အောက်ပါလုပ်ရပ် (၁၀) ချက်မှာ မှတ်ကျောက်များ ဖြစ်သည်။

(၁) စစ်တပ်အား လက်တွဲပါဝင်လာအောင် ပြုလုပ်ခြင်း

အထင်ရှားဆုံးမှတ်ကျောက်တစ်ခု ဖြစ်သည်။ တပ်မတော်သည် အရပ်ဖက်အာဏာ ထိန်းချုပ်မှုကို ပုဂ္ဂိုလ်ရေးအရ မဟုတ်ဘဲ ဖွဲ့စည်းပုံ အဆောက်အဦတစ်ရပ်အနေဖြင့် လက်ခံလိုက်လျောမည်လား ဆိုသည်ကို အထင်အရှား ပြသလာရန် လိုသည်။ တပ်မတော်၏ ဆန္ဒပြကျောင်းသားများအပေါ် တင်းမာသော ကိုင်တွယ်မှု၊ အစိုးရဆန့်ကျင်ရေးသမားများအပေါ် အရေးယူကိုင်တွယ်ခြင်းအား ထောက်ခံမှုနှင့် တိုင်းရင်းသားဒေသများတွင် ဆူပူအကြမ်းဖက်မှုများကို ရက်စက်ကြမ်းကြုတ်စွာ နှိပ်ကွပ်နေမှုအားလုံးတို့သည် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးအပေါ် ဒေါ်စု၏ သန္ဓိဋ္ဌာန်ချ ပြောဆိုနေခြင်းများနှင့် သဟဇာတ မဖြစ်ပါ။ ဤအတိုင်း ဆက်သွားပါက ဒေါ်စု၏ ထိန်းချုပ်မှုနှင့် သြဇာဖြန့်ကျက်မှုသည် အကန့်အသတ် ရှိနေကြောင်း ရှင်းလင်းလာမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်အလယ်ပိုင်းရောက်ခဲ့စဉ် ဒေသခံများနှင့်တွေ့မြင်ရပုံ(Credit-Soe Zeya Tun/Reuters)
ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်အလယ်ပိုင်းရောက်ခဲ့စဉ် ဒေသခံများနှင့်တွေ့မြင်ရပုံ(Credit-Soe Zeya Tun/Reuters)

(၂) အရပ်ဖက် ဝန်ကြီးဌာနများအပေါ် ထိရောက်သြဇာ ရှိစေခြင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မိမိ၏ တိုက်ရိုက်ကွပ်ကွဲမှုအောက်တွင် ရှိသော အစိုးရဌာနများကို ထိရောက်စွာ မထိန်းချုပ်နိုင်ပါက ထိုဌာနများမှ အရာရှိဝန်ထမ်းများသည် အစိုးရဟောင်းနှင့် ဆက်စပ်ပတ်သက်ခြင်း များစွာ ရှိနေသည် ဖြစ်ရာ ထုထည်ကြီးမားသော တုန့်ပြန်ထိန်းချုပ်မှုနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဆိုးဝါးနေသော ဆင်းရဲမွဲတေမှု၊ (၇၀) ရာနှုန်းသော ကျေးလက်လူထု၏ လှျပ်စစ်ဓါတ်အား မသုံးစွဲနိုင်မှု၊ မြို့ပြပြောင်းလဲဖြစ်ထွန်းခြင်းနှင့် စက်မှုအသွင်ပြောင်းလဲခြင်းတို့၏ အကျိုးဆက်ဖြစ်သော သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုနှင့် ရှေးရိုးစွဲကျကာ အမြင်ကျဉ်းမြောင်းသော ပညာရေးစနစ်ကဲ့သို့သော ပြဿနာကြီးများကို ကိုင်တွယ်ရာတွင် ဗျူရိုကရေစီယန္တယားသည် အရေးပါအခရာကျသည်။

(၃) ဗုဒ္ဓအစွန်းရောက်ဝါဒနှင့် ရိုဟင်ဂျာပြဿနာများကို ကိုင်တွယ်ခြင်း

အကြမ်းဖျင်းအားဖြင့် (၁ ဒသမ ၁) သန်းခန့်ရှိသော ရိုဟင်ဂျာ (ဘင်ဂါလီမွတ်ဆလင်) များနှင့် ပတ်သက်ပြီး မြန်မာလူထုများစွာတွင် တစ်ဖက်စောင်းနင်း ဆန့်ကျင်ရပ်တည်ချက် ရှိနေကြသည်။ ရွေးကောက်ပွဲအကြို နိုင်ငံရေးသုံးသပ်တင်ပြရာတွင် ရိုဟင်ဂျာကိစ္စနှင့် ပတ်သက်ပြီး သုံးသပ်ချက် မပေးဘဲ၊ လက်ရှောင်နေခဲ့သည့် ဒေါ်စုအား ဝေဖန်ထောက်ပြရေးသားချက်များအပေါ် ဘာမှျမတုန့်ပြန်ခဲ့ပါ။ ယခုရွေးကောက်ပွဲအပြီးကာလတွင် ဤကိစ္စထပ်မံပေါ်လာလိမ့်ဦးမည်။ (အထူးသဖြင့် အနောက်နိုင်ငံများ) ထပ်မံအကဲဖြတ်ပြီး ခေါင်းဆောင်မှုအပေါ် တိုင်းထွာကြလိမ့်ဦးမည်။ ဤကိစ္စကို အဖြေရှာရာတွင် ပြဿနာများကို ပွင့်လင်ရင်းနှီးစွာ ထုတ်ဖော်ပြီး ရိုဟင်ဂျာအများဆုံး နေထိုင်ရာ ရခိုင်ပြည်နယ်မှ ရခိုင်လူမျိုးများ၊ ရိုဟင်ဂျာလူမှုအသိုင်းအဝိုင်း ခေါင်းဆောင်များ အပါအဝင် အကျိုးရှင်အားလုံး ဝိုင်းဝန်းအဖြေထုတ်ရမည် ဖြစ်သည်။ ယခုအခါ အစွန်းရောက်ဗုဒ္ဓဝါဒကို ဆန့်ကျင်ကန့်ကွက်မှု များပြားလာသည့်အလှျောက် ခေတ်မီအလယ်အလတ်ကျသော ဗုဒ္ဓအမြင်အယူအဆရှိသူများဖြင့် အဖြေထုတ်လုပ်ဆောင်ရမည် ဖြစ်သည်။

(၄) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံရှေ့ဆောင်ခြင်း

မြန်မာနိုင်ငံ၏ လူမျိုးစုလက်နက်ကိုင်အုပ်စုများစွာနှင့် ဗဟိုအစိုးရတို့၏ ပြန်လည်သင့်မြတ်ရေးကို အကောက်ဘက် ရည်ရွယ်၍ ဒေါ်စုသည် လက်ရှိလုပ်ဆောင်နေဆဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်မှု မရှိဘဲ ခပ်ခွာခွာနေခဲ့သည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် လက်ခံနိုင်လောက်သည့် လက်နက်ကိုင်တပ်ဖွဲ့ အရေအတွက် ပါဝင်လာခြင်း မရှိသည့်အတွက်လည်း အပြစ်ဆိုခဲ့သည်။ သို့သော်လည်း သူမ၏ အစိုးရအဖွဲ့သည် လက်မခံနိုင်သေးသည့်အဖွဲ့များကို ဖိတ်ခေါ်ကာ တိုးတက်မှု ပြနိုင်ရမည် ဖြစ်သည်။ ပြည်တွင်းစစ်သို့ ဦးမလှည့်နိုင်တော့ကြောင်း သက်သေပြရမည် ဖြစ်သည်။ မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အဓိကပါဝင်လှုပ်ရှားသူ ပလေယာများသည် ဒေါ်စု၏ ထဲထဲဝင်ဝင် ပါဝင်ရေးကို စောင့်မှျော်နေကြသည်။ သို့ရာတွင် ကြားဝင်စေ့စပ်ညှိနှုိင်းရေးတွင် ပါဝင်မည်လား (သို့) ကိုယ်တိုင်ကိုယ်ကျ (သို့) လက်ထောက်များမှတဆင့် ပိုမိုတိုက်ရိုက်ကျစွာ ထိတွေ့ပါဝင်မည်လား ဆိုသည်ကို ဒေါ်စုစဉ်းစားချင့်ချိန်ရမည် ဖြစ်သည်။

(၅) စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို အရှိန်အဟုန်ဖြင့် စတင်ခြင်း

မြန်မာ့စီးပွားရေးသည် နိုင်ငံတကာ ပိတ်ဆို့မှုကို ရုတ်သိမ်းလိုက်ခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးပွားလာခြင်းတို့၏ အကျိုးကျေးဇူးကြောင့် (၂၀၁၅) ခုနှစ်တွင် ခန့်မှန်းခြေ (၈) ရာနှုန်းအထက် ဖွံ့ဖြိုးတိုးတက်မှုနှုန်းဖြင့် တာထွက်နေပြီ ဖြစ်သည်။ သို့သော်လည်း လက်သင့်ရာ စားတော်ခေါ် ဆွေမျိုးမိဿဟာဝါဒ (Cronyism) သည် အနှံ့အပြားသဘောဆောင် ကျန်ရှိနေဆဲ ဖြစ်သည်။ ပြီးခဲ့သည့် နှစ်များတွင် ပြုပြင်ပြောင်းလဲရေး ရပ်တန့်သွားပြီး အစိုးရ၏ ပါဝင်စွက်ဖက်မှုကို တောင်းခံနေရသည်။ ဘတ်ဂျက်လိုငွေပြမှု၊ အခြေခံအဆောက်အဦ ကွာဟချက်၊ လုံခြုံစိတ်ချရခြင်း မရှိသောပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုအခွင့်အရေး၊ ဟာကွက်ချို့ယွင်းချက်အပြည့်နှင့် အခွန်ကောက်နည်းစနစ်၊ စွမ်းအားပြည့် မလည်ပတ်နိုင်သော စိုက်ပျိုးရေးဈေးကွက်များ၊ ကြီးထွားနေသော စစ်အသုံးစရိတ်နှင့် အလုပ်မဖြစ်တော့သော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း စသည်တို့ကို (NLD) အစိုးရသည် အမွေဆက်ခံရမည် ဖြစ်သည်။ ဤခက်ခဲကျပ်တည်းသော ပြဿနာများကို ချက်ချင်းကြီး မဖြေရှင်းနိုင်သည့်တိုင်၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ချခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု ယုံကြည်ချက် ရယူခြင်းကဲ့သို့သော အမြင့်ဆုံးဦးစားပေးပြဿနာများကို ကိုင်တွယ်နိုင်ကြောင်း ပြသရန် လိုအပ်သည်။

(၆) သာမန်ပြည်သူ့ဘဝ တိုးတက်ကောင်းမွန်လာစေခြင်း

လွှတ်တော်အသစ် တက်ရောက်မည့် (NLD) ၏ အမတ်များအား ဒေါ်စုပထမဆုံး ပေးသည့် ညွှန်ကြားချက်တစ်ခုမှာ မိမိဝန်းကျင်ဒေသများ၌ အမှုိက်သိမ်းလှုပ်ရှားမှုကို ဦးဆောင်လုပ်ကိုင်ရန် ဖြစ်သည်။ ဆိုးဆိုးရွားရွားညစ်ပုပ်နေသော မြေနှင့် ရေအရင်းအမြစ်တို့ ရှိနေသည့် အချို့ဒေသများသို့ ဤလှုပ်ရှားမှုကြောင့် အမှုိက်သိမ်းကားများ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းမျိုးပင် ရှိခဲ့သည်။ တရုပ်နှင့် အိန္ဒိယအကြား ဗျူဟာမြောက် ရောက်ရှိနေသော နိုင်ငံ၏ ပြည်သူများကို စွမ်းရည်မြှင့်တင်နိုင်ရန်အလို့ငှာ ဤကဲ့သို့သော မြုပ်ကွက်များ ဖွင့်ချဖော်ထုတ်ခြင်းသည် အလွန်ကြီးမားသော တာဝန်တစ်ရပ် ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ (UNDP) ၏ ကိန်းဂဏန်းအရ ပညာရေး ရင်းနှီးမြှုပ်နှံမှု အနိမ့်ဆုံးနိုင်ငံများတွင် စာရင်းပေါက်နေသည်။ ကမ္ဘာ့ဘဏ်၏ တစ်ဦးချင်းဝင်ငွေအဆင့် သတ်မှတ်တွင် နိုင်ငံနှင့် အထူးဒေသပေါင်း (၂၁၃) နေရာ ရှိသည့်အနက် မြန်မာနိုင်ငံသည် အဆင့် (၁၇၈) ချိတ်ကြောင်း ပြသထားသည်။ ဒေါ်စု၏ အမှုိက်သိမ်းလှုပ်ရှားမှုက ဖော်ပြသည်မှာ သူမသည် အခြေခံဆင်းရဲသားပြည်သူအများစုကြီး၏ ဘဝတိုးတက်သာယာရေးအတွက် ထင်သာမြင်သာလုပ်ငန်းအဆင့်များ ချရန်လိုအပ်ကြောင်း သဘောပေါက်နေခြင်း ဖြစ်သည်။ ပြောင်းလဲလာပြီဟု လူထုက လက်ခံနားလည်လာရန် (NLD) အစိုးရသည် အကူအညီ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဗဟိုချုပ်ကိုင်မှု ဖြေလှျော့ရေးဟူသော လုပ်ငန်း (၃) မျိုးကို တပြိုင်တည်းလုပ်ရင်း ခုန်ကျော်ပျံလွှား စတင်ရမည် ဖြစ်သည်။ ဗဟိုချုပ်ကိုင်မှု ဖြေလှျော့ခြင်းသည် ဒေသန္တရစီးပွားရေးကို နှုိးဆွနိုင်ကာ ကုန်စုံဆိုင်စီးပွားရေးကို အားဖြည့်ပေးသည်။

(၇) ပွင့်လင်းမြင်သာမှု ရှိစေခြင်း၊ သတင်းအချက်အလက် ရယူပိုင်ခွင့် ရှိစေခြင်း

မြန်မာ့အသွင်ကူးပြောင်းရေးတွင် သတင်းမီဒီယာလောကသားများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် အကြီးမားဆုံး အခက်အခဲတစ်ခုမှာ သတင်းအချက်အလက် ရယူသုံးစွဲခွင့် မရနိုင်ခြင်း ဖြစ်သည်။ နိုင်ငံကို ကမ္ဘာ့တံခါးအပိတ်ဆုံး တိုင်းပြည်ဖြစ်လာရန် အရှည်အကြာ လုပ်ဆောင်ခဲ့သည့် သံတမန်ရေး စည်းကမ်းများနှင့် လက်တွေ့ကျင့်သုံးမှုများသည် ကိစ္စများစွာ၌ ဆက်လက်ရှိနေဆဲ ဖြစ်သည်။ ဝန်ကြီးဌာနများမှ သတင်းမီဒီယာများနှင့် ထိတွေ့ဆက်ဆံရာတွင်လည်း စောဒကတက်ဖွယ်သတင်းအချက်အလက်များကို လေကြောရှည်ရှည်ဖြင့် အပေါ်စည်းမှနေကာ ထုတ်ပေးခြင်းမျိုး ကြုံကြရသည်။ တပ်မတော်အား ဝေဖန်မိသော သတင်းထောက်များ၊ အယ်ဒီတာများကို အရေးယူအပြစ်ပေးခြင်းမှာလည်း လက်မခံနိုင်ဖွယ် ဖြစ်သည်။

ဒေါ်စု၏ ပထမအကြိမ် (NLD) ရွေးကောက်ခံအမတ်များနှင့် တွေ့ဆုံပွဲတွင် မီဒီယာများနှင့် တွေ့ဆုံမှု မပြုရန် သတိပေးချက်သည် အစောပိုင်းကာလ မိမိကိုယ်ကို ကာကွယ်ခြင်း ဖြစ်ဟန် ရှိပါသည်။ သို့ရာတွင် တရားဥပဒေစိုးမိုးရေး၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနှင့် ပြည်သူတို့ အထိမ်းအကွပ်ရှိရှိ နိုင်ငံရေးတွင် တက်ကြွပါဝင်လာစေရေးတို့ကို အားပေးထူထောင်ရာတွင် တားမြစ်ပိတ်ပင်မှုများအား ဖြေလှျော့ခြင်းအပေါ် ရေရှည်တွင် မူတည်ပါလိမ့်မည်။ နိုင်ငံတော်ဘတ်ဂျက်အပါအဝင် ပေါ်လစီများ ချခင်းဆွေးနွေးရာတွင် အကန့်အသတ်မထားရှိဘဲ သတင်းမီဒီယာ လွတ်လပ်ခွင့် ပေးထားရပါမည်။ တချိန်တည်း၌ သတင်းအချက်အလက်ဆိုင်ရာ လွတ်လပ်မှု ကျင့်ထုံးများ ပြဌာန်းပြီး ဒေါ်စုကိုယ်တိုင်နှင့် ဝန်ကြီးများကိ မီဒီယာအတွက် တံခါးဖွင့်ထားသင့်ပေသည်။

(၈) ကမ္ဘာ့အဓိကအင်အားကြီးနိုင်ငံများနှင့် အခိုင်အမာဆက်ဆံရေး ထူထောင်ခြင်း

မြန်မာနိုင်ငံသည် သြဇာအာဏာရှိသော အိမ်နီးချင်း တရုပ်၊ အိန္ဒိယနိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေး ထားရှိသည့်တိုင် လွှမ်းမိုးမှု မခံရရန်လည်း ရှောင်ကြဉ်သည်။ အလားတူပင် အမေရိကန်နိုင်ငံနှင့် ဥရောပကို မဟာမိတ်နှင့် ဗျူဟာမြောက် ဒေသတွင်းဒီမိုကရေစီရေးမဏ္ဍိုင် ဖြစ်နိုင်ကြောင်း အလားအလာကောင်း ပေးထားသည်။ သို့ရာတွင် စိုးရိမ်နေရသည်မှာ မည်သည့်အချိန်တွင် ဖြစ်မည်နည်း ဟူသောကိစ္စ ဖြစ်သည်။ အမေရိကန်နှင့် ဥရောပရံပုံငွေအဖွဲ့သည် မြန်မာ့အသွင်ကူးပြောင်းရေးကို ယနေ့ထိ အထင်အရှား ထောက်ခံနေသည်။ သို့သော်လည်း မြန်မာနိုင်ငံအတွက် ဘက်စုံစီမံကိန်းကြီး (Marshall Plan) တစ်ခု ရေးဆွဲထားခြင်း မရှိသေးပါ။ အမေရိကန်နိုင်ငံတွင် ရီပတ်ဘလီကန် ပါတီ၏ သမ္မတ တက်လာလှျင် ဦးစားပေးအဆင့် လှျော့ချခံရနိုင်သည်။ ဤအရေးပါအဓိကကျသော ဆက်ဆံရေးများကို ကျားကန်ထောက်ကူရန်မှာ ဒေါ်စု၏ တာဝန်ဖြစ်သည်။

(၉) အရပ်ဖက်လူမှုအဖွဲ့အစည်းများကို ပံ့ပို့ခြင်း

စစ်အုပ်ချုပ်ရေး အဆုံးသတ်သွားသည်မှာ (၅) နှစ်နီးပါး ရှိလာချိန်တွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှာ တိုးတက်သန်စွမ်းလျက် ရှိသည်။ သို့သော်လည်း အလှူငွေများ တိုက်ရိုက်လက်ခံနိုင်ရန် ဘဏ်ငွေစာရင်းရှိမှ မှတ်ပုံတင်ခွင့် ပေးမည်ဟူသော ထိန်းချုပ်မှုများ ရှိနေသေးသည်။ ဒေါ်စုသည် ထောင်ကျဂျာနယ်လစ်များအား လွှတ်ပေးခြင်း၊ သတင်းမီဒီယာအဖွဲ့အစည်းများကို ဝင်ရောက်စွက်ဖက်မှုမှ ကင်းဝေးစေခြင်းနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများအား မှတ်ပုံတင်ရေး လွယ်ကူချောမွေ့စေခြင်း စသည့်လုပ်ရပ်များဖြင့် ဝိုင်းဝန်းပံ့ပိုးရပ်တည်ပေးရန် လိုသည်။

(၁၀) တရားဥပဒေ စိုးမိုးရေးကို အားကောင်းစေခြင်း

ဒေါ်စုသည် တရားဥပဒေ စိုးမိုးရေးကို သူမ၏ အနာဂတ်မှျော်မှန်းချက်တွင် အလယ်ဗဟို၌ ထားရှိသည်။ ဤအချင်းအရာကို ရရှိထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ အထူးအခွင့်အရေးများကို မူရင်းအတိုင်း ဆက်ထားလိမ့်မည်။ ကလဲ့စားချေဖယ်ရှားမှု ရှိလိမ့်မည် မဟုတ်ဟု ခံစားနားလည်လိုက်သော တပ်မတော်အတွက် စိတ်သက်သာရာ ရစေပြီး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကိုလည်း အားတက်စေသည်။ သို့ရာတွင် ရဲတပ်ဖွဲ့နှင့် တရားစီရင်ရေးသည် စစ်တပ်ထိန်းချုပ်မှုအောက်တွင် ဆက်ရှိနေခြင်းနှင့် တရားရေးစည်းစနစ်တွင် ချို့ယွင်းအားနည်းချက်များ တပြုံတမ ရှိနေခြင်းတို့က (NLD) အစိုးရအား တစ်ကနေ ပြန်စရန် အခြေအနေက တောင်းဆိုနေသည်။ ရှေ့နေများအား လေ့ကျင့်ပျိုးထောင်ရင်းတန်းလန်းနှင့် အလုပ်ဖြစ်မြောက်ပြီး တရားမှျတမှု ရှိသော စည်းစနစ်ကို မပြည့်မစုံ တည်ဆောက်ရခြင်းမှာ တာဝန်ကြီးလေးလွန်းသည်။

အထက်ပါ အချက် (၁၀) ချက်သည် ဒေါ်စု၏ အရပ်သားအုပ်ချုပ်ရေး ရှင်သန်အထမြောက်ရေး ရုန်းကန်ကြိုးပမ်းမှုသမိုင်းကို အကဲဖြတ်နိုင်ရန် မှတ်ကျောက်တင်ရန် အထောက်အကူ ဖြစ်စေပါလိမ့်မည်။ ဒေါ်စုအား မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ပေါ်လစီရေးရာ တစ်ဦးတည်းသော ထူးချွန်ထက်မြက်သူပါရမီရှင်အဖြစ် လူထုက ပြောဆိုသတ်မှတ်ထားသည်။ ထိုခေါင်းဆောင်မျိုးနှင့် ပတ်သက်ပြီး သမိုင်းတွင် ထောက်ပြအကြံညာဏ်ယူစရာများ ရှိခဲ့သည်။ သူတို့သည် တောင်အာဖရိကမှ နယ်လ်ဆင်မန်ဒဲလားကဲ့သို့ တိုက်ပွဲက အရောင်တင်ပေးသည့် ထွန်းတောက်ခေါင်းဆောင် ဖြစ်လာနိုင်သလို ပိုလန်မှ လက်ဝါလေဆာကဲ့သို့ မအောင်မမြင်နှင့် ပွဲသိမ်းကျရှုံးသွားသော ခေါင်းဆောင်လည်း ဖြစ်သွားနိုင်ပါသည်။

(Foreign Policy မှ The 10 Habits of Highly Effective Countries ကို အကျဉ်းရုံး ပြန်ဆိုသည်)

About မွန်သတင်းအေဂျင်စီ

Check Also

အခင်းအကျင်းအသစ်အတွက် အစပျိုးမှုတည့်မှန်ရေး

မွန်ပါတီများပေါင်းစည်းရေး ကြိုးပမ်းမှုဖြစ်မလာတော့တဲ့ အနေအထားမှာ နှစ်ပါတီပေါင်းစည်းရေး ကိုလိုလားတဲ့ နှစ်ဘက်ပါတီက နှုတ်ထွက်တဲ့ ပါတီဝင်အချို့တွေ၊ အမျိုးသားရေး စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တချို့တွေ၊ ကနဦး ဦးဆောင်ပြီးတော့ “ရာမညအင်အားစု” ဆိုတဲ့ …

Leave a Reply

%d bloggers like this: