spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးစိတ်ကြွဆေးပြားနဲ့ စည်းကားတဲ့မွန်ရွာတွေ

    စိတ်ကြွဆေးပြားနဲ့ စည်းကားတဲ့မွန်ရွာတွေ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှ တောင်ဖက် ၁၀ မိုင်ခန့် မော်လမြိုင်-ရေး အဝေးပြေးမော်တော်ကားလမ်းရဲ့ အရှေ့ဖက်ခြမ်းမှာ မွန်၊ ဗမာ၊ ကရင် လူမျိုးများ နေထိုင်တဲ့ တောရွာကလေးတစ်ရွာကို တွေ့ရှိရမှာပါ။ ရွာ အရှေ့ဖက်ခြမ်းရှိ မြေသားလမ်းဟာ ရော်ဘာခြံဘက်ကို သွားတဲ့လမ်းကလေး ဖြစ်ပြီး ခရီးတစ်မိုင်လောက်မှာ ထန်းပင်ကွင်းပြင်ငယ်တစ်ခုကိုလည်း တွေ့ရပါမယ်၊ အဲဒီမှာ ကရင်ရွာတွေကို တွေ့ရမှာဖြစ်ပြီး ရှေ့ဆက်သွားရင်တော့ လွှတ်ရှန်းရွာမရောက်ခင် သံဖြူဇရပ်-ဘုရားသုံးဆူ မော်တော်ကားလမ်းကို တွေ့မြင်ရမှာပါ။

    လူငယ်တွေ အုပ်စုအလိုက် စီးနင်းနေကြတဲ့မော်တော်ဆိုင်ကယ်တွေကလည်း ချိုင့်တွေပြည့်နေတဲ့ လမ်းမပေါ် အဆက်မပြတ် သွားလာနေတာကိုတွေ့ရပါတယ်။ လမ်းမပေါ်တစ်ချို့နေရာ ချိုင့်တွေ နက်တဲ့အတွက် ရော်ဘာခြံကြားကနေ ဆိုင်ကယ်ကို ဖြတ်မောင်းရပါတယ်။

    ထိုလမ်းတစ်လျှောက် မကြာခဏဆိုသလို လူငယ်တွေကို တစ်စုပြီး တစ်စု တွေ့နေရပါတယ်။ တစ်ခါတစ်လေ ရော်ဘာမြိုင်တွင်းက ချိုင့်လမ်းကြားမှာ စက်သံပြင်းပြင်း၊ အသံတဝီဝီ မြည်နေတဲ့ ဆိုင်ကယ်တွေကိုလည်း မြင်တွေ့နေရပါတယ်။

    အဲဒီနောက် လယ်ကွင်းပြင်ငယ်တစ်ခုကို ဖြတ်ကျော်ပြီး ရော်ဘာခြံများကိုတွေ့ရပြန်သည်။ ခြံစောင့်တဲတွေက ဟိုတစ်လုံး ဒီတစ်လုံးရှိနေပါတယ်။ တစ်ခြံနဲ့တစ်ခြံ ဆက်သွယ်ပေးတဲ့ လူသွားလမ်းတွေကလည်း ရှုပ်ယှက်ခတ်နေပါတယ်။

    အဖော်အဖြစ် လိုက်ပါသွားတဲ့သူက “ဒီနေရာမှာပဲ စိတ်ကြွဆေးတွေ ရောင်းနေကြတာ၊ တစ်ချို့က အဲဒီဆေးပြားကို ရပြီဆိုရင် ဒီတဲတွေကြားမှာပဲ သုံးစွဲနေကြတယ်။ တစ်ချို့က သူတို့ သုံးသလောက် သုံးပြီး ကျန်တဲ့ဆေးပြားတွေကို ရွာမှာရှိတဲ့ ရောင်းရင်းတွေကို ရောင်းဖို့ ယူသွားကြတာလည်းရှိတယ်”လို့ လမ်းပြမိတ်ဆွေက ပြောပြပါတယ်။

    မကြာခင်လပိုင်းကပဲ အဲဒီခြံနေရာမှာ ဆေးပြေားအရောင်းအဝယ်လုပ်သူ ကရုပ္ပိရွာသား လူငယ် (၂) ယောက်ကို သတင်းအရ မွန်ပြည်သစ်ပါတီတပ်ဖွဲ့တွေ လာရောက်ဖမ်းဆီးခဲ့တဲ့ အကြောင်း လမ်းပြမိတ်ဆွေက ဆက်ပြောပါတယ်။ “ဒီနေရာမှာ ပေါက်ဈေးက ဆေးတစ်ပြားကို (၃၀ဝ၀) ကျပ်၊ အရေအတွက်အနည်းအများအလိုက် ဈေးအတက်အကျ ရှိပါတယ်။ တဆင့်ပြန်လည်ရောင်းတဲ့ဈေးက ဆေးတစ်ပြားကို (၅၀ဝ၀-၆၀ဝ၀) ကျပ်အထိ ရှိပါတယ်” လို့သူက ဆက်ပြောပါတယ်။

    ရော်ဘာစေးခြစ်တာထက် စိတ်ကြွဆေးရောင်းတာ တွက်ခြေကိုက်တယ်

    ဒီနေရာကိုရောက်ရှိလာတဲ့ လူငယ်တွေအားလုံး အများအာဖြင့် သုံးစွဲဖို့သာ ဝယ်နေကြတယ်။ စီးပွားအဖြစ် ရောင်းဝယ်ဖောက်ကားသူရှိပေမယ့် အလုံးရေ များများတော့မဟုတ်ပါဘူး၊ ၊အလုံး (၁၀ဝ) လောက်သာ အရောင်းဝယ်လုပ်နေကြတယ်လို့ လမ်းပြမိတ်ဆွေက ဆိုပါတယ်။

    “ကျနော်တို့ ရော်ဘာခြစ်တဲ့အလုပ်က အခုလိုရော်ဘာဈေး ကျဆင်းနေတဲ့အချိန်မှာ တစ်နေ့ ကျပ်တစ်သောင်း ရဖို့ဆို အစေးခြစ်ရတာ မသက်သာဘူး။ စိတ်ကြွဆေး (၁၀) လုံးလောက် ရောင်းလိုက်ရုံနဲ့ ကျပ် (၃) သောင်းလောက်ရတယ်ဆိုတော့ တွက်ခြေကိုက်တာပေါ့၊ ပင်ပင်ပမ်းပမ်း ထမ်းရတာလည်းမဟုတ်၊ ဒီနေရာကို လာပြီးယူလိုက်ရုံပဲ ၊ရောင်းတယ်ဆိုတာကလည်း ကိုယ့်ရောင်းရင်း သူငယ်ချင်း ကြားမှာပဲဆိုတော့ အခက်အခဲမရှိပါဘူး” လို့လည်း လမ်းပြမိတ်ဆွေက ဆိုပါတယ်။

    ဆေးပြားပုံမှန် ရောင်းနေသူတွေကတော့ သုံးလေးရက် တစ်ခေါက်နှုန်းနဲ့ ပုံမှန် သွားလာနေကြတယ်။ လူငယ်တွေကတော့ သုံးစွဲချင်ရင် ဒီနေရာမှာလာဝယ်ကြတယ်၊ အများအားဖြင့် ဝယ်ပြီးရင် ရော်ဘာမြိုင်ကြားမှာပဲ သုံးစွဲနေကြတာများပါတယ်။

    အခြေအနေ အကြောင်းကြောင်းကြောင့် ဒီနေရာ အမည်နာမ အတိအကျကိုတော့ မဖေါ်လိုတော့ပါ။ ခြံတွေကြား၊ ရွာရဲ့ပတ်ဝန်းကျင် ကြားမှာ ရောင်းဝယ်သူတွေက လွတ်လပ်စွာ ရောင်းဝယ်နိုင်သလို သုံးစွဲသူတွေကလည်း လွတ်လပ်စွာ သုံးစွဲနေကြတာပါ။

    မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးကုစားမူအစီအစဉ်

    “ဒီစိတ်ကြွဆေးကြောင့် စာရိတ္တပျက်ပြား၊စိတ်ချောက်ချားတဲ့ ရောဂါ ရသူတွေလည်း မနည်းတော့ပါ။ မကြာသေးခင်မှာ အမျိုးသမီးတစ်ဦးက သူ့ခင်ပွန်းကို မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ရုံးကို သွားအပ်လိုက်တယ်လို့ သိရပါတယ်။ သူ့ခင်ပွန်းက ဆေးသုံးစွဲထားတာ လွန်ကျွံနေပြီးဖြစ်တဲ့အတွက် ရူးသွပ်သွားကာ သူ့အိမ်ကိုလည်း ဓါတ်ဆီပက်မီးရှို့တာ၊ ဇနီးသည်ကလည်း မထိန်းနိုင်တော့လို့ သူမကိုယ်တိုင် ခရိုင်ရုံးသို့ သွားအပ်လိုက်ရတယ်” လို့ နိုင်စိန်ကုလားက သူတွေ့ရှိခဲ့ကို ပြောပြပါတယ်။

    လွန်ခဲ့တဲ့ ၂ လလောက်တုန်းက မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးအဖွဲ့ရဲ့ စုံစမ်းချက်အရ စိတ်ကြွဆေး ရောင်းဝယ်နေတဲ့ လူငယ်တစ်ဦး ပုံမှန်ဝင်ထွက်သွားလာနေတာကို တွေ့ရပြီး လက်နက်ငယ် တစ်လက်လည်းရှိတယ်လို့ သတင်းရထားပါတယ်။ တစ်နေ့မှာ မွန်ပြည်သစ်ပါတီက အဲဒီလူငယ်တွေဆီကနေ မူယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ကာယကံရှင်လူငယ် ၂ ယောက်ပြောပြချက်အရ ဆေးပြား ၅၀ ထဲက တစ်လုံးစီ သောက်လိုက်တဲ့အတွက် (၄၈) ပြား လက်ရဖမ်းဆီးရမိခဲ့တာပါ။

    သတင်းအရ သံဖြူဇရပ်မြို့က ရဲတပ်ဖွဲ့တွေ ရော်ဘာမြိုင်ထဲက ခြံစောင့်တဲတစ်ခုကို ရှောင်တခင် ဝင်ရောက် ရှာဖွေခဲ့တာ စိတ်ကြွဆေးပြားတွေ့ရှိလို့ တဲပိုင်ရှင်ကို ဖမ်းဆီးခဲ့ပါတာ လွန်ခဲ့တဲ့လပိုင်းအတွင်းက ဖြစ်စဉ်ပါပဲ။ အခုလိုနှစ်ကြိမ်ဖမ်းမိတာက အပြင်ဖက် လမ်းဝမှာသာ ဖမ်းဆီးမိတာဖြစ်ပြီး တကယ်တမ်း အရောင်းအဝယ်လုပ်နေတဲ့နေရာ အတွင်းပိုင်းအထိကိုတော့ ရှာဖွေဖမ်းဆီးနိုင်ခြင်း မရှိသေးပါ၊ ဒါ့ကြောင့် ဆေးသုံးစွဲနေတဲ့ လူငယ်တွေရော ရောင်းဝယ်ဖေါက်ကား နေတဲ့သူတွပါ လွတ်လွတ်လပ်လပ် ရောင်းဝယ် သုံးစွဲနေကြဆဲပါ။

    အထက်ပါ အရိပ်အယောင်မျှ ဖေါ်ပြခဲ့တဲ့ ရော်ဘာမြိုင်ဟာ စိတ်ကြွဆေးပြား ထုတ်လုပ်နေသူတွေရဲ့ ဌာနချုပ်လို ဖြစ်နေတဲ့အတွက် အနီးအနားက အချို့ခြံပိုင်ရှင်တွေကလည်း ပါဝင်ပတ်သက်သူတွေလို့ စွပ်စွဲမှာကို စိုးရိမ်နေကြပါတယ်။

    ခြံစောင့်တဲတွေကြား၊ တစ်ခြံနဲ့တစ်ခြံ ဆက်သွက်ပေးတဲ့ တစ်ပေခန့်လူသွားလမ်းကြားမှာတော့ ဆေးပြားသုံးစွဲဖို့အထောက်အကူပစ္စည်းဖြစ်တဲ့ စီကရက်ဗူးခွံတွေ၊ ခေါင်းဖြုတ်ထားတဲ့ ဆီမရှိတဲ့ ဂက်စ်မီးခြစ်တွေက နေရာအနှံ့ပြန့်ကြဲနေတာကို တွေ့ခဲ့ရပါတယ်။

    မူးယစ်သဘင်ပွဲ ဆင်နွှဲနေသလိုလို

    မူးယစ်စေတတ်တဲ့ စိတ်ကြွဆေးပြားတွေကို အပျော်သဘောသက်သက်နဲ့ ရဟန်းခံ၊ ရှင်ပြုအိမ်တွေမှာ သုံးစွဲတာမဟုတ်တော့ပဲ အသုဘအိမ်၊ ရက်လည်ဆွမ်းသွပ်အိမ်၊ အခြားသော အလှူဒါနကုသိုလ်အိမ်တွေမှာလည်း ဧည့်ခံဖို့ မရှိမဖြစ်တဲ့အဆင့်ကို ရောက်ရှိနေပါပြီ။

    မကြာခင်ရက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ လှာကမိုင်ရွာ အသုဘအိမ်တစ်အိမ်မှာ အသုဘချဖို့ ပြင်ဆင်နေချိန်တုန်း အိမ်နောက်ဖေးဘက်မှာတော့ လူငယ်တွေက မူးယစ်စေတတ်တဲ့ “ဘိန်းစာ” ရွက်တွေကို ပြုတ်နေကြပါတယ်။ လက်ရှိအခြေအနေအရ မွန်ဒေသအချို့မှာ ဒီလိုမူးယစ်ဆေးတွေ မသိမသာသုံးစွဲလာတာဟာ ဓလေ့တစ်ခုလို ဖြစ်နေပြီး အသုဘအိမ်အထိ မူးယစ်ဆေးဝါးသုံးစွဲမှုက တွင်ကျယ်လာပါတယ်။

    တစ်ချိန်က တောရွာဓလေ့အရ လူမှုရေးကိစ္စတွေပြုလုပ်မယ်ဆိုရင် လက်ဘက်ရည်ဝိုင်း၊ ပြီးတော့ အရက်၊ ဘီယာနဲ့ ဧည့်ခံသုံးစွဲရာကနေ အခုချိန်ကာလမှာတော့ အရက်၊ ဘီယာအစား စိတ်ကြွဆေး၊ မူးယစ်ဆေးတွေ အစားထိုးဝင်ရောက်လာတာ လူငယ် အသိုင်းအဝိုင်းကြားမှာ ဆေးပြားမပါရင် ပွဲမစည်တော့ပါ။ ပြောဆိုဆက်ဆံတဲ့ အခါမှာလည်း မူးယစ်ဆေးဝါးအကြောင်းတွေကပဲ စကားဝိုင်းကို လွှမ်းမိုးနေပါတော့တယ်။

    မွန်ပြည်နယ်မှာ ထင်ရှားကျော်ကြားတဲ့ မူးယစ်ဆေးပြား အရောင်းအဝယ်နေရာက ၂ နေရာရှိပါတယ်၊ မုဒုံမြို့နယ်မှာ အဘစ်ရွာလမ်းဝရဲ့ အရှေ့ ဖက်ခြမ်း၊အတွင်းပိုင်းနဲ့ သံဖြူဇရပ်မြို့နယ်မှာဆိုရင် ဖော်ပြခဲ့တဲ့ ရော်ဘာမြိုင် ခြံထဲက နေရာဖြစ်ပါတယ်။ညနေစောင်းလာပြီဆိုရင် ဒီလမ်းဝနှစ်ခုမှာ ပွဲလမ်းသဘင်ရှိနေသလို လူငယ်တွေ စုဝေးသွားလာနေမှာ မိုးချုပ်တဲ့အထိပါပဲ။

    သြော်- တစ်ချိန်က ဗုဒ္ဓကို အရင်ဦးဆုံး ဖူးမျှော်ခဲ့ရတဲ့လူမျိုး၊ ဘုရားရှင် ရှေ့မှောက်မှာ ဒွေဝါစီကသရဏဂုံ တည်ဆောက်ခဲ့တဲ့လူမျိုး၊ ဘာသာ သာသနာအပေါ် အလွန်ကိုင်းရှိုင်းခဲ့တဲ့ လူမျိုး အခုတော့၊ ဗုဒ္ဓ အဆုံးအမကို မျက်ကွယ်ပြု၊ မကောင်းမှုဆိုတဲ့ မူးယစ်သဘင်ကို ခြိမ့်ခြိမ့်သဲသဲ ဆင်နွှဲနေတော့မှာလား မွန်လူငယ်တို့ရယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts