spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းကျောက်မီးသွေးနှင့် တိုယိုထိုင်းကုမ္ပဏီကို အလိုမရှိကြောင်း ဖာလိန်ဒေသ နေရာ (၁၀) ခုတွင် ဗီနိုင်းပိုစတာ စိုက်ထူ

    ကျောက်မီးသွေးနှင့် တိုယိုထိုင်းကုမ္ပဏီကို အလိုမရှိကြောင်း ဖာလိန်ဒေသ နေရာ (၁၀) ခုတွင် ဗီနိုင်းပိုစတာ စိုက်ထူ

    -

    ကျောက်မီးသွေးနှင့် တိုယိုထိုင်းကုမ္ပဏီ (Toyo-Thai Corporation Public Company Limited – TTCL) ကို အလိုမရှိကြောင်း ဗီနိုင်းပိုစတာ စိုက်ထူပွဲတစ်ရပ်ကို ဇန်နဝါရီလ ၂၄ က မွန်ပြည်နယ် ရေးမြို့နယ် ဖာလိန်ဒေသရှိ ကျေးရွာများတွင် ပြုလုပ်ခဲ့ကြောင်း သွားရောက်လေ့လာမှုအရ သိရသည်။

    ဖာလိန်ဒေသ၏ သဘာဝသယံဇာတနှင့် အရင်းအမြစ်တန်ဖိုးကို ဒေသခံများ ပိုမိုသိရှိစေရန်၊ ဒေသခံအချင်းချင်း စည်းလုံးမှု ပိုမိုရရှိလာစေန်၊ အစိုးရသစ်လက်ထက်တွင်လည်း ကျောက်မီးသွေးစက်ရုံစီမံကိန်း ကန့်ကွက်နေသည့် ဒေသခံတို့၏ အသံကို ပိုမိုအာရုံစိုက်လာစေရန်နှင့် အံဒင်ကျောက်မီးသွေးစက်ရုံစီမံကိန်းနှင့် ပတ်သက်ပြီး EIA/SIA လုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုဘဲ ခေတ္တဆိုင်းငံ့ထားသည်ကို ဒေသခံများ သိရှိနားလည်လာစေရန် ရည်ရွယ်၍ ပိုစတာစိုက်ထူပွဲကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း အံဒင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ လက်ထောက်ဆရာတော် အရှင်နန္ဒ က မိန့်သည်။


    ဆရာတော်က “ဒုလှျပ်စစ်ဝန်ကြီးက EIA/SIA လုပ်ငန်းတွေ ဆက်မလုပ်ဖို့ လွှတ်တော်မှာ ပြောထားတာ ရှိတယ်။ ဒါ့ကြောင့် ဘယ်သူဖြစ်ဖြစ် ဒီဒေသကို လာပြီး လေ့လာမှုတွေ လုပ်မယ်ဆိုရင် ဒေသခံတွေအနေနဲ့ သူတို့ကို မေးမြန်းခွင့် ရှိတယ်။ နိုင်ငံခြားသားဆိုပြီး ကြောက်နေစရာ မလိုဘူး” ဟု ငါးမှျားစခန်း၌ ပိုစတာစိုက်ထူအပြီးတွင် ဒေသခံများအား မိန့်ကြားသည်။

    အံဒင်ကျောက်မီးသွေးစက်ရုံစီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများ သဘောမတူမီကာလအတွင်း EIA/SIA လုပ်ငန်းများ အပါအဝင် အခြားသော စူးစမ်းလေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုဘဲ ခေတ္တဆိုင်းငံ့ထားမည်ဟု လှျပ်စစ်ဝန်ကြီးဌာနမှ ဒုလှျပ်စစ်ဝန်ကြီး ဦးအောင်သန်းဦး က ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိမြင့်သန်း၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

    ဗီနိုင်းပိုစတာတွင် ရေမြေသယံဇာတ ပေါကြွယ်ဝသော ဖာလိန်ဒေသ၊ ရေးမြို့နယ်။ ဒို့ဒေသသဘာဝအလှ ကာကွယ်ကြ။ NO Coal (NO.T.T.C.L)၊ ဖာလိန်ဒေသ စီးပွားရေးအခြေပြမြေပုံနှင့် သုတေသနအဖွဲ့မှ ကောက်ခံထားသည့် ဒေသ၏ တစ်နှစ်တာဝင်ငွေ စသည်တို့ ပါဝင်ပြီး ဖာလိန်ဒေသလူငယ်များက ဦးဆောင်ကာ ဖာလိန်တောင်တန်းတလှျောက်ရှိ ရေပေါ်သောင်၊ နှစ်ကရုပ်၊ ငါးမှျားစခန်း၊ အံဒင်ရွာသစ်၊ အံဒင်၊ သာဂရမ်၊ နှုီးနှူ၊ ပလိုင်သိမ်၊ ဂူကတောနှင့် ဒူးယားကျေးရွာ နေရာ (၁၀) ခုတွင် စိုက်ထူခဲ့သည်ကို တွေ့ရသည်။

    ပိုစတာ စိုက်ထူပြီးသည့် နေရာတိုင်းတွင် “ဒို့ဒေသ လှပရေး ဒေသခံတွေ ဆောင်ရွက်ပေး၊ ဒို့ဒေသ သာယာရေး တာဝန်ယူစို့လေး။ ဒို့ဒေသ ငြိမ်းချမ်းရေး ဒို့တွေဖော်ဆောင်ပေး၊ ဒို့ဒေသ ဖွံဖြိုးရေး ကြိုးစားကြစို့လေး” ကြွေးကြော်သံကို ကြွေးကြော်ကြပြီး၊ အောင်သပြေဖြင့် အောင်ရေများ ဖြန်းပက်ကြသည်။

    အံဒင်လူငယ်အဖွဲ့မှ မိစိုက်စွမ်း (ခ) မိသီရိဦး က “ကျွန်မတို့ ဒေသခံတွေဟာ ကျွန်မတို့ဒေသကို ချစ်မြတ်နိုးတယ်။ လာမယ့် အစိုးရသစ်က ပြည်သူလူထုတွေကိုယ်တိုင် ရွေးချယ်ထားတဲ့ အစိုးရပေါ့နော်။ ပြည်သူလူထု ရွေးချယ်ထားတဲ့အတွက် ပြည်သူလူထုရဲ့ အသံကို နားထောင်သင့်တယ်။ နားမထောင်ခဲ့ဘူးဆိုရင် ကျွန်မတို့က ဒီစီမံကိန်းကို ဆက်ပြီး ကန့်ကွက်သွားဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ပြောသည်။

    ဖာလိန်ဒေသ သုတေသနအဖွဲ့မှ ၂၀၁၄ ခုနှစ်တွင် အံဒင်ကျေးရွာအုပ်စုဝင် ရေပေါ်သောင်၊ နှစ်ကရုပ်၊ အံဒင်ရွာသစ်၊ အံဒင်၊ သာဂရမ်၊ နှုီးနှူ၊ ပလိုင်သိမ်ကျေးရွာ (၇) ရွာမှ ကောက်ယူထားသည့် စီးပွားရေးစစ်တမ်းအရ အဓိက စီးပွားရေး လုပ်ငန်းဖြစ်သည့် ကွမ်းသီးခြံ၊ လယ်နှင့် ရေလုပ်ငန်းများမှ ရရှိသည့် တစ်နှစ်တာ ဝင်ငွေသည် ၅၈၁၅ သန်းကျော် ရှိပြီး၊ အခြား ဒူးရင်း၊ ဓညင်း၊ ကြက်မောက် စသည့်ဝင်ငွေများနှင့် ပေါင်းပါကာ (၇၂၄၀) သန်းကျော် ရှိကြောင်း သိရသည်။

    အံဒင်ကျေးရွာအနီးတွင် အမေရိကန်ဒေါ်လာ ၂၇၀၀ သန်း ရင်းနှီးမြှုပ်နှံကာ လှျပ်စစ်ဓါတ်အား ၁၂၈၀ မဂ္ဂါဝပ် ထုတ်မည့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ စီမံကိန်းကို တိုယိုထိုင်း ကုမ္ပဏီက အကောင်အထည်ဖော်ရန် စိုင်းပြင်းလျက် ရှိပြီး၊ ပြည်ထောင်စု အစိုးရ၊ လှျပ်စစ်စွမ်းအင် ဝန်ကြီးဌာနနှင့် လုပ်ငန်းသဘောတူစာချုပ် MoA ကို ဧပြီလ ၉ တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

    ယင်းကို ကန့်ကွက်သည့်အနေဖြင့် ဒေသခံ အင်အား ၆၀၀၀ ကျော်က မေလ ၅ ရက်နေ့တွင် လူထုဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကို အံဒင်ကျေးရွာ ဘောလုံးကွင်း၌ ပြုလုပ်ခဲ့ကြသည်။

    ၎င်းပြင် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ ရေးမြို့နယ် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များကလည်း အံဒင်ကျောက်မီးသွေးစက်ရုံစီမံကိန်း ဖျက်သိမ်းရေးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာလွှတ်တော်များတွင် အရေးဆိုသွားမည်ဟု ပြောကြားထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts