spot_img
Thursday, March 28, 2024
More
    spot_img
    Homeဆောင်းပါးမြန်မာ့နိုင်ငံရေးဓလေ့၊ ပဉ္စလက်ဆန်မှုနှင့်တိုင်းရင်းသားပါတီများ

    မြန်မာ့နိုင်ငံရေးဓလေ့၊ ပဉ္စလက်ဆန်မှုနှင့်တိုင်းရင်းသားပါတီများ

    -

    မြန်မာ့နိုင်ငံရေးဓလေ့ကို နိုင်ငံရေးစာရေးဆရာကျော်ဝင်းက ၂၀၁၄ ခုနှစ်၊ မေလထုတ် The Wave ဂျာနယ်တွင်

    (၁) ဂိုဏ်းဂဏ အကွဲအပြဲများလွန်းသည်။
    (၂)ရယ်ဒီကယ် (အစွန်းရောက်) အစွဲသန်သလို လက်စားချေစရိုက် ရှိသည်။
    (၃) လူထုသည်တောင်ပြိုကမ်းပြို မဲပေးတတ်သော အစဉ်အလာရှိသည်ဟူ၍ သုံးသပ်ခဲ့သည်။

    အနာဂတ် မြန်မာ့လွှတ်တော်-ကာတွန်းဟန်လေး(ဒေါင်းတမန်)
    အနာဂတ် မြန်မာ့လွှတ်တော်-ကာတွန်းဟန်လေး(ဒေါင်းတမန်)

    ၁၉၉၀ ရွေးကောက်ပွဲအောင်နိုင်မှုမှ ၂၅ နှစ်အကြာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် မဲ ၈၀%
    ခန့်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တောင်ပြိုကမ်းပြိုအနိုင်ရှိမှုသည် အများမျှော်လင့်ထားခြင်းထက်များစွာပိုမိုသဖြင့် ပဉ္စလက်ဆန်နေပြန်သည်။ တိုင်းရင်းသားပါတီများ၏အရှုံးသည် NLD ၏ အနိုင်နှင့်ဆက်စပ်နေရာ ၎င်းမှာလည်းညွန့်ပေါင်းအလားအလာ အကဲဖြတ်ချက်တက်တက်စင်လွဲမှားခြင်းဖြင့် ပဉ္စလက်ဆန်နေပြန်သည်။

    ၁၉၈၈ ခုနှစ်တပ်မတော်အာဏာသိမ်းအစိုးရက ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲကို တရားမျှတ သန့်ရှင်းစွာ လုပ်ပေးခြင်းကို အများကမယုံရဲရဲဖြစ်ခဲ့သည်။ ထိုစဉ်က(NLD) သည် ယခုထက်ပိုပြီးတောင်ပြိုကမ်းပြိုနိုင်ခဲ့သည်။

    သို့သော်လည်း တပ်မတော်တွင်း အာဏာသိမ်းအစိုးရအတွင်း ဖြေလျှော့ရေးဆိုင်ရာ ပြုပြင်ပြောင်လဲရေးဆိုင်ရာ အမြင်ကွဲပြားမှုရှိခဲ့ခြင်းကြောင့် ထီပေါက်ပြီး ထီလက်မှတ်ပျောက်ကိန်းကြုံခဲ့ရသည်။ နောက်ဆက်တွဲတွင် NLD သည် ဖိနှိပ်ချုပ်ချယ်ပိတ်ပင်မှုအမျိုးမျိုးနှင့် ပါတီမပျက်ရုံသာကျန်ခဲ့သည့်အဖြစ်ကြောင့် ပြည်သူလူထု၏ ရင်ထဲတွင် ကရုဏာသက်စရာ၊ နာကျည်းစရာ ဝေဒနာများကျန်ရစ်ခဲ့ရသည်။

    ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ၌ NLD ၏ တောင်ပြိုကမ်းပြိုအနိုင်ရရှိမှုသည် ကရုဏာနှင့် မျှော်လင့်ချက်အောင်ပွဲဖြစ်သည်။ လူထုသည် ကရုဏာ၊ နာကျည်းမှုဝေဒနာတို့ကို (၉၀) ရလာဒ်ပြန်အသက်သွင်းရေး နိုင်ငံရေးတူရူချက်ဖြင့် မဲပေးခြင်းဖြစ်သည်။ ထို့ကြောင့်လည်းတနွင်ငင်တစင်ပါ တိုင်ရင်းသားပါတီမှအချို့ပုဂ္ဂိုလ်များ မဲအနိုင်ရသွားကြသည်။

    ရွေးကောက်ပွဲမတိုင်ခင်ဟောကိန်းထုတ်ခဲ့ကြသော ပြည်တွင်းပြည်ပနိုင်ငံရေးသုံးသပ်သူများနှင့် နိုင်ငံရေးခေါင်းဆောင်များ ကြုံခဲ့ရသောအမှားများနှင့်ပတ်သက်ပြီး “တိုင်းရင်းသားပါတီများ ဘာကြောင့်ရှုံးရသနည်း” ဟူသောခေါင်းစဉ်ဖြင့် ဂျာနယ်တခုတွင် နှစ်ချုပ်သုံးသပ်ထားသည်။ ဤသည်ကို အကျဉ်းခြုံးဖေါ်ပြပါမည်။

    ၁။ တိုင်းရင်းသားပါတီများ၏ လူထုကိုချပြစည်းရုံးမှု အားနည်းချက်ရှိသည်။ ယေဘုယျအားဖြင့် ဖက်ဒရယ်ပြည်ထောင်စု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ထက်ပို၍အသေးစိတ်ကျကျ စည်းရုံးဆွဲဆောင်မှုမျိုးမတွေ့ရပါ၊ မျိုးနွယ်တူတိုင်းရင်းသားများက သူတို့ကိုသာမဲပေးလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။

    ၂။တိုင်းရင်းသားပါတီအများစုတွင် ပါတီကွဲများရှိနေခြင်းဖြစ်သည်။

    ၃။ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲအရ ပေါ်လာသောတိုင်းရင်သားပါတီများ အပေါ်လူထုသဘောထားဖြစ်သည်။ ၂၀၁၀ ခုနှစ် တိုင်းရင်သားပါတီခေါင်းဆောင်များအနက် လွှတ်တော်၊ အစိုးရများတွင်နေရာရရှိထား သူများသည် လုပ်ပိုင်ခွင့်အာဏာယစ်မူးပြီး ပေါင်းစည်းရေးအပေါ် အလေးအနက်သဘောမထားခဲ့ဘဲ တကွဲတပြားစီ ရွေးကောက်ပွဲဝင်ခဲ့သည်။ ထို့ကြောင့်လည်း သက်ဆိုင်ရာတိုင်းရင်းသားပြည်သူများက အစိုးရလက်ဝေခံပါတီ၊ ပုဂ္ဂိုလ်များအဖြစ် ရှုမြင်ခြင်းခံကြရသည်။

    ၄။ ပြည်နယ်အသီးသီးတွင်နေထိုင်ကြသော ပြည်သူလူထု၏အနေအထား ပြောင်းလဲနေခြင်းဖြစ်သည်။ ယခုအခါ မြို့ပြစနစ်ထွန်းကားလာသည်နှင့်အမျှ ပြည်နယ်အသီးသီးတွင် ရွှေပြောင်းဝင်ရောက်လာသူ ဗမာနှင့် အခြာတိုင်းရင်းသားမျိုးနွယ်စု အရေအတွက်များပြားလာခြင်းဖြစ်သည်။ သွေးနှောတိုင်းရင်းသားပြည်သူများ၏ အရေအတွက်မှာလည်း မနည်းတော့ပါ။ ထိုပြည်သူများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (သို့မဟုတ်) မိမိကြိုက်ရာပါတီကိုသာ မဲပေးကြသည်။ သက်ဆိုင်ရာပြည်နယ်တိုင်းရင်းသားပါတီအား မဲပေးရေး ပေါ်တွင် စွဲမြဲမနေတော့ပါ။

    ၅။ ဒေါ်အောင်ဆန်စုကြည်နှင့်(NLD) သည် တပြည်လုံးအနှံ့ ရေပန်းစားပြီး အမှန်တကယ်အပြောင်းအလဲ ဖေါ်ဆောင်ပေးနိုင်မည်သူများအဖြစ် မြင်ကြခြင်းဖြစ်သည်။

    ထိုနှစ်ချုပ်သုံးသပ်ချက်ကို မိမိအမြင်ဖြင့်ပြန်စီစစ်ရလျှင် ပထမအချက်မှာ မမှန်ဟုမြင်ပါသည်။ မိမိ၏ကိုယ်ပိုင်အတွက်အကြုံအရ ထိုယျေဘုယျ အချက်များကိုပင် အများစုမှာနားလည်သိမြင်ခြင်း၊ အလေးအနက်ထားခြင်းမရှိပါ။ ထိုထက်အသေးစိတ်မည်ဆိုလျှင် အခြေအနေမှာပိုဆိုးသွားနိုင်သည်။ တိုင်းရင်းသားပြည်သူလူထုအများစုသည် ခေတ်နောက်ကျခြင်း၊ စာမတတ်ခြင်းနှင့် ဆင်းရဲမွဲတေခြင်းတို့ကြောင့် နိုင်ငံရေး(အမျိုးသားရေး)တွင် စိတ်ပါဝင်စားမှုနည်းပါးကာ အပေါ်ယံကျကျသာ စဉ်းစားကြသည်။ မဲပေးမှုအတွေ့အကြုံ နည်းပါးကာ မဲလာမပေးမှုများစွာရှိသည်။ ဤအချက်ကို အစားထိုးလိုသည်။

    ဒုတိယနှင့် တတိယအချက်များမှာ မြန်မာ့နိုင်ငံရေးဓလေ့နှင့်ဆိုင်မည်ထင်သည်။ စင်စစ်အားဖြင့် ၂၀၁၀ ခုနှစ်တွင် ပေါ်ပေါက်လာသော ပါတီများ၏ အဓိကရည်ရွယ်ချက်မှာ အာဏာရအစိုးရမှ ခွဲတမ်းချပေးလာသော အာဏာမုန့်ကိုရယူဖို့ထက် မိမိဆိုင်ရာတိုင်းရင်းသားများ၏ အကျိုးစီးပွားကို ကာကွယ်ရန်နှင့် ပေးလာသမျှ အခြေအနေပေါ်တွင် မြှင့်တင်ရန်သာဖြစ်သည်။ အာဏာယစ်မူးပြီး ပါတီအရေးပေါင်းစည်းမှုနည်းပါးခြင်းများ ရှိနိုင်သည့်တိုင်အောင် အဓိကဖော်ပြချက်မဟုတ်ပါ။ သို့သော်လည်း အစွဲသန်အစွန်းရောက်ဓလေ့သမားများအတွက် တိုက်ကွက်တခုအဖြစ်တော့ အသုံးတည့်သွားပါသည်။

    စတုတ္တအချက်မှာ ပဉ္စလက်ဆန်လာသော နိုင်ငံရေးကို နိုင်ငံရေးခေါင်းဆောင်များ အကဲဖြတ်သူများ မျက်စိလျှမ်းမှု၊ လျှော့လျှော့ပေါ့ပေါ့ သဘောထားမှု ဖြစ်နိုင်သည်။ အာဏာရပါတီကမူ ဤသည်ကိုသတိပြုမိပြီး မိမိ၏လုပ်ပိုင်ခွင့်မျိုးစုံ အသုံးချကာ ထိုရွှေ့ပြောင်းနေထိုင်သူများ၏ မဲကိုရယူနိုင်ရေး အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သည်။ သို့သော် မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့ပေ။

    ပဉ္စမအချက်၏ ပဉ္စလက်ဆန်မှုကို အစပိုင်းတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။

    ဤသုံးသပ်ချက်တွင် ထပ်ဖြည့်လိုသည်မှာ (၂၀၁၅) ခုနှစ်ရွေးကောက်ပွဲသည် ပွင့်လင်းလာသော ဒီမိုကရေစီနှင့်အတူ မြန်မာ့နိုင်ငံရေးဓလေ့အားကောင်းလာခြင်းကြောင့် ရွေ့လျားဖြစ်စဉ် ပြုပြင်ပြောင်းလဲရေးသမားများ ရှုံးနိမ့်ခြင်းဟူသော အကျိုးဆက်အချက်ဖြစ်သည်။ ဤသည်ကို တိုင်းရင်းသားနိုင်ငံရေးတွင်သာမက မြန်မာ့နိုင်ငံရေးလောကတခုလုံးတွင်ပင် တွေ့နိုင်သည်။

    ဥပမာ- သူရဦးရွှေမန်း ကိစ္စဖြစ်သည်။ သူက လာမည့်နိုင်ငံရေးအခင်းအကျင်းအတွက် လက်ဦးမှုယူသော ပြုပြင်ပြောင်းလဲရေးဝါဒီဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီကို လူထုအကြိုက်ပါတီအသွင်ပြောင်းပြီး ညွန့်ပေါင်းအသွင်ပြောင်းလဲချင်သည်။ အစိုးရအဖွဲ့ကို (တပ်မတော်မှအပ) ရွေးကောက်ခံများဖြင့်သာ ဖွဲ့စည်းစေချင်သည်။ နိုင်ငံရေးအသွင်ကူးပြောင်းမှုတွင် သမိုင်းဝင်ချင်သည်။ သမ္မတ ဖြစ်ချင်သည်။ သို့သော် တပ်မတော်နောက်ခံပြုသော ပါတီသည် တပ်မတော်ကိုကျော်၍မရ။ ယခုအခါ ရွေးကောက်ပွဲနိုင်သည့်တိုင် အနာဂါတ်နေရာခြင်းမရှိသည့် နှုတ်ထွက်ရတော့မည့် ပြည်ထောင်စုလွှတ်တော်နာယက ဒေါ်စု၏မဟာမိတ်ဖြစ်နေသည်။ မရေရာဟုဆိုရာတွင် NLD ပါတီစွဲကြီးသူများကြားတွင် ဦးရွှေမန်းကဲ့သို့သော ပုဂ္ဂိုလ်များ နေရာမရနိုင်ခြင်းဖြစ်သည်။ နိုင်ငံရေးဆွေးနွေးပွဲများတွင် ဒေါ်စုက အလေးထားတာဝန်ပေးခြင်းခံရသော ဗဟိုအလုပ်မှုဆောင်တစ်ဦးက “ကိုယ့်ပါတီနိုင်မှတော့ ကိုယ့်ပါတီကဘဲ သမ္မတတွေယူမှာပေါ့” ဟု (၂၀၁၄) ခုနှစ်ကတည်းက အင်တာဗျုးထားသည်။

    ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဝင် NLD မှပဲ့ထွက်လာသူများဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF သည်လည်း အနိမ့်သံသရာမှ မလွတ်ပါ။ NDF ပါတီသည် NLD အင်အားစုများ၏ နိုင်ငံရေးအခွင့်အရေး မဆုံးရှုံးရန်၊ အင်အားစုများအပေါ်ပိတ်ပင်ဟန့်တားမှု သက်သာရာရနိုင်ရန် ရွေးကောက်ပွဲဝင်ခြင်းဖြစ်သည့်တိုင် သပိတ်မှောက် NLD များနှင့် ပဋိပက္ခကြီးကြီးမားမားရှိခဲ့ပြီး လူထုအတွင်း ပုံရိပ်မဲ ထင်ကျန်စေခဲ့သည်။

    ၈၈ အင်အားစုများ၏ NLD ဝိုင်းရံရေးမဟုတ်၊ ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားများအား ဝိုင်းရံရေးဟူသော ရပ်တည်ချက်မှာလည်း NLD လက်ကမ်းကြိုဆိုသော်အရာမဟုတ်ဘဲ ယခုလိုတောင်ပြိုကမ်းပြိုနိုင်ချိန်တွင် မြန်မာ့နိုင်ငံရေးဓလေ့အရ လက်တုန့်ပြန်မှု အမျိုးမျိုးအတွက် ပစ်မှတ်ဖြစ်လာမည်သာ။

    လောလောဆယ်တွေ့မြင်နေရသည်မှာ လက်ရှိလွှတ်တော်၊ အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များအား ပုဂ္ဂိုလ်ရေးအရ ဒေါ်စုတွေ့ဆုံနေခြင်း၊ အာဏာလွှဲပြောင်းရေးနှင့်ပတ်သက်၍ ကော်မတီများနှစ်ဖက်စလုံးမှဖွဲ့စည်း၍ ဆွေးနွေးညှိိုနှိုင်းနေခြင်းဖြစ်သာ ဖြစ်သည်။

    ဤအခြေအနေတွင် ဆရာကျော်ဝင်း၏ အမြင်ကိုထပ်မံကိုးကားချင်သည်။ သူက နိုင်ငံရေးအသွင်ကူးပြောင်းမှု အဆင်ပြေချောမွေ့နိုင်စေရန် အမာဂိုဏ်းမှအပျော့လိုင်းများနှင့် အပျော့ဂိုဏ်းမှ အမာလိုင်းများအကြား ပဋ္ဋိညာဉ်တရပ် ရရှိထားမှု ရှိနေရမည်ဟူ၍ သုံးသပ်ထားသည်။ (မူရင်းသာစားမဟုတ်)

    NLD ကို နိုင်ငံရေးဝေဖန်သုံးသပ်သူ ဇြိုလ်တန်ဘာရန်နီ (Zoltan Barany) က ဒီမိုကရေစီခရီးရှည် ခယောင်းလမ်းဖြတ်သန်းရဦးမည်ဟု ခေါင်းစဉ်တပ်ပြီး ကြုံရမည့် စိန်ခေါ်မှု (၄) ရပ်ကိုအောက်ပါအတိုင်း ဖော်ပြထားသည်။

    (၁) တပ်မတော်နှင့်အတူ လက်တွဲအလုပ်လုပ်နိုင်ရေး (သဘောထားတင်းမာသော လက်နက်ကိုင်အဖွဲ့အစည်းကြီးတစ်ခုနှင့် မည်သို့အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်နိုင်မည်ဆိုသည်မှာ စိတ်ဝင်စားစရာဖြစ်သည်)
    (၂) NLD တွင် ဗျုရိုကရေစီယန္တယားလည်ပတ်မှုနှင့် ပတ်သက်ပြီး အတွေ့အကြုံမရှိခြင်းဖြစ်သည်။ (အစိုးရသစ်သည် လက်ရှိအစိုးရအဖွဲ့တွင် ပါဝင်နေသော တပ်မတော်သားနှင့် တပ်မတော်အငြိမ်းစားပုဂ္ဂိုလ်များနှင့် မည်သို့ဆက်ဆံရေးထူထောင်မည်ဆိုသည်မှာ စိတ်ဝင်စားစရာဖြစ်သည်)

    (၃) နက်ရှိုင်းစွာ အမြင်တွယ်နေသော အကျင့်ပျက်ခြစားမှုကို ရင်ဆိုင်ဖြေရှင်းရန် လိုအပ်ခြင်းဖြစ်သည်။
    (အကျင့်ပျက်ခြစားမှုသည် နိုင်ငံအနေဖြင့်ကြုံတွေ့ရမည့် အကြီးမားဆုံးစိန်ခေါ်မှုတရပ်ဟု ပြောကြားထားသော လွှတ်တော်ပြောရေးဆိုခွင့်ရှိသူ ဦးခင်အောင်မြင့်လို ပုဂ္ဂိုလ်မျိုးနှင့် မည်သို့ မဟာမိတ်ဖွဲ့မည်မှာ စိတ်ဝင်စားစရာဖြစ်သည်)

    (၄) NLD အစိုးရသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကိုသင့်မြတ်အဆင်ပြေအောင် ကိုင်တွယ်နိုင်ရန်လိုသည်။ (အနောက်အုပ်စုနှင့် ဆက်ဆံရေးအားသန်သော ဒေါ်စု၏ အစိုးရလက်ထက်တွင် မြန်မာနိုင်ငံအပေါ်သြဇာလွှမ်းမိုးမှုလျော့ကျမည်ကို တရုတ်က စိုးရိမ်လျှက်ရှိသည်။ ယခုကတည်းကပင်လျှင် တရုတ်- မြန်မာ ဆက်ဆံရေးကျဆင်းနေသည်။ လက်နက်ကိုင် တိုင်းရင်းသားတချို့၏ တပ်များကို စစ်ရေးလေ့ကျင့်မှုပေးခဲ့သလို ကချင်လွတ်မြောက်ရေး တပ်မတော်ကို အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် လက်မှတ်မထိုးရန် ဖိအားပေးခဲ့သည်)

    ထိ်ုထိုသော ဇိုလ်တန်ဘာရန်နီဖော်ပြသော အကြောင်းအချက်များအပြင် အခြားအဓိကစိန်ခေါ်မှုများစွာ ကျန်ရှိသေးသည်။ အကြီးဆုံးပြဿနာများမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) နှင့်ပတ်သက်သောငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်စခန်းသွားရေးပင် ဖြစ်သည်။

    ထို့ကြောင့် ဆရာကျော်ဝင်းပြောသလို ပဋ္ဋိညာဉ်( Pact) တခုရှိရေးသည် အလွန်အရေးပါလှသည်။ ရနိုင်မရနိုင်ဆိုသည်ကိုတော့ ငွေရောင်ပိတ်ကားပေါ်တွင် သင်္ကြန်အလွန်၌ တွေ့ရတော့မည်ဖြစ်သည်။ သို့သော် မကြာမီက ဂျာနယ်တစ်အုပ်တွင် “ဆိုက်ကားဆရာတွေက တချို့လွှတ်တော်အမတ်တွေထက်သာတယ်”
    ဆိုသောအပြောမျိုး ဖတ်လိုက်ရချိန်တွင် အထူးစိတ်မကောင်းဖြစ်ရသည်။

    အချုပ်အားဖြင့်ဆိုသော် တိုင်းရင်းသားပါတီသည် အထက်ပါလက္ခဏာ အခြေအနေများနှင့် ပြည့်စုံနေသော အစိုးရသစ်တရပ်အောက်တွင် မြန်မာ့နိုင်ငံရေးဓလေ့ကို နားလည်စာနာတတ်ရန်လိုသလို ပဉ္စလက်ဆန်မှုအပေါ်တွင်လည်း ခံနိုင်ရည်ရှိရန် အလေးဂရုပြုတတ်ရန်လိုပါသည်။ တချိန်တည်းတွင် ဒေသတွင်း ပါတီများ ထိတွေ့ဆွေးနွေး မဟာမိတ်ပြုရေး၊ တပ်ပေါင်းစုအသွင်လက်တွဲရေးနှင့် မျိုးနွယ်စုတူ တိုင်းရင်းသားပါတီများ ပေါင်းစည်းရေးကိစ္စရပ်များကို ဖြတ်သန်းသွားရမည်ဖြစ်သည်။ သို့သော်လှေချည်းထိုး ရိုးရိုးနည်းဖြင့်တော့မဟုတ်၊ ဆန်းသစ်ထိရောက်သော အဆင့်လိုက်ဗျုဟာများဖြင့် ကြံဆလုပ်ကိုင်ရမည်ဖြစ်သည်။ ထိုသို့သာ လုပ်ဆောင်နိုင်လျှင် ၂၀၂၀ ရွေးကောက်ပွဲ၌ လက်ရှိနိုင်ငံရေးသုံးသပ်သူများ၏ အမှားသည် အမှန်ရလဒ် ဖြစ်ကောင်းဖြစ်လာနိုင်သည်ဟု ယုံကြည်ပါကြောင်း။

    (၁) ဂိုဏ်းဂဏ အကွဲအပြဲများလွန်းသည်။
    (၂)ရယ်ဒီကယ် (အစွန်းရောက်) အစွဲသန်သလို လက်စားချေစရိုက် ရှိသည်။
    (၃) လူထုသည်တောင်ပြိုကမ်းပြို မဲပေးတတ်သော အစဉ်အလာရှိသည်ဟူ၍ သုံးသပ်ခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,500SubscribersSubscribe
    spot_img

    Latest posts