spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်း၆ လတာ စခန်းသွင်း အခမဲ့ အင်္ဂလိပ်စာသင်တန်း မော်လမြိုင်တွင် ဖွင့်

    ၆ လတာ စခန်းသွင်း အခမဲ့ အင်္ဂလိပ်စာသင်တန်း မော်လမြိုင်တွင် ဖွင့်

    -

    အာကာ – မျိုးဆက်သစ် မွန်လူငယ်များ အင်္ဂလိပ်စာ တတ်မြောက်ရေး ရည်ရွယ်ချက်ဖြင့် အခမဲ့ ၆ လတာ Mon Internship English Program စခန်းသွင်း အင်္ဂလိပ်စာ လေ့ကျင့်ရေးသင်တန်းကို မော်လမြိုင်မြို့

    မြိုင်သာယာရပ်ကွက်တွင် ဒီဇင်ဘာလ ၃ ရက်နေ့မှ စတင်ကာ ဖွင့်လှစ်လျက် ရှိကြောင်း သိရသည်။

    မွန်ပြည်သစ်ပါတီမှ အနားယူခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်တလညီ က ပညာဒါနပြုပြီး ဦးစီးဖွင့်လှစ်သည့် ထိုသင်တန်းသို့ မွန်ဒေသအသီးသီးမှ သင်တန်းသား/သူ ၄၈ ဦး တက်ရောက်လေ့လာကြပြီး၊ အတန်း ၂ ခု ခွဲကာ ပို့ချလျက်ရှိကြောင်း သိရသည်။

    နိုင်တလညီ က “ခေတ်က ပြောင်းလဲလာပြီ။ အင်္ဂလိပ်စာ မတတ်ရင် အမျိုးသားရေးဖြစ်ဖြစ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖြစ်ဖြစ် နောက်ကျကျန်ခဲ့မယ်။ အဓိကကတော့ မွန်လူငယ်တွေအနေနဲ့ လူပုံအလယ်တိုးနိုင်ဖို့ ရည်ရွယ်ပြီး ဒီသင်တန်းကို ဖွင့်ရခြင်း ဖြစ်တယ်” ဟု ပြောသည်။

    သင်တန်းတွင် အင်္ဂလိပ်စာတစ်ခုတည်းကိုသာ အခြေခံမှ စ၍ Elementary Level ထိ ပြည်တွင်းဆရာ ၄ ဦးနှင့် နိုင်ငံခြားဆရာတစ်ဦးတို့က ၂၀၁၆ ခုနှစ် မေလဆန်းထိ သင်ကြားပို့ချသွားမည်ဟု သင်တန်းအုပ်ချုပ်ရေးမှူး မင်းဗညားအောင် က ပြောသည်။

    ယခုသင်တန်းသည် ပထမဆုံးအကြိမ် ဖြစ်ပြီး၊ သင်တန်းတက်ရောက်လိုသူတစ်ဦးသည် အနည်းဆုံး ဒသမတန်းကို ဖြေဆိုဖူးသူ ဖြစ်ရမည့်အပြင် သင်တန်းပြီးဆုံးသည်ထိ လေ့လာသင်ကြားနိုင်ရမည် ဖြစ်သည်ဟုလည်း သူက ပြောသည်။

    သင်တန်းသားတစ်ဦးအနေနှင့် စားစရိတ် တစ်လ တစ်သောင်းငါးထောင်ကျပ် ပေးသွင်းရသည်မှ လွဲ၍ ကျန်သည့် ကုန်ကျစရိတ်အားလုံးကို နိုင်တလညီ က နှောင်ကြိုးမဲ့ ပညာဒါနအဖြစ် လှူဒါန်းထားကြောင်း သိရသည်။

    “တချို့ဆို တက္ကသိုလ်ကျောင်းပြီးသွားတာတောင် အင်္ဂလိပ်စာ အခြေခံ မခိုင်သေးတာ တွေ့ရတယ်။ မွန်လူငယ်တွေကို အင်္ဂလိပ်စာ တတ်စေချင်တာတစ်ခုက လွဲပြီး၊ သင်တန်းသားတွေအပေါ် ဘာမှ ချုပ်ကိုင်မှု၊ မှျော်ကိုးမှု မထားပါဘူး” ဟု သင်တန်းဖွင့်ပွဲတွင် နိုင်တလညီ က ပြောသည်။

    ယခုကဲ့သို့သော နှောင်ကြိုးမဲ့သင်တန်းကို အနည်းဆုံး သုံးကြိမ် ဖွင့်လှစ်နိုင်ရန် ဆုံးဖြတ်ထားပြီး၊ အခြေအနေပေးပါက မိတ်ဆွေအသိုင်းအဝိုင်းနှင့် ညှိနှုိင်းတိုင်ပင်ကာ အကန့်အသတ်မဲ့ ဖွင့်လှစ်သွားရန် ရည်ရွယ်ထားသည်ဟုလည်း နိုင်တလညီ က ပြောသည်။

    သူက “NGO တွေရဲ့ အထောက်အပံ့ကို ကျွန်တော်တို့ လက်မခံဘူး။ ဒီသင်တန်းကို ကျွန်တော်ဦးစီးပြီး ဖွင့်တယ်ဆိုပေမဲ့ မိတ်ဆွေတွေက အကူအညီပေးချင်တယ်ဆိုရင်တော့ အချင်းချင်းညှိနှုိင်းပြီး ဆက်လုပ်သွားဖို့ စဉ်းစားထားတယ်” ဟု ပြောသည်။

    သင်တန်းဆရာ ထောက်ပံ့ကြေး၊ သင်တန်းဆောင်နှင့် နေအိမ် ငှားရမ်းခြင်းများအတွက် တစ်လလှျင် သိန်း (၂၀) ခန့် ကုန်ကျမည် ဖြစ်ပြီး၊ ၆ လတာ သင်တန်းတစ်ခုလုံးအတွက် သိန်းတစ်ရာကျော် ကုန်ကျလိမ့်မည်ဟု ခန့်မှန်းတွက်ချက်ထားကြောင်း နိုင်တလညီ က ပြောသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts