မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ၆ လတာ စခန်းသွင်း အခမဲ့ အင်္ဂလိပ်စာသင်တန်း မော်လမြိုင်တွင် ဖွင့်

၆ လတာ စခန်းသွင်း အခမဲ့ အင်္ဂလိပ်စာသင်တန်း မော်လမြိုင်တွင် ဖွင့်

ရေးသားသူ: >

အာကာ – မျိုးဆက်သစ် မွန်လူငယ်များ အင်္ဂလိပ်စာ တတ်မြောက်ရေး ရည်ရွယ်ချက်ဖြင့် အခမဲ့ ၆ လတာ Mon Internship English Program စခန်းသွင်း အင်္ဂလိပ်စာ လေ့ကျင့်ရေးသင်တန်းကို မော်လမြိုင်မြို့

မြိုင်သာယာရပ်ကွက်တွင် ဒီဇင်ဘာလ ၃ ရက်နေ့မှ စတင်ကာ ဖွင့်လှစ်လျက် ရှိကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီမှ အနားယူခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်တလညီ က ပညာဒါနပြုပြီး ဦးစီးဖွင့်လှစ်သည့် ထိုသင်တန်းသို့ မွန်ဒေသအသီးသီးမှ သင်တန်းသား/သူ ၄၈ ဦး တက်ရောက်လေ့လာကြပြီး၊ အတန်း ၂ ခု ခွဲကာ ပို့ချလျက်ရှိကြောင်း သိရသည်။

နိုင်တလညီ က “ခေတ်က ပြောင်းလဲလာပြီ။ အင်္ဂလိပ်စာ မတတ်ရင် အမျိုးသားရေးဖြစ်ဖြစ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖြစ်ဖြစ် နောက်ကျကျန်ခဲ့မယ်။ အဓိကကတော့ မွန်လူငယ်တွေအနေနဲ့ လူပုံအလယ်တိုးနိုင်ဖို့ ရည်ရွယ်ပြီး ဒီသင်တန်းကို ဖွင့်ရခြင်း ဖြစ်တယ်” ဟု ပြောသည်။

သင်တန်းတွင် အင်္ဂလိပ်စာတစ်ခုတည်းကိုသာ အခြေခံမှ စ၍ Elementary Level ထိ ပြည်တွင်းဆရာ ၄ ဦးနှင့် နိုင်ငံခြားဆရာတစ်ဦးတို့က ၂၀၁၆ ခုနှစ် မေလဆန်းထိ သင်ကြားပို့ချသွားမည်ဟု သင်တန်းအုပ်ချုပ်ရေးမှူး မင်းဗညားအောင် က ပြောသည်။

ယခုသင်တန်းသည် ပထမဆုံးအကြိမ် ဖြစ်ပြီး၊ သင်တန်းတက်ရောက်လိုသူတစ်ဦးသည် အနည်းဆုံး ဒသမတန်းကို ဖြေဆိုဖူးသူ ဖြစ်ရမည့်အပြင် သင်တန်းပြီးဆုံးသည်ထိ လေ့လာသင်ကြားနိုင်ရမည် ဖြစ်သည်ဟုလည်း သူက ပြောသည်။

သင်တန်းသားတစ်ဦးအနေနှင့် စားစရိတ် တစ်လ တစ်သောင်းငါးထောင်ကျပ် ပေးသွင်းရသည်မှ လွဲ၍ ကျန်သည့် ကုန်ကျစရိတ်အားလုံးကို နိုင်တလညီ က နှောင်ကြိုးမဲ့ ပညာဒါနအဖြစ် လှူဒါန်းထားကြောင်း သိရသည်။

“တချို့ဆို တက္ကသိုလ်ကျောင်းပြီးသွားတာတောင် အင်္ဂလိပ်စာ အခြေခံ မခိုင်သေးတာ တွေ့ရတယ်။ မွန်လူငယ်တွေကို အင်္ဂလိပ်စာ တတ်စေချင်တာတစ်ခုက လွဲပြီး၊ သင်တန်းသားတွေအပေါ် ဘာမှ ချုပ်ကိုင်မှု၊ မှျော်ကိုးမှု မထားပါဘူး” ဟု သင်တန်းဖွင့်ပွဲတွင် နိုင်တလညီ က ပြောသည်။

ယခုကဲ့သို့သော နှောင်ကြိုးမဲ့သင်တန်းကို အနည်းဆုံး သုံးကြိမ် ဖွင့်လှစ်နိုင်ရန် ဆုံးဖြတ်ထားပြီး၊ အခြေအနေပေးပါက မိတ်ဆွေအသိုင်းအဝိုင်းနှင့် ညှိနှုိင်းတိုင်ပင်ကာ အကန့်အသတ်မဲ့ ဖွင့်လှစ်သွားရန် ရည်ရွယ်ထားသည်ဟုလည်း နိုင်တလညီ က ပြောသည်။

သူက “NGO တွေရဲ့ အထောက်အပံ့ကို ကျွန်တော်တို့ လက်မခံဘူး။ ဒီသင်တန်းကို ကျွန်တော်ဦးစီးပြီး ဖွင့်တယ်ဆိုပေမဲ့ မိတ်ဆွေတွေက အကူအညီပေးချင်တယ်ဆိုရင်တော့ အချင်းချင်းညှိနှုိင်းပြီး ဆက်လုပ်သွားဖို့ စဉ်းစားထားတယ်” ဟု ပြောသည်။

သင်တန်းဆရာ ထောက်ပံ့ကြေး၊ သင်တန်းဆောင်နှင့် နေအိမ် ငှားရမ်းခြင်းများအတွက် တစ်လလှျင် သိန်း (၂၀) ခန့် ကုန်ကျမည် ဖြစ်ပြီး၊ ၆ လတာ သင်တန်းတစ်ခုလုံးအတွက် သိန်းတစ်ရာကျော် ကုန်ကျလိမ့်မည်ဟု ခန့်မှန်းတွက်ချက်ထားကြောင်း နိုင်တလညီ က ပြောသည်။

About မွန်သတင်းအေဂျင်စီ

Check Also

ရပ်ရွာအေးချမ်းသာယာစေရေး လူမှုရေးပြဿနာများကိုဖြေရှင်းပေးသင့်

ဒီမိုကရေစီစနစ်ကို လေ့ကျင့်ပြုစုပျိုးထောင်နေသော လက်ရှိမြန်မာနိုင်ငံတွင် အရာအရာတိုင်းမှာ အစိုးရ၏ဝိုင်းဝန်းပံ့ပိုးမှုကိုသာ မှီခိုအားထားနေလို့မသင့်ပါ၊ ဒီမိုကရေစီစနစ်အရ ပုဂ္ဂလိကတာဝန်ပိုင်းမှာ နိုင်ငံသားကောင်းများဖြစ်ရန်နှင့် တာဝန်သိတတ်မှုကို အလေးထားကာ မိမိတို့ရပ်ရွာ အေးချမ်းသာယာရေးနှင့် ပြဿနာဖြစ်လာပါက အတူတကွ …

Leave a Reply

%d bloggers like this: