မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ပြောင်းလွယ်ပြင်လွယ်သည့် နိုင်ငံရေးမူဘောင်ကို ရေးဆွဲကြရန် ဝန်ကြီးဦးအောင်မင်း တိုက်တွန်း

ပြောင်းလွယ်ပြင်လွယ်သည့် နိုင်ငံရေးမူဘောင်ကို ရေးဆွဲကြရန် ဝန်ကြီးဦးအောင်မင်း တိုက်တွန်း

ရေးသားသူ: >
UPDJC ဆွေးနွေးပွဲ(MPC)
UPDJC ဆွေးနွေးပွဲ(MPC)
ချစ်မင်းထွန်း – တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ပါ သဘောတူညီချက်များအတိုင်း နိုင်ငံရေး မူဘောင် ရေးဆွဲနေကြရာတွင် နောက်တက်လာမည့် အစိုးရသစ်အဆင်ပြေစေရန်အတွက် ပြောင်းလွယ် ပြင်လွယ်သည့် နိုင်ငံရေးမူဘောင်ကိုသာ ရေးဆွဲကြရန် ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ

UPWC ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း တိုက်တွန်းပြောကြားလိုက်သည်။

နိုဝင်ဘာ ၂၄ ရက်၊ နံနက် ၉ နာရီအချိန်၌ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟို ဌာန MPC တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အဖွဲ့တွင် ပါဝင်ကြသော အစိုးရ၊ လက်နက်ကိုင်၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ သုံးပွင့်ဆိုင် အစည်းအဝေး တစ်ရပ်ကျင်းပရာ အထက်ပါ အတိုင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးအောင်မင်း က “ကျွန်တော်တို့ အားလုံး ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အခက်အခဲတွေရှိမှာဖြစ်ပါတယ်။အချိန် အကန့်အသတ်ကလည်း ရှိနေတဲ့အတွက် ဆောင်ရွက်ချက်တွေမှာ အားနည်းတာ၊ မပြည့်စုံတာတွေရှိနိုင်ပါတယ်။ ဒါပေမဲ့ အားလုံး နားလည်မှုတွေ ပေးပြီး လုပ်စေချင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ဘာကိုမှ ပိတ်ထားတာ မရှိပါဘူး။ NCA က အလွယ်တကူ ရရှိခဲ့တာမဟုတ်ပါဘူး။ ဒါကိုတော့ ထပ်လောင်းပြီး အသိပေးပါရစေ၊ NCA အခြေခံပေါ်မှာ NCA Timeline ကို မဖောက်ဖျက်ဘဲ အများစုလက်ခံနိုင်ပြီး ရှေ့ကို ဆက်သွားနိုင်တဲ့ အခြေ အနေမျိုးကို ဝိုင်းဝန်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်၊ မူဘောင်ကိုလည်း ပြောင်းလွယ်ပြင်လွယ် ဖြစ်အောင် ဆောင် ရွက်စေလိုပါတယ်။ဒါမှ နောင်လာမယ့် အစိုးရအတွက် အဆင်ပြေပါမယ်”ဟု ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နှင့်အစိုးရတို့ သဘောတူလက်မှတေ်၇းထိုးခဲ့ကြရာတွင် အဆိုပါ စာချုပ်ပါ သဘောတူညီချက်များအတိုင်း ရက်ပေါင်း ၃၀ အတွင်း ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော် မတီ(UPDJC)တို့ကို ဖွဲ့စည်းရန်၊ ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးမူဘောင် အပြီးသတ် ရေးဆွဲရန်၊ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ရန် စသည့် အချက်များကို သဘောတူညီခဲ့ကြသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက “NCA စာချုပ် အကောင်အထည်ဖော်နိုင်ဖို့အတွက် UPDJC ကို ၂၁ ရက်နေ့က ကျွန်တော်တို့ ဖွဲ့စည်းပြီးပါပြီ။ NCA စာချုပ်ဟာ အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်ရမှာဖြစ်သလို တချိန်တည်းမှာလည်း နိုင်ငံရေးဆွေး နွေး ပွဲများကို ကျင်းပသွားရမှာဖြစ်ပါတယ်။ဒါကြောင့် အားလုံး ပူးပေါင်း ဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်”ဟု ပြောသည်။

ယခုအခါ JMC နှင့် UPDJC တို့ကို အစိုးရ၊လက်နက်ကိုင်၊နိုင်ငံရေးပါတီ၊ စသည့် အစုအဖွဲ့များမှ အချိုးကျ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီးဖြစ်သည်။

NCA စာချုပ်ပါ သဘောတူညီချက်အရ နိုင်ငံရေးမူဘောင်ကို ဒီဇင်ဘာ ၁၄ ရက်နေ့ထက် နောက်မကျစေဘဲ အပြီး ရေးဆွဲရမည်ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများကို လာမည့်ဇန်နဝါရီ ၁၄ ရက်နေ့ထက် နောက်မကျစေဘဲ စတင်ကျင်းပရမည်ဖြစ်သည်။

နိုင်ငံရေးမူဘောင်ကို ဇန်နဝါရီ ၁၄ ရက်နေ့ထက် နောက်မကျဘဲ အပြီးရေးဆွဲနိုင်ရန်အတွက် (၁) နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်မည့် ကိုယ်စားလှယ်ဦးရေ(စုစုပေါင်း)၊ (၂) ပါဝင်သူများ၏ အချိုးအစား၊ (၃) ဆွေးနွေးမည့် Agenda များ နှင့်(၄) ဆွေးနွေးရေး စည်းမျဉ်းစည်းကမ်းများ၊(၅) ဆုံးဖြတ်ချက်ရမည့် စည်းကမ်း၊နည်းလမ်းများ ကို အကောင်အထည်ဖော် လုပ်ဆောင်နိုင်မည်ဆိုပါက နိုင်ငံရေးမူဘောင်ကို စတင်နိုင်မည်ဖြစ်ကြောင်း ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းက အကြံပြု တိုက်တွန်းပြောကြားခဲ့သည်။

About မွန်သတင်းအေဂျင်စီ

Check Also

မြို့ဝင်ကြေးကောက်ခံမှုကို စည်ပင်အား တိုက်ရိုက်လွှဲထား၍အခက်တွေ့ဟုဆို

မွန်ပြည်နယ် (၉ ) မြို့နယ်တွင် မြို့ဝင်ကြေး ကောက်ခံမှုကို ကုမ္ပဏီများအား လေလံချပေးမည့်အစား သက်ဆိုင်ရာ စည်ပင်သာယာရေးဦးစီးဌာနသို့ တိုက်ရိုက်လွှဲပြောင်းပေးထားသည့်အတွက် အခက်အခဲတချို့ရှိနေကြောင်း မွန်ပြည်နယ် စည်ပင်သာသာရေးဦးစီးဌာနမှ သတင်းရရှိသည်။ …

Leave a Reply

%d bloggers like this: