spot_img
Friday, March 29, 2024
More
    spot_img
    Homeမေးမြန်းချက်၂၀၁၅ ရွေးကောက်ပွဲသင်္ခန်းစာနှင့် နောင်တတရားယူရမည်ဆိုသော ဒေါက်တာအောင်နိုင်ဦးနှင့် တွေ့ဆုံမေးမြန်းခန်း

    ၂၀၁၅ ရွေးကောက်ပွဲသင်္ခန်းစာနှင့် နောင်တတရားယူရမည်ဆိုသော ဒေါက်တာအောင်နိုင်ဦးနှင့် တွေ့ဆုံမေးမြန်းခန်း

    -

    ဒေါက်တာအောင်နိုင်ဦးနှင့် တွေ့ဆုံမေးမြန်းစဉ်(IMNA)
    ဒေါက်တာအောင်နိုင်ဦးနှင့် တွေ့ဆုံမေးမြန်းစဉ်(IMNA)
    ဒေါက်တာ အောင်နိုင်ဦးသည် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး ထိုပါတီမှ ဝင်ရောက်အရွေးခံသော ကိုယ်စားလှယ်လောင်းများအနက် ၎င်းတစ်ဦးသည်သာ မွန်ပြည်နယ်၊ ချောင်းဆုံ

    မြိုနယ် မွန်ပြည်သူလူထုမှ ရွေးချယ်လိုက်သော ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ရွေးကောက်ပွဲအပြီး ဒေါက်တာ အောင်နိုင်ဦးအား မွန်သတင်းအယ်ဒီတာချုပ် နိုင်ကဆော့မွန် ကတွေ့ဆုံမေးမြန်းထားပါသည်။

    မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဒေါက်တာ အောင်နိုင်ဦးအနေနဲ့ ချောင်းဆုံဒေသ အခြေအနေနှင့် အခြားသော အခြေအနေများ ဘယ်လိုရှိပါသလည်း။

    ဖြေ။ ။ သည် ၂၀၁၅ ရွေးကောက်ပွဲက ၂၀၁၀ ရွေးကောက်ပွဲနဲ့ လုံးဝ မတူပါ။ အားသာချက်ရှိသလို အားနည်းချက်လည်း ရှိပါတယ်။ အားသာချက်ဆိုတာက ကျနော်တို့ ဘီလူးကျွန်း ချောင်းဆုံဒေသမှာ ရှိတဲ့ မွန်ပြည်သူလူထုဟာ မဲဲထည့်ရမည့်အရေးနှင့် အမျိုးသားရေးအပိုင်းမှာ ယခင်ထက် အများကြီး နားလည် သဘောပေါက်လာတာ တွေ့ရတယ်။ ပြည်သူလူထုများက ကိုယ်စားလှယ်လောင်း တစ်ဦးဦးကို သူတို့ရွေးချယ်လိုက်ပြီဆိုလျှင် အဲသည် ကိုယ်စားလှယ်က သူတို့အတွက် ဘာတွေလုပ်ပေး နိုင်မလဲ၊ ဒါကိုသူတို့လေ့လာ သုံးသပ်ပြီးမှ မဲပေးကြတယ်၊ဒါက အားသာချက်လို့ ပြောရမှာပေါ့။ အားနည်းချက်ဆိုတာက အခုရွေးကောက်ပွဲက ၂၀၁၀ ရွေးကောက်ပွဲနဲ့ မတူတာက ပါတီကြီးဖြစ်တဲ့ NLD နဲ့လည်း ကျနော်တို့ပြိုင်ရတယ်။ ၂၀၁၀ တုန်းက ပြည်ခိုင်ဖြိုး ပါတီ တစ်ခုကိုသာ ကျနော်တို့ပြိုင်ရတယ်။ သည် ၂၀၁၅ မှာက ပါတီကြီး နှစ်ခုနဲ့ ကျနော်တို့ ယှဉ်ပြိုင်ရတယ် ဆိုတော့ အင်မတန်မှ ခက်ခဲပါတယ်။

    မေး။ ။မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက မဲဆန္ဒနယ် (၄) နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ။

    ဖြေ။ ။ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ဒေသ (၄) နေရာမှာ ယှဉ်ပြိုင်ခဲ့တဲ့ အခြေအနေကတော့ မြောက်ဖက်ခြမ်းမှာဆိုရင် အခြေအနေမကောင်းဘူး။ဘာကြောင့်လည်းဆိုတော့ မွန်ဦးရေ နည်းလို့ပါဘဲ။ အခု ကျနော် ယှဉ်ပြိုင်တဲ့ တောင်ဖက်ခြမ်းမှာက အခြေအနေကောင်းပါတယ်၊ မွန်လူမျိုးတွေက ကျနော်တို့ ပါတီ ကိုယ်စားလှယ်လောင်းတွေကိုဘဲ မဲပေးကြတယ်။ သိရသလောက်တော့ ကျနော် အရွေးခံရတယ်ဆိုတာ သေချာသွားပြီ။

    မေး။ ။ ဒေါက်တာနိုင်ဦးအနေနဲ့ အခုလို နေရာဟောင်းမှာဘဲ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အဖြစ်နဲ့ ဒုတိယ အကြိမ် ထပ်မံ ရွေးချယ်ခံရတယ်ဆိုတော့ မဲဆန္ဒရှင်တွေကို ဘာများပြောချင် ပါသလဲ။

    ဖြေ။ ။ကျနော်ပြောခဲ့သလိုဘဲ ၂၀၁၅ ရွေးကောက်ပွဲဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ လုံးဝ မတူဘူး။ ကျနော်တို့နှင့်အတူ ကျနော်တို့ကို အားပေးထောက်ခံကြတဲ့ ပြည်သူများပါ အများကြီး ကြိုးစားကြရပြီး အခုလို နိုင်ခဲ့တာကို အများကြီး အများကြီး ကျေးဇူးတင်စကား ပြောချင်ပါတယ်။ ပြည်သူတွေအနေဖြင့် မျိုးချစ်စိတ်နဲ့ လှုိက်လှုဲထက်သန်တဲ့ စေတနာနဲ့ အပင်ပန်းခံ ကြိုးပမ်းခဲ့ကြတာကို တွေ့ရတယ်။ မွန်လူငယ်အသင်းကိုရော မွန်လူကြီးများကိုရော ကျနော်တို့မွန်လူထုများကိုပါ ကျနော်လေးလေးနက်နက် ကျေးဇူးတင်ပါတယ်။ ရွှေ့လျားဖြေဖျော်ပေးတတဲ့ မွန်ဂီတနုပညာရှင်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့ နှစ်ကြိမ်လာပြီး ဝိုင်းဝန်း မဲဆွယ်ပေးတာကို ကျနော်တို့ အများကြီးကျေးဇူးတင်ပါတယ်။ တစ်ခုကတော့ တချို့ဒေသတွေမှာဆိုရင် ကျနော်တို့မွန်လူမျိုးကို ဦးဆောင်မှုပြုနေတဲ့၊ ကျနော်တို့ခေါင်းဆောင်ဖြစ်တဲ့ မွန်သံဃာတော်တွေလည်း ကျေးဇူးတင်ပါတယ်။ အခုလို မဲအောင်နိုင်ခြင်းဟာ ကျနော်တို့အတွက်သာမဟုတ် တစ်မျိုးသားလုံးရဲ့ အောင်ပွဲဘဲလို့ ကျနော်တို့ ခံယူပါတယ်။

    မေး။ ။ ရွေးကောက်ပွဲအခြေအနေကို သုံးသပ်မည်ဆိုပါက NLD ပါတီအနေဖြင့် မဲဆန္ဒနယ် အများအပြားမှာ အောင်နိုင်ခဲ့တယ်ဆိုတော့ အနာဂတ် နိုင်ငံရေး အခြေအနေအတွက် ဒေါက်တာ အောင်နိုင်ဦးအနေနဲ့ ဘယ်လိုမြင်ပါသလဲ၊ နောက်တစ်ခုက မွန်ပြည်နယ်မှာ မွန်ကိုယ်စားလှယ် နည်းနေတယ်ဆိုတော့ ဘယ်လိုဖြစ်လာ နိုင်မလဲ။

    ဖြေ။ ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ကြည့်ရင် NLD ပါတီအနေနဲ့ မဲအပြတ်အသတ် နိုင်ထားတယ်ဆိုတော့ မြန်မာပြည် ပြောင်းလဲရေးအတွက် အခြေအနေ ကောင်းလာမယ်လို့ ပြောလို့ရပါတယ်။ သို့သော် တိုင်းရင်းသား လူမျိုးများအပေါ် ၎င်းတို့ရဲ့ သဘောထား ၊ အကျိုးစီးပွား အချက်အလက်ချမှတ်မှု၊ အပေးအယူ လုပ်ဆောင်မှု ဘယ်လို ရှိနိုင်မလဲ ဆိုတာ သဲသဲကွဲကွဲ မရှိသေးဘူး။ ကျနော်တို့လူမျိုးအပေါ် ဘယ်လို သဘောထားသလဲ ဆိုတာ ကိုလည်း ခန့်မှန်လို့ မရသေးဘူး။ သေချာတာတစ်ခုက သူတို့က အပြတ်အသတ် နိုင်ထားတယ်၊ ကျနော်တို့မွန်ပါတီ ကိုယ်စားလှယ်က အင်မတန် နည်းနေတယ် ဆိုတော့ တိုက်ပွဲဝင်ရမည့် အခြေအနေက အင်အားချိနဲ့နေတယ်။ဒါက မိမိတို့အားနည်းချက်ဘဲ။ ဒါ့ကြောင့် လက်ရှိအဖြစ်အပျက်ကို သုံးသပ်ပြီး နောင်တ ရသင့်တယ်၊ သင်္ခန်းစာယူသင့်တယ်၊ ဘယ်အချိန်ပြိုင်ပြိုင် အမြဲတမ်း အရှုံးနဲ့သာ ရင်ဆိုင်ရမည်ဆိုပါက မွန်လူမျိုးတို့ရဲ့ အနာဂတ်ဟာ တင့်တယ်မှာ မဟုတ်ဘူးလို့ မြင်ပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts