spot_img
Friday, March 29, 2024
More
    spot_img
    Homeမေးမြန်းချက်လူငယ်တွေကို ဒုက္ခပေးနေသော မူးယစ်ဆေးဝါးကိစ္စများ လွှတ်တော်သို့အရင်တင်မည်

    လူငယ်တွေကို ဒုက္ခပေးနေသော မူးယစ်ဆေးဝါးကိစ္စများ လွှတ်တော်သို့အရင်တင်မည်

    -

    အမျိုးသားလွှတ်တော်အမတ် ဦးမျိုးဝင်း(IMNA)
    အမျိုးသားလွှတ်တော်အမတ် ဦးမျိုးဝင်း(IMNA)

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ
    “ ကျွန်တော်တို့မှာ အခုလောလောဆယ် ဆိုးနေတာက မူးယစ်ဆေးဝါး၊ ဆေးပြားကိစ္စတွေပဲ။ ဒါက ဥပမာ ကျွန်တော်ပြောတာပေါ့နော်။ ဟိုရောက်ရင် ဘယ်ဟာသည် အရေးအကြီးဆုံး Issue လဲဆိုတာ ကျွန်တော်တို့ ဆွေးနွေးရဦးမယ်လေ။ အဲဒါပြီးမှ ကျွန်တော်တို့တဆင့်ပြီးတဆင့် သွားရမယ်ပေါ့။ ကျွန်တော့်အမြင်ကတော့ လောလောဆယ် ကျွန်တော်တို့ရဲ့ နောက်ကွယ်မှာ လူငယ်တွေကို အဓိက ဒုက္ခပေးနေတဲ့ မူးယစ်ဆေးဝါး ပြဿနာကို တင်သွင်းဖို့ရှိတယ်”ဟု မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၈ မှ အနိုင်ရရှိသွားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမျိုးဝင်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

    မေး။ ။ စည်းရုံးရေးဆင်းတဲ့အခါမှာ ဘာအခက်အခဲတွေနဲ့ ကြုံတွေခဲ့ရပါသလဲ။

    ဖြေ။ ။ အခက်အခဲ ကြီးကြီးမားမား မရှိပါဘူး။ ဒီ ရေးမြို့နယ်တောင်ပိုင်းမှာ ၁၉၉၀ ရွေးကောက်ပွဲ တုန်းကလည်း ဒေါက်တာဦးကြင်သိန်းရဲ့ရွေးကောက်ပွဲကိုယ်စားလှယ်လုပ်ဖူးပါတဲ့အတွေ့အကြုံရှိတယ်။ ပထမကျွန်တော်တို့ စိတ်ကူးတာက အထူးသဖြင့် မွန်တိုင်းရင်းသားကျေးရွာတွေပေါ့။ အဲဒီကျေးရွာတွေ ကိုရောက်တဲ့အခါကျတော့ မွန်တွေဆီကို ကျွန်တော်တို့ ဘာကို ပြောရသလဲဆိုရင် ကျွန်တော်တို့ပါတီ ဟာ ဗမာပါတီ မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း မွန်ပါပဲဆိုတာကို ပြောရတယ်။ ကိုယ်ကြိုက်နှစ် သက်တဲ့ ပါတီကို မဲပေးနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံလုံးရဲ့ အရွေ့တစ်ခုကို လိုချင်ရင်တော့ တစ်နိုင်ငံလုံးမှာ အားရှိတဲ့ပါတီကို မဲပေးကြဖို့ အဲဒါတွေကိုပဲ ကျွန်တော်တို့ အဓိကထား တိုက်တွန်း ခဲ့ပါတယ်။

    မေး။ ။ ၂၀၁၄ ခုနှစ်မှာ အံဒင်ကျောက်မီးသွေးစက်ရုံနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် လှုပ်ရှားခဲ့တယ် ပေါ့နော်။ အဲဒီလှုပ်ရှားလာခဲ့တဲ့ အလုပ်တစ်ခုကို လွှတ်တော်ထဲ ရောက်ခဲ့ရင် ဆက်ပြီး ပြောဆိုတင်ပြ ဆွေးနွေးသွားဖို့ ရှိပါသလား။

    ဖြေ။ ။ ကျွန်တော် ဒီဟာကို လုပ်မှာ အသေအချာပဲပေါ့။ ကျောက်မီးသွေးဟာ ကျွန်တော်တို့ နိုင်ငံရဲ့ရှေ့ရေးကို ပြန်ကြည့်ရင် မကောင်းဘူးလို့ပဲ ကျွန်တော်ယူဆတယ်။ ဘာကြောင့်လည်းဆို ဒီမှာ မဂ္ဂါဝပ် ထောင်ချီထုတ်မယ့် စက်ရုံတွေကို လာတည်လိုက်ရင် ကျွန်တော်တို့မှာ ပင်လယ်နဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ၊ ခြံလုပ်ငန်းတွေ ကျွန်တော်တို့ ဒေသမှာ အနည်းနဲ့ အများ မဟုတ်ဘူး။ အများကြီးကို ထိခိုက်မှာပဲ။ ဒါ့ကြောင့် လွှတ်တော်ထဲ ရောက်ရင်လည်းပဲ ဒီကိစ္စကို လုပ်ဖို့ ရှိတယ်။ ဒီဟာကြီးက ကျွန်တော်တို့ ဒေသအတွက် ဖြစ်ကို မဖြစ်သင့်ဘူးလို့ ယူဆထားတဲ့အတွက်ကြောင့် အသေအချာပဲ ဒီအံဒင် Issue ကြီးကို တတ်နိုင်သလောက် ကျွန်တော်တို့ ရပ်တန့်အောင် တစ်နည်းအားဖြင့် လုံးဝဖျက်သိမ်းအောင် အဲဒီအဆင့်ထိ ကျွန်တော် စဉ်းစားထားပါတယ်။ ဒါပေမဲ့ လက်မှတ်ထိုးထားတဲ့ MOU က ဘယ်လိုအပေးအယူတွေနဲ့ ဘယ်လိုထိုးထားခဲ့သလဲဆိုတာကို တိတိကျကျ မသိတဲ့အခါကျတော့ ယတိပြတ်ပြောဖို့တော့ နည်းနည်းလေး စောသေးတယ်။

    မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲမှာ ရေးမြို့နယ်မှာဆိုရင် NLD ပါတီရယ်၊ မွန်အမျိုးသားပါတီရယ် အနိုင်ရခဲ့တယ်ပေါ့နော်။ ဒီလိုပါတီမတူဘဲနဲ့ ရေးမြို့နယ်အကျိုးအတွက် လွှတ်တော်တွင်းမှာရော၊ လွှတ်တော်ပြင်ပမှာရော တွေ့ဆုံကြပြီး ပူးပေါင်းလုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါသလား။

    ဖြေ။ ။ အပေါ်ကိုတော့ ကျွန်တော် မတင်ပြရသေးဘူး။ ကျွန်တော့်တစ်ကိုယ်တည်း စိတ်ကူးကတော့ ကျွန်တော်တို့ အရွေးချယ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ၅ ဦးပေါ့နော်။ မြောက်ပိုင်းမှာ မွန်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ ကျွန်တော်တို့ NLD က တောင်ပိုင်း ၂ ဦးနဲ့ ပြည်သူ့လွှတ်တော်တစ်ဦးပေါ့။ ကျွန်တော်တို့ ပေါင်းပြီးတော့ ဖြစ်နိုင်ရင် ကျွန်တော်တို့ ရေးမြို့နယ်အတွင်းက မွန်လူထုတွေရော၊ တစ်ခြားတိုင်းရင်းသားလူထုတွေရော ယုံယုံကြည်ကြည်နဲ့ ကျွန်တော်တို့သည် အတူတကွ ပူးပေါင်းပြီးတော့ လက်တွဲလုပ်ဆောင်နိုင်သူတွေ ဖြစ်ပါတယ်ဆိုတာ လုပ်ချင်တဲ့ဆန္ဒ ရှိပါတယ်။ ပြည်သူလူထုနဲ့ လွှတ်တော်ကိုယ်စားလှယ် ၅ ဦး တွေ့ဆုံပွဲပေါ့။ ဒါပေမဲ့ အာဏာလွှဲပြောင်းတဲ့ အချိန်မရောက်သေးတော့ ဘယ်လိုအစီအစဉ် ရှိမလဲဆိုတာ ကျွန်တော်တို့ တင်ပြဖို့စောပါသေးတယ်။

    မေး။ ။ လွှတ်တော် ရောက်ရင် ဆရာ့အနေနဲ့ ပထမဆုံး အဆိုတင်သွင်းမယ်လို့ စဉ်းစားထားတဲ့ အကြောင်းအရာတစ်ခုကို ပြောပြပေးနိုင်မလား။

    ဖြေ။ ။ ကျွန်တော်တို့မှာ အခုလောလောဆယ် ဆိုးနေတာက မူးယစ်ဆေးဝါး၊ ဆေးပြားကိစ္စတွေပဲ။ ဒါက ဥပမာ ကျွန်တော်ပြောတာပေါ့နော်။ ဟိုရောက်ရင် ဘယ်ဟာသည် အရေးအကြီးဆုံး Issue လဲဆိုတာ ကျွန်တော်တို့ ဆွေးနွေးရဦးမယ်လေ။ အဲဒါပြီးမှ ကျွန်တော်တို့တဆင့်ပြီးတဆင့် သွားရမယ်ပေါ့။ ကျွန်တော့်အမြင်ကတော့ လောလောဆယ် ကျွန်တော်တို့ရဲ့ နောက်ကွယ်မှာ လူငယ်တွေကို အဓိကဒုက္ခပေးနေတဲ့ မူးယစ်ဆေးဝါး ပြဿနာကို တင်သွင်းဖို့ရှိတယ်။ နောက်တစ်ခုက ကျွန်တော်တို့ဒေသမှာ တစ်ခြားတစ်နယ်တစ်ကျေးက လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေ တော်တော် များတယ်။ တစ်ချို့နေရာတွေမှာဆို ရွှေ့ပြောင်းလုပ်သားတွေရဲ့ဘဝက အရောင်းစား ခံရတာတွေ ရှိတယ်။ ဒါတွေကိုလည်းပဲ ကျွန်တော်တို့ မေ့ထားလို့ မရဘူး။ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့အတိုင်းအတာ ပေါ့။

    မေး။ ။ တကယ်လို့ အခြေအနေတစ်ခုခုကြောင့် အစိုးရဟောင်းသက်တမ်း ဆက်ရှိနေဦးမယ်ဆိုရင် ဆရာအနေနဲ့ ဘယ်လိုရှုမြင်ပါသလဲ။

    ဖြေ။ ။ အဲဒီလို ဖြစ်တာနဲ့ ဖွဲ့စည်းပုံကို ချိုးဖောက်တာ ဖြစ်ပြီ။ ၂၀၀၈ ဖွဲ့စည်းပုံမှာ အတိအကျ ရေးထားတယ်။ ၁၉၉၀ နဲ့ မတူဘူး။ ၁၉၉၀ က စစ်အာဏာသိမ်းထားတဲ့အုပ်စုက လုပ်တာဖြစ်တယ်။ ၂၀၁၅ က ဒီမိုကရေစီ အစိုးရတစ်ရပ်က ဖွဲ့စည်းပုံရော၊ အာဏာလွှဲချိန်ရောအတိအကျကို ရေးဆွဲထားတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်။ အဲဒီလို အခြေအနေချင်း မတူတဲ့အခါကျတော့ ဖွဲ့စည်းပုံအောက်မှာပဲ သူ့ဟာနဲ့သူ သွားမယ်လို့တော့ထင်ပါတယ်။

    မေး။ ။ ဆရာ့ကို မဲပေး ရွေးချယ်ခဲ့တဲ့ ပြည်သူတွေကို ဘာများ ပြောချင်ပါသလဲ။

    ဖြေ။ ။ ဒီမဲပေးတဲ့ကိစ္စမှာ ပြည်သူတွေ တာဝန်ကျေတယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ ကျန်တဲ့ ဆက်လုပ်ရမယ့်အပိုင်းက ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အပိုင်း ဖြစ်သွားပြီ။ မဲဆန္ဒပေးတာက ကျွန်တော့်ကို ပေးတာထက်ကို ဒေါ်အောင်ဆန်းစုကြည်ကို တခဲနက် မဲပေးကြတာပဲလို့ ခံယူပါတယ်။ ကျွန်တော်တို့ရဲ့ နောက်ဆုံးရထားကြီးနဲ့ အမီလိုက်နေတဲ့ ပြည်သူတွေကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ။

    ကိုယ်စားလှယ် အချက်အလက်
    အမည်။ ။ ဦးမျိုးဝင်း
    ပညာအရည်အချင်း။ ။ B.Sc (Chem)
    အလုပ်အကိုင်။ ။ ရာဘာခြံလုပ်ငန်း
    နေရပ်။ ။ ရန်ကြီးအောင်ရပ်ကွက်၊ ရေးမြို့၊ မွန်ပြည်နယ်
    အမိအမည်။ ။ ဒေါ်ညွန့် (ဗုဒ္ဓ)
    အဖအမည်။ ။ ဦးဖိုးလှိုင် (ဗုဒ္ဓ)
    ပါတီ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
    လွှတ်တော်။ ။ အမျိုးသားလွှတ်တော်၊ မွန်ပြည်နယ်၊ ရေးမြို့နယ် မဲဆန္ဒနယ် အမှတ် ၈
    လူမျိုး။ ။ မွန်
    ကိုးကွယ်သည့်ဘာသာ။ ။ ဗုဒ္ဓ
    ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပြည်နယ် (ရေးမြို့နယ်) အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၈) ၌ ကိုယ်စားလှယ်လောင်း (၆) ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်သူ ဦးမျိုးဝင်းသည် မဲအရေအတွက် ၂၀၀၇ရမဲ အသာရကာ ရွေးကောက်ခံရသူတစ်ဦး ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts