မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / သိမ်းဆည်းခံခြံမြေတွေ မူလပိုင်ရှင်ဆီပြန်မရောက်ပေ

သိမ်းဆည်းခံခြံမြေတွေ မူလပိုင်ရှင်ဆီပြန်မရောက်ပေ

ရေးသားသူ: >
တပ်သိမ်းမြေ(Internet)
တပ်သိမ်းမြေ(Internet)
ဝဏ္ဏမာန် – ပြီးခဲ့တဲ ကာလတုန်းက စစ်အာဏာရှင် လက်အောက်မှာ လယ်ယာ ခြံမြေများ မတရား အသိမ်းခံရကာ ယနေ့အထိ စစ်တပ်တစ်တပ်ရဲ့ မြေယာသိမ်းပိုက်မှုကို ခံခဲ့ရသော ခြံပိုင်ရှင် တစ်ဦးက ငိုရှုိက်သံနဲ့ “ ငါ့ခြံ ငါ့ကိုပြန်ပေး၊ ငါ့မှာ လုပ်စားစရာ ဘာမှမရှိတော့

ဘူး၊ငါ့ခြံ ငါ့ကိုပြန်ပေး ကြပါ” ဟု နံနက်မိုးလင်းတိုင်း တစ်ယောက်တည်း အိမ်ကပြင်မှာထိုင်ကာ ရှုိက်သံနဲ့ သူရူးတစ်ယောက်ပမာ တစာစာ ပူဆွေးနေဆဲပါ။

၎င်းသည် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာမှ အသက် (၇၀) ရှိပြီးဖြစ်သော လယ်သမား နိုင်ထွန်းသီ ဖြစ်သည်။ ၎င်း၏ရော်ဘာခြံကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ အခြေစိုက် အမှတ် (၃၁၅) အမြှောက်တပ် တပ်ရင်းက သိမ်းပိုက်လိုက်သောကြောင့် နိုင်ထွန်းသီရဲ့ ဘဝဟာ ထိုအခြေအနေသို့ ရောက်ခဲ့ရပါတယ်။ ထိုအပြင် လူအယောက် (၄၀) ကျော်ကျော်တို့ရဲ့ ရော်ဘာခြံ ဧကပေါင်း (၄၀၀) ကျော်ကျော် သည်လည်း သိမ်းပိုက်ခံခဲ့ရပါတယ်။

၂၀၀၀ ခုနှစ်မှ ၂၀၀၃ အထိ ဝယ်ကလီ တပ်မတော် တန်းမြင့်လေ့ကျင့်ရေး စစ်သင်တန်းကျောင်း အပါအဝင် သံဖြူဇရပ်မြို့နယ်မှ ရေးမြို့နယ် တစ်လျှောက် စစ်တပ်က သိမ်းပိုက်လိုက်တဲ့ မြေဧကပေါင်း (၈၀၀၀) ခန့် ရှိကြောင်းမွန်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM ရဲ့ ၂၀၁၃ ခုနှစ် ‘No Land to Farm’ (စိုက်ပျိုးစရာမြေမရှိပြီ) အမည်ရှိ အစီရင်ခံစာတွင် ပေါ်ပြထားပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးတဲ့နောက်ပိုင် စစ်အစိုးရ လက်ထက်သိမ်းပိုက ခံခဲ့ရတဲ့ မြေတွေကို မွန်လွှတ်တော် ကိုယ်စားလှယ်တို့၏ တွန်းအားကြောင့် မွန်တောင်သူ လယ်သမားများက မိမိတို့လယ်ယာမြေ ပြန်လည်ရရှိရေးကို ထပ်မံတောင်းဆိုလာကြတာပါ။

အသိမ်းခံ မြေယာတောင်းဆိုရေးကိစ္စ ပြန်လည်ဦးမော့လာသောကြောင့် ၂၀၁၂ ခုနှစ် သြဂုတ်လတွင် သမ္မတ ဦးသိန်းစိန် အစိုးရက “လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်”ကို ဖွဲ့စည်းပေးခဲ့တယ်။

ကော်မရှင်၏ လုပ်ငန်းစဉ်တွေက (၁) စုံစမ်းရေး (၂) သုံးသပ်ရေး (၃) အကြံပြုရေး များပင် ဖြစ်တယ်။ အသိမ်းခံ လယ်ယာမြေနှင့် ခြံမြေများကိစ္စ အကောင်အထည်ဖေါ် ဆောင်ရွက်နေစဉ် ကော်မရှင် စဖွဲ့သည့် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ဖေဖေါ်ဝါရီ (၂၅) ရက်နေ့အထိ အကြောင်းပြချက်မရှိဘဲ လယ်ယာမြေသိမ်းပိုက်မှု တိုင်ကြားစာ အမှုတွဲပေါင်း (၁၃၆၃၂) လက္ခံရရှိထားတဲ့အကြောင်း စုံစမ်းရေးကော်မရှင်မှ သက်ဆိုင်ရာသို့ တင်ပြထားသော်လည်း ဆောင်ရွက်နိုင်ခြင်း မရှိပါ။ သိမ်းဆည်း လယ်ယာမြေများကို တောင်သူ လယ်သမားများထံ ပြန်လည်လွှဲပြောင်းပေးမယ်လို့ သတင်းထုတ်ထားပေမယ့််လည်း ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တာ အင်မတန် နည်းပါးနေပါတယ်။

မွန်ဒေသအတွင်းရှိ အသိမ်းပိုက်ခံ လယ်ယာမြေ ကိစ္စကို မွန်တောင်သူ လယ်သမားများက မွန်လွှတ်တော် ကိုယ်စားလှယ်များကိုသာ အားကိုးလာကြသလို မွန်လွှတ်တော် ကိုယ်စားလှယ် တွေကလည်း ၎င်းတို့ စွမ်းဆောင်နိုင်သမျှ လွှတ်တော် အဆင့်ဆင့်သို့ တင်သွင်းခြင်းနှင့် တင်ပြလွှာကိစ္စ မည်သို့မည်ပုံ လုပ်ဆောင်ရမည်ကို ဝိုင်းဝန်းဆောင်ရွက်ပေးကြပါတယ်။ သို့သော် အုပ်ချုပ်ရေးပိုင်းက အရေးမထား လယ်ယာသိမ်းပိုက်ထား တပ်တွေကလည်း အရေးမလုပ်ဘဲ တိတ်ဆိတ်နေကြဆဲပင်။

ပြန်လည် ရနိုင်ခြေရှိတဲ့ မြေယာများ ရှိနေသော်လည်း ယနေ့ထိ အကောင်အထည် မပေါ်သေးပေ။ အသိမ်းပိုက်ခံခဲ့ရသော မြေယာများသည် များသောအားဖြင့် အစိုးရ တပ်ဖွဲ့တွေ အခြေစိုက်ထားတာကြောင့် မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ဖို့က လွယ်ကူမည်မဟုတ်ပါ။

               လူမှုရေးနှင့် အသက်မွေးဝမ်းကျောင်းမှုအပေါ် အကျိုးသက်ရောက်မှု

(က) မိသားစုအပေါ် ရိုက်ခတ်မှုအခြေနေ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ အမှတ် (၃၁၅) အမြှောက်တပ်ရင်း သိမ်းပိုက်ခဲ့တဲ့ မြေယာများတွင် အသိမ်းပိုက်ခံ ပငကျေးရွာ၊ ဝယ်ကလီကျေးရွာ၊ ဝါရက်ကျေးရွာများမှ ခြံပိုင်ရှင် အယောက် (၄၀)ကျော်တို့၏ ခြံမြေများ ဆုံးရှုံးခဲ့ရပြီး အလုပ်လက်မဲ့ဖြစ်ကာ ထိုင်းနိုင်ငံအတွင်း ရွေ့ပြောင်းဝင်ရောက် လုပ်ကိုင်ကြရပါတယ်။

မိမိတို့ လုပ်ကိုင် စားသောက်ရမည့် ခြံများဆုံးရှုံးသွားသဖြင့် လူငယ်နှင့် လူလတ်ပိုင်များ ရွာမှထွက်ကာ ထိုင်းနိုင်ငံသို့ အလုပ် သွားလုပ်ကြသောကြောင့် ရွာမှာ ကျန်ရှိနေသော သက်ကြီးရွယ်အိုများ အလုပ်လက်မဲ့များ ဖြစ်ကြပြီး ၎င်းတို့ စားဝတ်နေရေးအတွက် ထိုင်းမှ ပေးပို့မည့် သားသမီးတို့၏ ဝင်ငွေများကို တခေါ်ခေါ်နှင့် အိမ်မှာမျှော်နေကြရရှာတယ်။

(ခ) စီးပွားရေးအပေါ် ရိုက်ခတ်မှု

သိမ်းဆည်းခံရသော ခြံပိုင်ရှင်များသည် သာမန်လူတန်းစာအဆင့်သာဖြစ်တယ်။ ချမ်းသာကြွယ်ဝမှု မရှိပါ။ ယခင်စျေးနှုန်းနှင့် မြေကွက်ဝယ်ယူကာ ရော်ဘာစိုက်ပျိုး လုပ်ကိုင်ခဲ့ကြပြီး တချို့သော ခြံတွေဟာ ခြံလုပ်သားငှားခနှင့် ဓါတ်မြေသြဇာ ကျွေးဖို့အတွက် အတိုးနဲ့ငွေချေးယူပြီး လုပ်ကိုင်တာလည်းရှိခဲ့တယ်။ ရော်ဘာထွက်ချိန်ရောက်တော့ စစ်တပ်ကို အခွန်ပေးရသည့်အတွက် အရင်လည်းမရ ချေးငွေကိစ္စလည်း ပြဿနာတက် သည်လို အခက်အခဲ ကြုံနေရတဲ့ကြားက ခြံပါသိမ်းဆည်းခံရပြန်တော့ ဘာမှမကျန်းတော့တဲ့ဘဝမှာ အကြွေးဆပ်ဖို့အတွက် ရုန်းကန်ရပြန်ပါတယ်။

(ဂ) အမြှောက်တပ် တစ်တပ်၏ နှစ်စဉ်ဝင်ငွေ

၂၀၀၇-၈ ခုနှစ်မှစပြီး စစ်တပ်မှ အခွန်စတင်ကောက်ခံခဲ့ရာ တစ်လလျင် ရော်ဘာတစ်ပင်ကို ၂၅၀ ကျပ်နှုန်းနှင့် တစ်နှစ်မှာ (၂) ခါသွင်းရပါတယ်။ ထိုနှစ်မှစပြီး ၂၀၁၂-၁၃ အပြီးအပိုင် သိမ်းဆည်းတဲ့နှစ် ရောက်တော့ တစ်လလျင် တစ်ပင်ကို ၄၀၀ ကျပ်နှုန်းနှင့် ပေးသွင်းရပြန်တယ်။ ၎င်းတပ်၏ ဝန်းကျင်တွင် ခြံမြေဧရိယာ (၄၈၀) ဧက ရှိပြီး ခြံပိုင်ရှင်က (၆၅) ဦးရှိတယ်။ တစ်နှစ်စာအတွက် အကြမ်းအားဖြင့် တွက်လျင် တစ်ဧကတွင် အနည်းဆုံး အပင် (၂၅၀) ၊ တစ်ပင်ကို ၄၀၀ ကျပ်နှုန်း၊ ဧကပေါင်းက ၄၈၀ ဆိုတော့ (၂၅၀×၄၀၀×၄၈၀=၄၈ ၀၀၀ ၀၀ဝိ) တနှစ်မှာ အနည်းဆုံ တပ်တွင်း ဝင်ငွေက ကျပ်ငွေ ၄၈ သန်းခန့်ရှိပါသည်။(တစ်ဧက အပင် အနည်းဆုံးနှုန်းဖြင့် တွက်ချက်ထား)။

(ဃ) ရော်ဘာခြံ၏တန်ဖိုး

ခြံမြေများကို စစ်တပ်က သိမ်းဆည်းချိန်တွင် တပ်ဝန်းကျင်ခြံ တစ်ဧကမှာ အပင် ၂၅၀ မှ ၃၀၀ အထိ ရှိပြီး ကာလတန်ဖိုးမှာ သိန်း (၂၀၀) ဝန်းကျင်ခန့်ရှိပါတယ် များသောအားဖြင့် အပင်သက်တမ်း ၁၀ နှစ် အထက်ရှိပြီး အားလုံး အစေးလှီးခြစ်ရသော အပင်၊ ခြံအရွယ်အစားက အပင် ၇၀၀ ရှိသောခြံ၊ ၁၀၀၀ ရှိသောခြံ၊ ၂၀၀၀ ရှိသောခြံ စသည်ဖြင့် အရွယ်အစား မတူညီကြပါ။ များသောအားဖြင့် ငယ်သောခြံက များပါတယ်။ မည်သို့ဆိုစေကာမူ ခြံမြေတစ်ဧကကို သိန်း ၂၀၀ နှုန်းနှင့်တွက်လျင် (ဧက ၄၈၀ ကို ကျပ် သိန်း ၂၀၀ နှင့်မြှောက်လျင် ကျပ် သန်းကိုးရာခြောက်ဆယ် (၉,၆၀၀,၀၀၀,၀၀၀) တန်ဖိုး ရှိပါတယ်။

စစ်တပ်က လယ်ယာမြေဆက်လက်သိမ်းဆည်းထား

သိမ်းဆည်းခံရသော ခြံပိုင်ရှင်များသည် ၎င်းတို့၏မြေ ပြန်လည်ရနိုင်ခြေ မရှိသောကြောင့် အလုပ်လက်မဲ့ဖြစ်ကာ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ကြသလို စိတ်ဆင်းရဲဒဏ်းကြောင့် သူရူးပမာကဲ့သို့ ဘဝပျက်သွာသော နိုင်ထွန်းသီ ရဲ့ အဖြစ်ဟာလည်း ရင်နာစွာ တွေ့မြင်ရပါတယ်။

၂၀၁၄ ပြည်ထောင်စုနေ့ ညစာ စားပွဲတွင် ကာ/ချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှုိင်က “တပ်မတော်သိမ်းဆည်းထားတဲ့မြေတွေမှာ မလိုအပ်တဲ့နေရာတွေကို ပိုင်ရှင်ထံ ပြန်လည်လွှဲပြောင်းပေးမည်”ဟု ပြောခဲ့ပါတယ်။(မှီငြမ်း-ငြိမ်းချမ်းရေးနှင့် မြေယာပြဿနာများ-၂၀၁၅/ဇန်နဝါရီ ၂၈)။

မွန်ပြည်သူလူထုထံမှ စစ်တပ် သိမ်းဆည်းလိုက်သော မြေယာကိစ္စကို မွန်အမတ်များ၏ တွန်းအားဖြင့် တိုင်ကြားစာ ဆက်တိုက်တက်နေသောကြောင့် သိမ်းဆည်းထားတဲ့မြေများ တရားဝင်ဖြစ်အောင် စစ်တပ်မှ ကြိုးစားလာပြန်တယ်။ ထို့ကြောင့် ထိုမြေများသည် တပ်တည်ဆောက်ရန်အတွက် လူထုမှ လှူဒါန်းသောမြေအဖြစ် လုပ်ဆောင်ရန် ခြံပိုင်ရှင်များကို ခေါ်ပြီး အတင်းလက်မှတ် ထိုးခိုင်ခဲ့ပါတယ်။

“ကျေးရွာအုပ်ချုပ်ရေးမှ ကျမတိို့ကိုလာပြောတော့ ကိုယ့်ခြံ ကိုယ်ပြန်ရမယ်လို့ ထင်ထားတာ။ ကျမတို့ တင်ပြထားလည်း မနည်းတော့ဘူးလေး။ ဒါပေမဲ့ တပ်ကိုရောက်တော့ ကိုယ့်ခြံ သူတို့ကိုပေးဖို့ လက်မှတ် အတင်းထိုးခိုင်တော့တာဘဲ။ ကျမ မထိုးတော့ သူတို့ ကျမကို တပ်ထဲမှာ ၃/၄ နာရီလောက် ထိန်းထားတယ်” ဟု အမှတ် (၃၁၅) အမြောက်တပ်ရင်း သိမ်းဆည်းလိုက်သော ခြံပိုင်ရှင် မိကြူ က ပြောပြပါတယ်။

မွန်အမတ်များမှ အဆင့်ဆင့် တင်ပြမှုကြောင့် တရားဝင်မြေဖြစ်အောင် လွန်ခဲ့တဲ့နှစ်က ခြံပိုင်ရှင်များကို လက်မှတ် အတင်းထိုးခိုင်ခဲ့ပါတယ်။ “သည်နှစ် တစ်နှစ်ထဲမှာပင် ကျနော်တို့ တိုင်ကြားစာတင်တာ (၄) ကြိမ်ရှိပါပြီး။ ဘာမှလည်း မထူးဘူး။ ခြံပိုင်ရှင်တွေကလည်း အခြေအနေ သိချင်လို့ ခဏ ခဏ လာမေးတယ် ကျနော်လည်း ရှင်းပြမနိုင်တော့ဘူး” ဟု ဝယ်ကလီရွာမှ သိမ်းဆည်းခံ ခြံမြေများကိစ္စ ဆောင်ရွက်ပေးနေသော နိုင်ဂု ကပြောပါတယ်။

၂၀၀၃ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ အမှတ် (၃၁၅) အမြှောက်တပ်ရင်းနှင့် သံဖြူဇရပ်မြို့နယ် ဝယ်ကလီရှိ တန်းမြင့် လေ့ကျင့်ရေးတပ်တို့ သိမ်းဆည်းထားသော မြေဧရိယာသည် ဧက (၂၀၀၀) ခန့်ရှိနိုင်တယ်လို့ HURFOM အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

မွန်ပြည်နယ်လွှတ်တော်ကိုယ်စာလှယ် နိုင် အောင်နိုင်ဦးက “လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း မော်လမြိုင်မြို့ကိုရောက်တုန်းက သူပြောသွားတာက သံဖြူဇရပ်နယ်မှာ အမှတ် (၃၁) တပ်ရင်းမှလွဲ၍ မည်သည့်တပ်မှ ပြည်သူလူထု၏ မြေယာများကို သိမ်းဆည်းထားတာမရှိဘူး၊ ရှိရင် တင်ပြပါ ဟုပြောတဲ့စကားက လူသူကြားမှာ ဗြောင်လိမ်တဲ့စကားဘဲ၊ လက္ခံနိုင်စရာ အကြောင်းမရှိပါ၊ ဒါကြောင့် ကျနော်တို့က အခြားလွှတ်တော်ကိုယ်စာလှယ်တွေနဲ့ ပူးပေါင်းကာ တစ်လျှောက်လုံး တင်ပြလာခဲ့ကြတယ်၊ ဒါပေမဲ့ စစ်တပ်ဖက်မှ ဘာမှအရေးမလုပ်ဘူး” လို့ ပြောပါတယ်။

သံဖြူဇရပ်မြို့နယ်မှာရှိတဲ့ အမှတ် (၃၁၅) အမြှောက်တပ်ရင်း သိမ်းဆည်းထားတဲ့ ခြံမြေများကို ယခုအခါ အမြောက်တပ်က အခြားသူတွေကို တဆင့်ပြန်လည်ရောင်းချလိုက်ပြီး အပင်သစ်တွေနဲ့ အစားထိုး စိုက်ပျိုးထားတာ တွေ့ရပါတယ်။ “ကျနော်တို့ အသိမ်းဆည်းခံ ခြံမြေ အကုန်လုံးမှာ ယခုဆိုရင် ခြံပိုင်ရှင် အသစ်တွေဖြစ်ပြီး အပင်တွေကလည်း အပင်သစ်တွေဘဲဖြစ်နေပါတယ်။ ကိုယ့်ခြံကို ကိုယ်ပြန်မြင်တော့ ရင်နာစရာဖြစ်ခဲ့ရတယ်” ဟု ခြံမြေသိမ်းဆည်းခံရသူ ပငရွာမှ နိုင်သန်းထိုက်က ဆိုပါတယ်။

သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်ပြီး စုံးစမ်းစစ်ဆေးရေးကော်မရှင်က အကောင်အထည် ဖေါ်ရာမှာ နှေးကွေးနေသောကြောင့် လွန်ခဲ့တဲ့နှစ်တုန်းက မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ သို့ ပြန်လည်လွှဲအပ်ကာ မိမိတို့မြို့နယ်အလိုက် ဆက်လက်ဆောင်ရွက်သွားရန် တာဝန်ပေးအပ်ခဲ့ပါတယ်။

သို့သော် မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့သည်လည်း တရားမျှတမှုမရှိပေ။ သိမ်းဆည်းမြေယာကိစ္စကို ဖြေရှင်းသည့်အခါ သက်ဆိုင်ရာဒေသမှ လွှတ်တော်ကိုယ်စားလှယ်တွေနှင့် ပူးပေါင်းလုပ်ဆောင်ရန် နိုငံတော် သမ္မတမှ ညွှန်ကြားထားသော်လည်း လက်တွေ့အကောင်အထည် ဖေါ်သည့်အခါ သက်ဆိုင်ရာဒေသမှ လွှတ်တော်ကိုယ်စားလှယ်မပါဘဲ ဖြေရှင်သည်အတွက်ကြောင့် ခြံပိုင်ရှင်ဟောင်းနှင့် ပိုင်ရှင်သစ်တို့ကြား ပြဿနာ တက်ခဲ့ကြပါတယ်။

၎င်းလုပ်ရပ်သည် တရားမျှတမှုမရှိတဲ့အတွက် မွန်အမတ်များက မကျေနပ်ကြပေ။ ခြံပိုင်ရှင်ဟောင်းများသည် ၎င်းတို့၏ခြံမြေနှင့်ပတ်သက်ပြီး အသိမှတ်ပြုခံရမှု လုံးဝမရှိတာမို့ လက်ရှိ အစိုးရ လက်ထက်မှာ မြေယာသိမ်းဆည်းမှုပြဿနာ ညိမ်သက်နေသလို ထင်ရပေမယ့် နောင်တက်လာမယ့် အစိုးရသစ်လက်ထက်ရောက်ရင် ခြံမြေသိမ်းဆည်းခံရသော လူထုနှင့် အစိုးရသစ်တို့ သည် ထိုပြဿနာကို ဆက်လက်ဖြေရှင်းရဦးမှာ မြေကြီးလက်ခတ်မလွဲပေ။

About မွန်သတင်းအေဂျင်စီ

Check Also

NCA ကို ပြန်လည်သုံးသပ်ဖို့လိုပြီ

တိုင်းရင်းသားလက်နက်ကိုင်များအနေနှင့် ကနဦးကာလ၌ လက်နက်စွန့်ရန်မလိုဘဲ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် Nationwide Ceasefire Agreement- NCA ချုပ်ဆိုခြင်းနှင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲရလဒ်များကို အခြေခံပြီး လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များ အဆင့်ဆင့်ပြုလုပ်သွားခြင်းဖြင့် …

Leave a Reply

%d bloggers like this: