မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ဘုရားသုံးဆူမြို့အနီး အဓ္ဓမပြုကျင့်ခံရသူမွန်တိုင်းရင်းသူအမှု သက်ဆိုင်ရာမှအရေးယူဆောင်ရွက်ခြင်းမရှိ

ဘုရားသုံးဆူမြို့အနီး အဓ္ဓမပြုကျင့်ခံရသူမွန်တိုင်းရင်းသူအမှု သက်ဆိုင်ရာမှအရေးယူဆောင်ရွက်ခြင်းမရှိ

ရေးသားသူ:

ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့အနီး ရွာသစ်ရွာရှိ နိုင်ကျော်ညွန့်အုတ်ဖို၌ စက်တင်ဘာလ ၂၉ ရက်နေ့ ညသန်းခေါင်းကျော်အချိန်ခန့်တွင် အဓ္ဓမပြုကျင့်မှုတစ်ခုဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာသို့ သွားရောက်တိုင်ကြားသော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိဟု ကာယကံရှင်များထံမှ သိရသည်။

အဆိုပါအုတ်ဖို၌ မိသားစုဝင်ဖြင့်နေထိုင်သူ မွန်တိုင်းရင်းသူ ခလေးနှစ်ယောက်မိခင် မ_______ အား အမည်မသိလူတစ်ဦးက လက်နက်ဖြင့်ခြိမ်းခြောက် မုဒိန်းပြုကျင့်ခဲ့သည်ဟု အုတ်ဖိုပိုင်ရှင် နိုင်ကျော်ညွန့်က ပြောသည်။

Crime-Pixနိုင်ကျော်ညွန့်က “ ရဲစခန်းကို အမှုသွားဖွင့်တယ်၊ ရဲကနေပြီး တပ်ရင်း(စစ်တပ်) ကို သွားခိုင်းတယ်၊ နောက်တော့ ရွာဥက္ကဌ၊ မ.ယ.က အစိုးရဘက်ကိုတော့ အားလုံး တိုင်ကြားထားပါတယ် အရေးယူခြင်းမရှိခဲ့လို့ အခု ကျနော်တို့ မွန်ပြည်သစ်ပါတီဘက်ကိုသွားပြီး တိုင်ကြားထားပါတယ်” ဟု ပြောသည်။

အခင်းဖြစ်ပွားခဲ့သော အဆိုပါအုတ်ဖိုသည် ရွာသစ်ရွာနှင့် တစ်မိုင်ခန့်ဝေးကွာသော ဘုရားသုံးဆူမြို့ဝင်ထွက် စစ်ဆေးရေးဂိတ်(အမြှောက်တပ်) စခန်းကြားတွင် တည်ရှိသည်ဟု သိရသည်။

“အလုပ်သမားတွေကို ရိုက်နှက်ပြီး သေနတ်နဲ့ခြိမ်းခြောက်တယ်၊ ပိုက်ဆံ ငါးသောင်း တောင်းတယ်၊ ပြီးတော့ အုတ်ဖိုတွေကိုလည်းထုခွဲတယ်၊ အဓ္ဓမပြုကျင့်ခံရတဲ့ မိန်းခလေးရဲ့ယောကျာ်းကို သေနတ်နဲ့ပစ်မလိုလုပ်တော့ ထွက်ပြေးခိုင်း လိုက်ရတယ်” ဟု နိုင်ကျော်ညွန့်က ပြောသည်။

ဗမာစကားပီသစွာပြောဆိုသော လက်နက်ကိုင်ဆောင်သူ ၂ ဦး အုတ်ဖိုဝင်းအတွင်းသို့ဝင်ရောက်လာပြီး အိမ်တံခါးများဖွင့်ပေးမိရာမှ ယင်းဖြစ်ရပ်နှင့်ကြုံတွေ့ခဲ့ရသည်ဟု အဓ္ဓမပြုကျင့်ခံရသူ အမျိုးသမီးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

သူမက “ကျမယောကျာ်းကိုတော့ လက်နက်နဲ့ ရိုက်နှက်ခြိမ်းခြောက် မောင်းထုတ်တယ်၊ ယောကျာ်းက အနီးအနားမှာရှိတဲ့ စစ်တပ်ဂိတ်ကို အကူအညီသွားတောင်းနေတဲ့အချိန်မှာ တစ်ယောက်က ကျမ ဖုန်းကိုယူပြီး ထွက်ပြေးသွားတယ်၊ နောက်တစ်ယောက်ကတော့ ကျမကို သားမယားပြုကျင့်တယ်၊ မူးနေတော့ ကျမကို သတ်လိုက်မှာလဲ ကြောက်တယ်၊ သူ့မျက်နှာကိုတော့ အဝတ်ဖုံးထားတယ်၊ သေနတ်(လက်နက်တို)နဲ့ ချိန်ထားတော့ ကျမလည်း မကြည့်ရဲဘူး”ဟု ဆိုသည်။

သို့ရာတွင် မည်သူမည်ဝါ၊ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းဝင်ဖြစ်သည်ကို လွတ်လပ်သောမွန်သတင်းအေဂျင်စီမှ သီးခြားအတည်ပြုခြင်း မရှိသေးပေ။

“အဲဒီအုတ်ဖိုဖြစ်စဉ်မဖြစ်ခင်အချိန်လေးမှာ လုံခြုံရေးဂိတ်ဘက်ကနေ သေနတ်သံ ၁၀ ချက်နီးပါးကြားရတယ်၊ နောက်မှ မော်တော်ကားလုယက်တာလို့ ပြောကြတယ်၊ ညအချိန် အပြင်လည်းမထွက်ကြည့်ရဲဘူး” ဟု အုတ်ဖိုအနီး နေထိုင်သူ(အမည်မဖော်လို) တစ်ဦးက ပြောသည်။

ဘုရားသုံးဆူမြို့ပေါ်သတင်းများ Fackbook လူမှုကွန်ယက်အင်တာနက်စာမျက်နှပေါ် ရေးသားဖြန့်ဝေလျှက်ရှိသော “ကြာအင်း ဆိပ်ကြီး” “ Ye Ka” အကောင့်တွင် “စောကျော်စွာနဲ့ စောနီလာတို့မောင်းနှင်လာသော မစ်ဆူဗစ်ရှိ ၃ခ/၃၇၇၁ ကားအား အမည်မသိသူ လူနှစ်ဦးက ဂိတ်ရှေ့တွင် သေနတ်ထောက်ခြိမ်းခြောက်ကာမောင်းနှင်ခဲ့ပြီး ရွာသစ်ရွာ ဦးအောင်ဇေယျကန်အနီး တိမ်းမှောက်ကာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ပစ္စတိုသေနတ်သမားက ကရင်လေးနှစ်ယောက်အား သေနတ်ပစ်ခတ်သော်လည်း ထိမှန်ခြင်းမရှိဘဲ လွတ်မြောက်သွား” ဟု ဖော်ပြထားသည်။

ယင်းမော်တော်ကားလုယက်တိမ်းမှောက်မှုဖြစ်ပွားသည့်နေရာနှင့် အဓ္ဓမပြုကျင့်မှုဖြစ်ပွားသည့်နေရာတို့သည် သိပ်မဝေးလှသဖြင့် ဆက်စပ်မှုရှိသည်ဟု ဒေသခံများ သုံးသပ်ကြသည်။

ဘုရားသုံးဆူမြို့သည် မွန်၊ ကရင်အများစုဖြစ်ပြီး မြန်မာပြည်ရှိတိုင်းရင်းသားမျိုးစုံ ရောယှက်နေထိုင်သည့် နယ်စပ်မြို့တစ်မြို့ဖြစ်သည်။

ထို့အပြင် အစိုးရဌာနပေါင်းစုံ၊ စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်၊ ကရင်နယ်ခြားစောင့်တပ် BGF, KNU, DKBA,KNU/KNLA-PC နှင့် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့များ အခြေစိုက်လှုပ်ရှားသောဒေသဖြစ်သည်။

သို့ရာတွင် သီးခြားတရားရုံးမရှိသဖြင့် အမှုအခင်းများစီရင်သည့်အခါ မြို့မှ မိုင် ၆၀ ခန့်ဝေးကွာသော မြို့နယ်ရုံးအခြေစိုက်ရာ ကြာအင်းဆိပ်ကြီးမြို့နယ် တရားရုံးသို့ သွားရောက်ကြရသည်ဟု သိရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

ပါတီသစ်ဖွဲ့သင့်မသင့် မွန်တို့၏သဘောထားများကို ဆက်လက်ကောက်ခံမည်

မွန်အမျိုးသားကိုယ်စားပြုပါတီသစ်တစ်ခု ထပ်မံဖွဲ့စည်းတည်ထောင်ရန် သင့်/မသင့်ကိစ္စကို မွန်ပြည်သူများ၏ သဘောထားမှတ်ချက်များကို လာမည့်ဒီဇင်ဘာလကုန်အထိ ဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း မွန်ပါတီသစ်တည်ထောင်ရေးလှုပ်ရှားနေသူ ဒေါက်တာအောင်နိုင်ဦးက ဇူလိုင် ၂၂ ရက်နေ့တွင် ပြောကြားလိုက်သည်။ Related

Leave a Reply

%d bloggers like this: