spot_img
Thursday, March 28, 2024
More
    spot_img
    Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ မေးမြန်း‌ချက်‌တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နိုင်ဥဿာ (ခေါ်) နိုင်အောင်ဟိန်း (အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ် (၁၀) ပေါင်မြို့နယ်၊ မွန်ပြည်နယ်)

    တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နိုင်ဥဿာ (ခေါ်) နိုင်အောင်ဟိန်း (အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ် (၁၀) ပေါင်မြို့နယ်၊ မွန်ပြည်နယ်)

    -

    မေးမြန်းသူ-အာကာ

    နိုင်ဥဿာ (ခေါ်) နိုင်အောင်ဟိန်း(IMNA)
    နိုင်ဥဿာ (ခေါ်) နိုင်အောင်ဟိန်း(IMNA)

    မေး။ ။ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အဖြစ် ဘာကြောင့် ဝင်ရွေးဖို့ ဆုံးဖြတ်ခဲ့တာလဲ။

    ဖြေ။ ။ စာမေးပွဲ ဝင်ဖြေလို့ အောင်ရင် အတန်းတက်လို့ ရမယ်။ အတန်းတက်ချင်ရင် စာမေးပွဲဝင်ကို ဝင်ရမယ်။ အဲဒီလိုခံယူထားလို့ ရွေးကောက်ပွဲ ဝင်တာ ဖြစ်တယ်။

    မေး။ ။ အခုလို ကိုယ်စားလှယ်လောင်း တစ်ယောက်အဖြစ် အရွေးချယ်ခံရမယ်ဆိုရင် မွန်လူမျိုးတွေနဲ့ မွန်ပြည်နယ်သားတွေအတွက် ဘာတွေ အထောက်အကူပြုပေးနိုင်မယ်လို့ ထင်ပါသလဲ။

    ဖြေ။ ။ လုပ်ပေးနိုင်တာကတော့ အများကြီးပေါ့။ ဒါပေမဲ့ အခြေအနေအပေါ် မူတည်တယ်။ ဘာလုပ်ပေးနိုင်မလဲလို့ မပြောဘူး။ ပြောလည်း မပြောချင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကတိပေးချက်မှာပဲ စီးမျောနေရင် အလိမ်ခံရတာတွေ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ပြည်သူတွေကို သတိပေးချင်တစ်ခုကတော့ အကဲခတ်ပါ၊ လေ့လာသုံးသပ်ပါ၊ သမိုင်းကြောင်းကို လေ့လာပါ။ ပြည်သူတွေကိုယ်တိုင် အဆုံးအဖြတ်ပေးရမှာမို့ပါ။

    မေး။ ။ တကယ်လို့ ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရပြီးဆိုပါက မွန်လူမျိုးတွေနဲ့ မွန်ပြည်နယ်သားတွေရဲ့ လိုအပ်ချက်တွေကို အကောင်အထည်ဖော်ပေးနိုင်မယ်လို့ ယုံကြည်ပါသလား။

    ဖြေ။ ။ ပြောရမယ်ဆိုရင် ဇနကမင်းသားအဖြစ်လိုပါပဲ။ သမုဒ္ဒရာကို လက်ပစ်ကူးနေတာ ကမ်းလည်း မမြင်ဘူး။ ဒါပေမဲ့ သူ့ရဲ့ အလုပ်ဝတ္တရားအတိုင်း ကူးနေရမှာပဲ။ ကျွန်တော်လည်း ဒီအတိုင်းပဲ။ အစွမ်းရှိသလောက်တော့ ကူးမှာပဲ။ လုပ်သင့် လုပ်ထိုက်တာကို ကြည့်ပြီး အစဉ်တစိုက် လုပ်သွားမှာပါ။ ဘယ်အတိုင်းအတာထိ လုပ်နိုင်မယ်ဆိုတာကတော့ နိုင်ငံရေး အခြေအနေမှာ တည်မှီပါတယ်။

    မေး။ ။ အခု ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံမယ့် မဲဆန္ဒနယ်မှာ ဘာတွေလိုအပ်နေတယ်လို့ မြင်ပါသလဲ။

    ဖြေ။ ။ လိုအပ်ချက်တွေက အများကြီးပါပဲ။ တောင်သူလယ်သမားတွေဖက်က ကြည့်ရင်လည်း မပြည့်စုံဘူး။ ကျွန်တော့်မဲဆန္ဒနယ်မှာတော့ နိုင်ငံခြား ထွက်ပြီး အလုပ်လုပ်နေတာ များတယ်။ ချောင်လည်တယ်။ ဒါပေမဲ့ လယ်လုပ်လို့ ချောင်လည်တာ မဟုတ်ဘူး။ သယံဇာတတွေ ဘယ်လိုသုံးစွဲနေတာလည်း ဘာမှမသိရဘူး။ မွန်ပြည်နယ်သားတွေဟာ အခွင့်အရေး အပြည့်အဝ မခံစားရသေးဘူး။ ဒါတွေအတွက်လည်း အများကြီး ရုန်းကန်ရဦးမယ်။

    မေး။ ။ အခုလိုအပ်နေတယ်လို့ ထင်တဲ့ ကိစ္စရပ်တွေကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရရင် ဘယ်ကိစ္စရပ်ကို ပထမဆုံး ဦးစားပေး လုပ်ဆောင်ပေးသွားမယ်လို့ စဉ်းစားထားပါသလဲ။

    ဖြေ။ ။ ပထမဆုံး လုပ်ရမှာက အခြေခံဥပဒေ ပြင်ဆင်ရေးပဲ။ ဒီဥပဒေဟာ Community Democracy နဲ့ ဘယ်လိုမှ မကိုက်ညီဘူး။ ဒါ့ကြောင့် ဒါကို ပထမဦးဆုံး ပြင်ရမယ်။ ဖက်ဒရယ် ဥပဒေဖြစ်အောင် ပြင်ရမယ်။ ဒါမှ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ လူ့အခွင့်အရေးတွေ ပြည့်စုံလာနိုင်မယ်။

    မေး။ ။ နောက်တစ်ခုက မွန်ပြည်နယ်ရဲ့ လိုအပ်ချက်တွေအမျိုးမျိုးထဲက ဘယ်အရာတွေကို လုပ်ကိုင်ပေးဖို့ ရှိပါသလဲ။

    ဖြေ။ ။ ပြည်နယ်အတွက် ပထမဆုံး လုပ်ရမှာက အာဏာသုံးရပ် ရနိုင်သလောက် ရအောင် လုပ်ရမယ်။ အပြည့်အဝ ရချင်တယ်။ မွန်ပြည်နယ်ရဲ့ ကံကြမ္မာကို မွန်ပြည်နယ် ဖန်တီးနိုင်ရမယ်။ ကျွန်တော့်အနေနဲ့ ဒီလိုပဲ ယုံကြည်လက်ခံထားတယ်။

    မေး။ ။ နိုင်ဥဿာက မွန်လူမျိုးလည်း ဖြစ်တော့ ကိုယ်စားလှယ် ဖြစ်ခဲ့ရင် မွန်လူမျိုးတွေအတွက် ဘာတွေလုပ်ပေးသွားဖို့ စဉ်းစားထားပါသလဲ။

    ဖြေ။ ။ မွန်လူမျိုးတွေ ဘာဖြစ်ချင်သလဲပေါ့။ သူတို့ ဖြစ်ချင်တာ သူတို့ လုပ်ရမယ်။ ဒီအပေါ်မှာ လုပ်ပိုင်ခွင့် ရအောင်၊ လုပ်နိုင်အောင် ကျွန်တော့်ဘက်က ကူညီသွားပါ့မယ်။

    မေး။ ။ အခု နိုင်ဥဿာ ဝင်ရွေးတဲ့ မဲဆန္ဒနယ်မှာ မွန်အမျိုးသားပါတီရယ်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီရယ် ဒီပါတီနှစ်ခု ရှိလျက်သားနဲ့ ဘာ့ကြောင့် တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ရတာလဲ။

    ဖြေ။ ။ မွန်တိုင်းရင်းသားတွေရဲ့ ကံကြမ္မာ မွန်တွေ ဖန်တီးနိုင်ဖို့ဆိုရင် မိမိကိုယ်ကို မိမိယုံကြည်ရမယ်။ ဒီပါတီနှစ်ခုက ဒီအပေါ်မှာ လေးလေးနက်နက်ကော ရှိပါရဲ့လား။ ကိုယ့်လူမျိုးကို ကိုယ်ယုံကြည်အားကိုးရဲ့လား ဆိုတဲ့အပေါ်မှာ ကျွန်တော် သိပ်မယုံကြည်ဘူး။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို ကိုယ်ယုံကြည်ပြီး၊ ကိုယ့်လူမျိုးကို ကိုယ်ယုံကြည်ပြီး ပြည်သူတွေရဲ့ အင်အားကို ယူပြီး အတူတကွ လုပ်သွားမယ်လို့ ဆုံးဖြတ်ပြီး တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ရတာပါ။

    မေး။ ။ မဲဆန္ဒရှင်တွေကို မီဒီယာကနေတဆင့် ဘာများ မှာကြားလိုပါသလဲ။

    ဖြေ။ ။ ခုနက ကျွန်တော် ပြောတဲ့အတိုင်းပဲ။ ကိုယ်စားလှယ်လောင်းတွေက ဟိုတာ လုပ်ပေးမယ်၊ ဒီဟာ လုပ်ပေးမယ် ဆိုပြီး ပြောနေတာတွေအပေါ် သာယာပြီး မျောပါသွားရင် အလှည့်စားခံရနိုင်တယ်။ ဒါ့ကြောင့် ကိုယ်စားလှယ်လောင်းတွေရဲ့ သမိုင်းကြောင်းကို သေသေချာချာ လေ့လာသုံးသပ်ပါ။ ပြီးမှ ဆုံးဖြတ်ပါလို့ ပြောချင်ပါတယ်။

    ကိုယ်စားလှယ်လောင်း ကိုယ်ရေးအကျဉ်း

    အမည် – နိုင်ဥဿာ (ခေါ်) နိုင်အောင်ဟိန်း

    အလုပ်အကိုင် – အငြိမ်းစား ကျောင်းဆရာ

    ပညာအရည်အချင်း – တက္ကသိုလ်ဝင်တန်းအောင်၊ အလယ်တန်းပြ ဆရာအတတ်သင်ကော့လိပ် (မော်လမြိုင်)

    မွေးသက္ကရာဇ် – ၁၉၅၁ ခုနှစ်၊ ဇန်နဝါရီလ ရ ရက်နေ့။

    လူမျိုး/ဘာသာ – မွန်/ဗုဒ္ဓ

    မှတ်ပုံတင်အမှတ် – ၁၀/ပမန (နိုင်) ၀၂၀၉၈ရ

    လက်ရှိ နေရပ်လိပ်စာ – အမှတ် (၄၄၃)၊ ဇော်လေးပင်လမ်း၊ ပေါင်းရပ်ကွက်၊ ပေါင်မြို့၊ မွန်ပြည်နယ်၊

    အဖအမည် – နိုင်စိုးတင့်

    ပါတီ (သို့) တစ်သီးပုဂ္ဂလ – တစ်သီးပုဂ္ဂလ

    ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် – မဲဆန္ဒနယ် (၁၀) ပေါင်မြို့နယ်၊ မွန်ပြည်နယ်။

    ယှဉ်ပြိုင်မည့် လွှတ်တော် – အမျိုးသားလွှတ်တော်။

    လူမှုရေး ၊ အမျိုးသားရေး၊ နိုင်ငံရေး လှုပ်ရှားမှုများ (အကျဉ်း)

    တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတို့တွင် မူလတန်းပြ၊ အလယ်တန်းပြ ကျောင်းဆရာအဖြစ် နှစ် ၂၀ ကျော် တာဝန်ယူထမ်းဆောင်ခဲ့ပြီး၊ ထိုင်း မြန်မာ နယ်စပ်ဒေသ အခြေစိုက် သုခံဟံသာမွန်ကျောင်းနှင့် ပြည်သူ့ပြည်ချစ်ပါတီကျောင်းတို့တွင် ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့။

    မွန်တက္ကသိုလ်ကျောင်းသားများ ဦးစီးသည့် မွန်အမျိုးသားဝတ်စုံ ဖော်ထုတ်ရေးတွင် ပေါင်မြို့နယ် ကိုယ်စားလှယ် ဗဟိုကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့။

    ပေါင်မြို့နယ်တွင် ပထမဆုံးအကြိမ် ပေါ်ပေါ်ထင်ထင် တရားဝင် ကျင်းပခွင့်ရသည့် (၂၄) ကြိမ်မြောက်နှင့် (၂၅) ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့။

    (၄၉) ကြိမ်မြောက်၊ မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ (ဗဟို) တွင် အလုပ်အမှုဆောင်၊ (၅၀) ကြိမ်မြောက် ရွှေရတုသဘင်ကော်မတီတွင် အလုပ်အမှုဆောင်အဖွဲ့ ဒု-ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့။

    မဆလခေတ်တလှျောက်လုံး ပါတီဦးဆောင်မှု မခံယူဟု မှတ်တမ်းတင် ခံရ။ (၈) လေးလုံး အရေးတော်ပုံတွင် ပေါင်မြို့နယ်၊ ဒီမိုကရေစီ တောင်းဆိုရေး အထွေထွေသပိတ်နှင့် ပထမဦးဆုံး ပူးပေါင်းသည့် ပညာရေးဝန်ထမ်းဖြစ်။ ပေါင်မြို့နယ်၊ ကျောင်းသားသပိတ် ဖွဲ့စည်းရာတွင် နာယကဆရာအဖြစ် ပါဝင်ခဲ့။ အရေးတော်ပုံအပြီး ပေါင်မြို့နယ်၊ လူ့ဘောင်သစ်ပါတီ ဖွဲ့စည်းရာတွင် နာယကဆရာ (၁) အဖြစ် ပါဝင်ခဲ့။

    ထိုင်း မြန်မာနယ်စပ်ဒေသ အခြေစိုက် လူထုလှုပ်ရှားမှုကော်မတီ People Action Committee (PAC) တွင် ပါဝင်ခဲ့။

    ENC က ဦးဆောင်ပြုလုပ်သည့် ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေမူဘောင် ရေးဆွဲပြုစုရေးကော်မတီသို့ မွန်ပြည်သစ်ပါတီ (ယခင်) တွဲဖက်အတွင်းရေးမှူး နိုင်ဟံသာ ခေါင်းဆောင်သော မွန်တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်၊ ပြည်တွင်းကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့။

    ၂၈-၉-၂၀၀၈ မှ ၁၃-၆-၂၀၁၃ ထိ ထိုင်း – မြန်မာနယ်စပ်ဒေသအခြေစိုက် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) (MNDF-LA) ကို ဖွဲ့စည်းတည်ထောင်ကာ အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့။

    ၂၈-၉-၂၀၀၈ မှ ၁၃-၆-၂၀၁၃ ထိ ထိုင်း – မြန်မာနယ်စပ်ဒေသအခြေစိုက် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (UNLD-LA) တွင် အဖွဲ့ဝင် အဖြစ်ဆောင်ရွက်ခဲ့။

    ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဖွဲ့စည်းရာတွင် (UNLD-LA) အဖွဲ့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ပြီး အမှုဆောင်ကော်မတီ ရွေးချယ်တင်မြှောက်ရေးကော်မရှင်တွင် အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့။

    ၂၁-၁၁-၂၀၁၄ မှစ၍ ဖက်ဒရယ်ပြည်ထောင်စုပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts