မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး / ၂၀၁၅ ရွေးကောက်ပွဲ မေးမြန်‌းချက်‌ / NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခိုင်ခိုင်လဲ့ အင်တာဗျူး

NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခိုင်ခိုင်လဲ့ အင်တာဗျူး

ရေးသားသူ: >

မင်းစိုင်းမွန်

ဒေါ်ခိုင်ခိုင်လဲ့ NLD(IMNA)
ဒေါ်ခိုင်ခိုင်လဲ့ NLD(IMNA)
မေး-ဒီလာမယ့်ရွေးကောက်ပွဲမှာ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ယောက်အဖြစ်ဘာကြောင့် အရွေးခံဖို့ဆုံးဖြတ်ခဲ့တာလဲ?

ဖြေ-သထုံမှာတတ်နိုင်သမျှပရဟိတတွေလုပ်တယ်၊ သထုံတစ်မြို့ထဲမဟုတ်ဘူး၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့လိုအပ်တဲ့ ကွက်လပ်မှန်သမျှကိုလိုက်ဖြည့်တယ်၊ အစ်မရဲ့အဓိကအလုပ်ပေါ့။ ကချင်ပြည်နယ်မှာလဲ ကချင်ပြည်နယ်မှာရှိတဲ့စစ်ရှောင်စခန်းတွေမှာ ကလေးတွေရဲ့စိတ်ဒဏ်ရာကုစားမှူတွေလုပ်တယ်။ အစ်မက NLDပါတီဝင်မဟုတ်ခဲ့ပါဘူး၊ ဒီမြို့မှာ ကိုယ်စားလှယ်လောင်းတွေခေါ်တဲ့အခါမှာ အစ်မကိုဒီမြို့ကနေပြီးတော့ မြို့ခံ၊မြို့မိ၊မြို့ဖတွေက သမီးဝင်လျှောက်ပေးပါလားဆိုပြီးတော့၊ သမီးလည်း လှုပ်ရှားမှူတွေဒီလောက်လုပ်နေတာပဲ မြို့ရဲ့လိုအပ်ချက်အရသမီးကိုယ်တော့ရှိစေချင်တယ် သူတို့ကနေအစ်မကို ဝိုင်ဝန်းပြီးတော့ပြောကြတဲ့အခါမှာ အစ်မလည်းလုပ်ပေးတာပေါ့။စကားလေးတစ်ခွန်းရှိတယ်၊ တစ်ခါတစ်လေကျရင် အများအတွက် မြေသြဇာဖြစ်ပေးရတယ်တဲ့။အဲဒီတော့ လူတစ်ဦးတစ်ယောက်အတွက်မြေသြဇာဖြစ်နေကြတဲ့အချိန်မှာ အများအတွက်မြေသြဇာဖြစ်ရတယ်ဆိုတာ အစ်မအတွက်အရမ်းကြီးကို ဒီအခြေအနေဟာလုပ်ခွင့်လူတိုင်းလိုချင်ကြတယ်။လူတိုင်းလုပ်ချင်ကြတယ်၊ အဲဒီအတွက်အစ်မလျှောက်လိုက်တယ်၊ လုပ်ခွင့်ရလာတဲ့အတွက် လုပ်နိုင်မယ်ထင်လို့၊ ယုံကြည်လို့ အဓိကကတော့ယုံကြည်ချက်ပေါ့၊ အဲဒီယုံကြည်ချက်ကိုတင်လိုက်တယ်။ အဲဒီတော့အစ်မတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ချမှတ်ထားတဲ့အထဲမှာ လူငယ်ကိုဦးစားပေးမယ်၊ အမျိူးသမီးကိုဦးစားပေးမယ်၊ ပညာတတ်ကိုဦးစားပေးမယ်၊ တိုင်းရင်းသူဦးစားပေးမယ်၊ တက်ကြွလှုပ်ရှားသူလူငယ်ဖြစ်ရမယ်ဆိုတဲ့ စံနှူန်းတွေနဲ့ အစ်မကအဲဒီလိုမျိူးဟာတွေနဲ့ပြည့်စုံနေတဲ့အတွက် အစ်မလျှောက်လွှာတင်လိုက်တယ်။ လျှောက်လွှာတင်ပြီးတော့ကျလာတာပေါ့နော် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၁)အတွက် ၊မွန်ပြည်နယ်၊ သထုံမြို့ကျလာတယ် အဲဒီအတွက်လုပ်ဖြစ်တာ။အစ်မမှာခံယူချက်တော့ရှိတယ်။ ကိုယ်စားလှယ်တစ်ယောက်ဖြစ်လာခဲ့လို့ရှိရင် ဘာရည်ရွယ်ချက်နဲ့ဝင်ပြိုင်တာလဲ ပရဟိတလုပ်တယ်ဆိုတဲ့နေရာမှာ လူတိုင်းကလုပ်မှာပဲ။ ကိုယ်ပိုင်အဖွဲ့အစည်းနဲ့လည်းလုပ်မှာပဲ။ ဒါပေမယ့်ကိုယ်နိုင်တဲ့ဝန်ကို ကိုယ်နိုင်သလောက်ထမ်းနေကြတာ။ အစ်မကပိုလုပ်ချင်တယ် ပြီးတော့အစ်မက ဥပဒေသမားဖြစ်တဲ့အခါကျတော့ တရားဥပဒေစိုးမိုးမှုကို အရမ်းလိုလားတယ်။ ဒါအစ်မရဲ့မှန်ကန်တဲ့ရင်ထဲက စိတ်အရင်းအမှန်။ အစ်မဥပဒေကိုပြုပြင်ပြောင်းလဲချင်တယ်။ ဥပဒေဆိုတဲ့နေရာမှာ တရားဥပဒေဆိုတာကိုပဲ ဖြစ်ချင်တယ်။မတရားဥပဒေမဖြစ်ချင်ဘူး။မတရားဥပဒေလို့ဘာလို့ပြောချင်လဲဆိုတော့ ဥပဒေတစ်ရပ်အစ်မတို့ရေးဆွဲပြဌာန်းလိုက်တယ်ဆိုလို့ရှိရင် အဲဒီဥပဒေဟာပြည်သူကိုကာကွယ်ပေးတဲ့ ဥပဒေပဲဖြစ်ရမယ်။ ပြည်သူကိုစိတ်ညိုငြင်တဲ့ဥပဒေ ပြည်သူကိုပြန်ပြီးတော့ ချည်နှောင်တုပ်နှောင်ပြီးတော့ ပြည်သူကိုပြန်ဒုက္ခပေးတဲ့ဥပဒေမဖြစ်စေချင်ဘူး။အစ်မကဥပဒေပြုပြင်ပြောင်းလဲရေးကိုလုပ်ချင်ခဲ့သူတစ်ယောက်ပါ။ ပရဟိတနဲ့ဥပဒေနဲ့အမြဲဒွန်တွဲနေတယ်။ဥပဒေကိုလည်းထဲထဲဝင်ဝင်လုပ်ချင်တယ်။အဲဒီအတွက်ကြောင့် လူတိုင်းကကိုယ်ယုံကြည်ရာလမ်းကိုလျှောက်နေကြတယ်။အဲတော့အစ်မယုံကြည်ရမယ့်လမ်းက ဒီပါတီရဲ့ အလံအောက်ကဝင်ပြိုင်မယ်ဆိုလို့ရှိရင်တော့ ဒီပါတီဟာပြည်သူ့ကိုအကျိူးပြုနိုင်တဲ့ပါတီ၊တရားဥပဒေ စိုးမိုးမှူကိုလုပ်နိုင်ဆုံးလို့အစ်မယုံကြည်တဲ့အတွက်ကြောင့်ဒီအလံအောက်မှာ အစ်မဝင်ပြိုင်တာ။

မေး-အခု ဝင်ပြိုင်မယ့် မဲဆန္ဒနယ်မှာဘာတွေလိုအပ်နေတယ်လို့ မြင်ပါသလဲခင်ဗျ?
ဖြေ။ ။အဓိကပြောရမယ်ဆိုလို့ရှိရင် ကော့လှိုင်းဆိုတဲ့ရွာလေးမှာ မူလွန်ကျောင်းလေးဝိုင်းပြီးဆောက်ပေးနေတယ်။ ပညာရေးလိုအပ်တယ်၊ လူတွေအားလုံးကပြောရမယ်ဆိုလို့ရှိရင် ရုပ်ဝတ္ထုပိုင်းဆိုင်ရာကိုချမ်းသာတယ်လို့ ထင်ကြတယ်။ အစ်မကတော့ အဲဒီလိုမထင်ဘူး၊ အသိပညာပိုင်းဆိုင်ရာ ချမ်းသာကြွယ်ဝမှုကိုလိုတယ်လို့အစ်မထင်တယ်။ မူလတန်းပညာကိုကလေးတိုင်းလိုလိုသင်ယူတတ်မြောက်ရမယ်။ ဒီဘက်မှာလိုအပ်နေတာအဲဒါပဲ။ ကျန်းမာရေးစောင့်ရှောက်မှူကလည်းအရမ်းအားနည်းပါတယ်။ အစ်မရွာလေးတွေဆိုရင် အစ်မကဒီမှာကြီးတဲ့သူဆိုတော့ ဒီရွာလေးတွေများသောအားဖြင့် တခြားသူတွေထက်ပိုပြီး ထိတွေ့တာများပါတယ်။ ကလေးတွေကျောင်းမနေရရင် အစ်မအရမ်းစိတ်မကောင်းဖြစ်မိတယ်။ အဲဒီတော့ ကလေးတွေကျောင်းတက်ရဖို့ကိုအစ်မအမြဲတမ်း ကြိုးစားပေးတယ်။ လိုအပ်ချက်တွေဖြည့်ပေးတယ်၊ ဒါအစ်မတစ်နိုင်လုပ်ခဲ့တဲ့အလုပ်ကလေးတွေပေါ့နော်။ ကျန်းမာရေးစောင့်ရှောက်မှူဆိုရင်လည်း အစ်မအဖွဲ့လေးနဲ့လိုအပ်တဲ့နေရာတွေမှာ ဆေးလိုက်ကုပေးတယ်။အစ်မတို့ရဲ့ကိုပိ်ုင်ငွေကြေးလေးနဲ့ပေါ့။ ဒါကလည်းငွေကြေးဆိုတာကလည်း အစ်မတို့စုပေါင်းစပ်ပေါင်းပိုက်ဆံတွေပေါ့နော်။ အဲဒီဟာနဲ့အစ်မရဲ့ရှာဖွေ ရထားတဲ့ပိုက်ဆံလေးတွေနဲ့သွားနေတယ်။ဒီမှာအဓိကဘာလိုအပ်နေသလဲဆိုတော့ ပညာရေးနဲ့ ကျန်းမာရေးက အလိုအပ်ဆုံးပဲ။ ပညာရေးက နံပါတ် ၁၊ ကျန်းမာရေးက နံပါတ်၂ပေါ့နော်။ ပညာရေးကတော့ အစ်မတို့ရဲ့လူ့စွမ်းအားအရင်းအမြစ်တွေကို အများကြီးပံ့ပိုးပေးနိုင်တဲ့ အရာပဲ။ ပညာရေးကတော့အလိုအပ်ဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့အစ်မက ကလေးတွေကျောင်းမနေရရင်အင်မတန် စိတ်မကောင်းဖြစ်တယ်။ဒီမှာလိုအပ်တာလဲအဲဒါပဲ။

မေး-ကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့အခါ ဘယ်လိုကိစ္စတွေကိုဦးစားပေးလုပ်သွားမှာလဲ?
ဖြေ-အစ်မတစ်ခုပြောချင်တာပေါ့။ အစ်မတို့မှာဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရှိတယ်။ အဲဒီရဲ့နောက်ဆက်တွဲဇယားဆိုတာလည်းရှိတယ်။ အဲဒီမှာအစ်မတို့ပြည်နယ် ၊တိုင်းဒေသကြီးမှာရှိတဲ့ လုပ်ပိုင်ခွင့်တွေဆိုတာလည်းရှိတယ်။ အစ်မတို့ဘယ်လောက်ကြီးပဲလုပ်ချင်လုပ်ချင် ဒီထဲမှာရှိတဲ့ဟာတွေထက် ဘောင်ကျော်ပြီးလုပ်ချင်လို့ခွင့်မရဘူး။ဒါပေမယ့်အစ်မက အရင်ကထက် ပိုလုပ်ခွင့်ရမယ်လို့တော့ အစ်မမျှော်လင့်ထားတယ်။ ဇောင်းပေးပြီးဘာလုပ်မလဲဆိုရင်တော့ အစ်မကဒါကိုပဲလုပ်မယ်။ ကလေးတွေရဲ့ပညာရေး၊ကျန်းမာရေးကိုအဓိကထားပြီးလုပ်မယ်။ တခြားဟာတွေ စိတ်မဝင်စားလို့လားဆိုတော့လည်းမဟုတ်ပါဘူး။ လိုအပ်တဲ့နေရာကိုတော့ကွက်လပ်ဖြည့်ပေးသွားချင်ပါတယ်။ ဒါပေမယ့် အစ်မအဓိကလုပ်ချင်တဲ့အလုပ်ကတော့ ကလေးတွေရဲ့ပညာရေးပဲ။အစ်မအဖြစ်ချင်ဆုံးကလည်းကလေးတွေ မူလတန်းပညာကို အကုန်လုံး ကျောင်းမနေရတဲ့ကလေးမရှိရအောင်ကိုဖြစ်စေချင်တယ်။ ဒီမှာမူလတန်းကျောင်းတွေကိုလဲ မြို့မှာရှိတဲ့ကလေးတွေနဲ့တန်းတူပေါ့နော်၊ အဲလိုမျိုးတွေဖြစ်စေချင်တယ်။ မသင်ရဘူးမဟုတ်ပါဘူး သင်ရပါတယ်။အားနည်းတာပေါ့။ အဲလိုမျိူးတော့မဖြစ်စေချင်ဘူး။ ကိုယ့်ရပ်ရွာမှာ ကလေးတိုင်းကိုစာတတ်စေချင်တယ်။

မေး-ဒီပြည်နယ်မှာတိုင်းရင်းသားတွေစုံတယ်၊ သူတို့တွေအတွက်ဘာတွေ အလေးပေးပြီးလုပ်ဆောင်ပေးဖို့ရှိသလဲ?
ဖြေ-အခုမေးတဲ့မေးခွန်းကိုအစ်မသဘောကျတယ်၊ အဲဒါအစ်မရဲ့အိမ်မက်တစ်ခုလို့လည်းပြောလို့ ရတယ်။ အစ်မက ပအိုဝ့်သွေးပါတယ်။ အစ်မအဖိုးကပအိုဝ့်ပဲ၊ အစ်မအမေကလည်းပအိုဝ့်ပဲ၊ အစ်မတို့ကသွေးရောသွေးနှောလေးတွေဖြစ်တာပေါ့။ လူမျိုးတိုင်းမှာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေ ဆိုတာရှိတယ်။ အစ်မအခုကော့လှိုင်းရွာက ကလေးတွေဆိုလို့ရှိရင် ကရင်စကားပဲပြောတတ်တယ်။ မူလတန်းကလေးတွေ၊ စာသင်ကြားတဲ့နေရာမှာ အခက်ခဲအရမ်းဖြစ်တယ်။ ဆရာမတွေက ဗမာလိုသင်တယ်။ ဗမာစာသင်တယ်၊ ကလေးတွေက ကရင်လိုပဲတတ်တယ်။ဒါကအစ်မကိုယ်တွေ့ပါ။ အဲဒီတော့ သူတို့ကစကားပဲပြောတတ်တယ်။ ကရင်စာကျတော့မတတ်ပြန်ဘူး။ အစ်မဆိုလိုချင်တာက လူတိုင်းမှာ၊ လူမျိူးစုတိုင်းမှာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေးဆိုတာရှိတယ်၊ထိန်းသိမ်းရမယ့် ဝတ္တရားလည်းရှိတယ်။ ဒါမွေးရာပါတာဝန်ပဲ။ အစ်မဆိုလို့ရှိရင် ပအိုဝ့်သွေးပါလျက်သားနဲ့ ပအို့ဝ်စကားမပြောတတ်ဘူး။ ပအို့ဝ်စာလည်းမရေးတတ်ဘူး။ အဲဒါဘာလဲဆိုတော့ အစ်မတို့ဆီမှာက တိုင်းရင်းသားတွေရဲ့ရိုးရာယဉ်ကျေးမှုနဲ့ ဘာသာစကားကို အလေးမထားလို့။ အဲဒါကဘယ်အရွယ်မှာ စလုပ်ရမလဲဆိုတော့ မူလတန်းအရွယ်မှာစလုပ်ရမှာ။ ဥပမာ- ပအို့ဝ်တွေရှိတဲ့နေရာမှာဆိုရင် ပအို့ပ်ဆရာမ တစ်ယောက်ကတော့ရှိရမယ်။ ကလေးတွေအတွက် အခြေခံကျတဲ့မူလတန်းဆရာမတစ်ယောက်တော့ ရှိရမယ်။ ပအို့ဝ့်စကားကိုလည်းပြောတတ်နေရမယ်၊ ဗမာလိုလည်းသင်မယ်။ အဲဒါမှဆက်သွယ်တဲ့နေရာမှာ စာသင်ကြားတဲ့နေရာမှာ လွယ်လင့်တကူဖြစ်မယ်။ နောက်တစ်ခုကဒီကလေးတွေကို တစ်နေ့ကို ၄၅မိနစ် ပဲဖြစ်ဖြစ်၊နာရီဝက်ပဲဖြစ်ဖြစ်၊ သူတို့ရဲ့သက်ဆိုင်ရာဘာသာစာပေ၊ ယဉ်ကျေးမှူလေးတွေကိုသင်သွားပေးမယ် ဆိုရင်ကိုယ့်ရိုးရာယဉ်ကျေးမှုလည်းထိန်းသိမ်းရာရောက်တယ်၊ လူမျိူးတစ်မျိူးရဲ့ဘာသာ ယဉ်ကျေးမှုလည်း ထိန်းသိန်းစောင့်ရှောက်ရာရောက်တာပေါ့နော်။ အဲဒီတော့အစ်မက အဲဒါကိုအရမ်းလုပ်ချင်ခဲ့တာ အရင်ကတည်းက အဲဒါကအစ်မရဲ့ အိပ်မက်ပေါ့နော်။ ဒိီလိုပြောလို့ကြီးကျယ်တယ်မထင်ပါနဲ့လွန်ခဲ့တဲ့ ၂နှစ်၊ ၃နှစ်ကတည်းကဒီမှာနေတာများတော့ မူလတန်းကျောင်းလေးတွေသွားလို့ရှိရင် အဲဒီခံစားချက်မျိူး အရမ်းဖြစ်စေခဲ့တယ်။ ကလေးတွေကပြောတာ ဘာသာစကားတစ်မျိူး၊ ဆရာမတွေကဗမာလိုသင်တယ်။ ပြီးတော့ဒီကလေးတွေက အိမ်မှာကရင်လိုပြန်ပြောတယ်၊ ကရင်စာလည်းမတတ်ကြပြန်ဘူး၊ ကရင်စကားတော့ပြောတတ်တယ်၊ ကရင်စာရေးတတ်လားလို့မေးလို့ရှိရင် ကရင်လိုလဲမရေးတတ်ပြန်ဘူး။ ပအိုဝ့်စာရေးတတ်လားဆိုတော့လဲမရေးတတ်ဘူး။ ဒါမျိူးမဖြစ်သင့်ဘူး၊ လူတိုင်းမှာလူမျိူးစုတိုင်းမှာ သူတို့ရဲ့တန်ဖိုးထားတဲ့အရာတွေရှိတယ်။ အဲဒါတွေကိုထိန်းသိမ်းစောင့်ရှောက်သင့်တယ်။ အစ်မကတော့ အဲဒီလိုဖြစ်ချင်တယ်။ ဒါတကယ်ဖြစ်ချင်တယ်၊ ဒါကလေးတွေရဲ့ဦးနှောက်မှာ အရမ်းရှုပ်ထွေးတဲ့အရာ၊ သူတို့တွေကဘာကို စုပ်ယူမလဲ၊ ထိရောက်မှူဘာမှမရှိဘူးဖြစ်နေတယ်။ အစ်မအဲလိုမဖြစ်စေချင်တာ။ သူတို့အနေနဲ့လည်းလိုက်လျောညီထွေ ဖြစ်ရမယ်၊ဆရာတွေအနေနဲ့လည်း လိုက်လျောညီထွေဖြစ်ရမယ်။ အဲဒီတော့နိုင်ငံတော်အနေနဲ့လည်း ပညာရေးဝန်ကြီးဌာနမှာ ကရင်ပြည်နယ်မှာအနည်းဆုံးတော့ ကရင်စကား၊ ကရင်ဘာသာတတ်ကျွမ်းတဲ့ ဆရာမမြို့ခံ၊ နယ်ခံတွေကိုဦးစားပေးပြီးခန့်သင့်တယ်လို့အစ်မထင်တယ်။ ဒါမှလည်းမြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံရဲ့တကယ့် မူလအစအရင်းအမြစ်ကလေးတွေကို ပံ့ပိုးပေးရာရောက်တယ်။ ဘာသာစကားယဉ်ကျေးမှုလည်းထိန်းသိမ်းပေးရာ ရောက်တယ်။ တိုင်းရင်းသားတွေမှာ ငါတို့ကတော့ဗမာမို့လို့ တစ်နိုင်ငံလုံးဗမာလိုပဲပြောမယ်၊ ဗမာလိုပဲရေးမယ်ဆိုတာမျိူး ရုံးသုံးဘာသာစကားတော့ ဟုတ်ပါတယ်။ လက်ခံပါတယ်၊ ဒါပေမယ့်သူတို့မှာလည်းသူတို့ရဲ့ ထိန်းသိမ်းစောင့်ရှောက်ခွင့်ဆိုတာရှိတယ်။ အဲဒါအခြေခံဥပဒေမှာလည်းပါပြီးသားပါ။ အဲဒီတော့ အစ်မကတော့ တန်ဖိုးထားတယ်။ အစ်မကိုယ်တိုင်ကြုံခဲ့ရတဲ့ဟာမို့လို့ တန်ဖိုးထားတယ်။ပအိုဝ့်စကားလည်း မတတ်ဘူး၊ ပအို့ဝ်ယဉ်ကျေးမှူဆိုတာကိုလည်း တီးမိ၊ခေါက်မိသလောက်ပဲရှိတယ်။ ပအို့ဝ်စာပေဆိုတာ အဝေးကြီးပဲမဖတ်တတ်တော့ဘူး။

မေး-နောက် ဘာတွေများထပ်ပြီးဖြည့်စွက် ပြောကြားချင်ပါသလဲ?
ဖြေ-အခုကိ်ုယ်စားလှယ်လောင်းတွေဟာ အသက်ငယ်ကြသေးတယ်။အသက်ငယ်တဲ့အတွက်ကြောင့် အတွေ့အကြုံမရှိဘူးလို့ထင်ကြတယ်။ ဒါအစ်မကိ်ုယ်တွေ့ပေါ့နော်။ နောက်တစ်ခုက လွှတ်တော်ထဲမှာကွာ ပိုက်ဆံရချင်လို့ ပိုက်ဆံအေးဆေးလိုချင်လို့ ထင်ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလည်းငယ်ငယ်ရွယ်ရွယ် နဲ့တိုင်းပြည်အကျိူးကိုလုပ်ခဲ့တာပဲ။ လူငယ်ဆိုပြီးတော့လည်းအထင်မသေးစေချင်ဘူး။ ဒီလူငယ်တွေကိုလုပ်ခွင့်ပေးစေချင်တယ်။ ယုံကြည်စေချင်တယ်။ လူငယ်တိုင်းမှာသူတို့ရဲ့ဖန်တီးနိုင်မှု စွမ်းအားတွေရှိတယ်။ သူတို့ဆီမှာခံစားချက်တွေရှိတယ်။ လုပ်ခွင့်ပေးပါ၊ယုံကြည်ပေးပါလို့ပြောချင်ပါတယ်။ အစ်မတစ်ယောက်တည်းအတွက်မဟုတ်ဘူး ကိုယ်စားလှယ်လောင်းတွေ အသက်ငယ်တဲ့ကိုယ်စားလှယ်လောင်းတွေ အကုန်လုံးကိုယ်စားအစ်မပြောပြတာ။ လူငယ်ဆိုတာက တိုင်းပြည်တစ်ပြည်ရဲ့စွမ်းအားတွေပါ။ အဲဒီအားတွေကိုပြည်သူတွေက ကောင်းကောင်းအသုံးချတတ်ဖို့ပဲ လိုတယ်။ အသုံးချလိုက်ပါ၊ အစ်မတို့အသုံးချခံလိုက်မယ်။

မေး-ပြည်သူတွေကို မီဒီယာကနေဘာများမှာကြားချင်ပါသလဲ?
ဖြေ။ ။အစ်မတို့ဒီမိုကရေစီနိုင်ငံကိုသွားကြတယ်။လိုချင်ကြတယ်။ ဒီမိုကရေစီမှာအခွင့်အရေးနဲ့အတူ တာဝန်တွေရှိတယ်။ အဲဒါကိုသိစေချင်တယ်။ အခွင့်အရေးချည်းပဲမဟုတ်ဘူး တာဝန်လည်းတွဲပြီးပါလာတယ်။ အစ်မတို့မြန်မာနိုင်ငံကပြည်သူတွေဟာ ဉာဏ်ပညာ၊တွေးခေါ်မှု စွမ်းအားမြင့်ကြပါတယ်။ ဒါပေမယ့်ဒီမိုကရေစီဆိုတဲ့အရာနဲ့ ထိတွေ့မှု အရမ်းနည်းခဲ့တဲ့အခါကျတော့ မ မြင့်မားသေးဘူးပေါ့နော်။ သူတို့မှာအဲတာလေးတွေပြုပြင်စရာလေးတွေရှိတယ်။ လူဆိုတာအခွင့်အရေးချည်းပဲ မဟုတ်ဘူး အနောက်မှာတွဲပြီးပါလာတာဟာ တာဝန်ပါ။ အဲဒီတော့ ပြည်သူတွေကိုတာဝန်လည်းယူစေချင်တယ်၊ တာဝန်လည်းကျေစေချင်တယ်။ ဒီမိုကရေစီဆိုတာပြည်သူကဆင်းသက်လာတာပါ။ ပြည်သူကနေတိုက်ရိုက် ဆင်းသက်တဲ့အာဏာလို့ အဲဒီလိုအဓိပါယ်ဖွင့်ဆိုထားတာပါ။ အဲဒီတော့ပြည်သူကိုယ်၌ကိုယ်က အခွင့်အရေးရော တာဝန်ရောပူးတွဲပြီးယူစေချင်တယ်။ ထမ်းဆောင်စေချင်တယ်။ အဲဒီတော့အစ်မတို့နိုင်ငံမှာ ကိုယ်စီကိုယ်စီ ငါကတော့ဘာအခွင့်အရေးရှိတယ်။ ငါကတော့ဘာတာဝန်ရှိတယ်ဆိုတာကြီးကို သိနေမယ်ဆိုလို့ရှိရင် ငါတို့ပြည်သူတွေဒီလိုမျိူးနိမ့်ကျတဲ့ဘဝကနေ မနေရတော့ဘူးပေါ့နော်။

ကိုယ်စားလှယ်လောင်းကိ်ုယ်ရေးအကျဉ်း
အမည်- ဒေါ်ခိုင်ခိုင်လဲ့
အလုပ်အကိုင်-တရားလွှတ်တော်ရှေ့နေ
ပညာအရည်အချင်း-LL.B
မွေးသက္ကရာဇ်-၁၄.၇.၈၀
လူမျိူး၊ဘာသာ-ဗမာ၊ဗုဒ္ဓ
မှတ်ပုံတင်အမှတ်-၁၂/စခန(နိုင်)ဝ၅၆၁၈၈
လက်ရှိနေရပ်လိပ်စာ-အမှတ်၁၂၇၊ နှင်းဆီဖြူလမ်း၊ ၃၀ရပ်ကွက်၊ သုဝဏ္ဏမြို့နယ်။
ဖခင်အမည်-ဦးလှမြင့်
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်-မွန်ပြည်နယ်၊သထုံမြို့၊ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁)
ယှဉ်ပြိုင်မည့်လွှတ်တော်-ပြည်နယ်လွှတ်တော်၊
လူမှူရေး၊အမျိူးသားရေးလှူပ်ရှားမှူများ(အကျဉ်း)-နာဂစ်မုန်းတိုင်းသင့်ပြည်သူများကယ်ဆယ်ရေး၊ ကချင်စစ်ဘေးရှောင်ပြည်သူများကယ်ဆယ်ရေး၊The Legal Affairs မဂ္ဂဇင်းထုတ်ဝေသူ(အယ်ဒီတာ)၊ ရေဘေးသင့်ပြည်သူများကယ်ဆယ်ရေး။

About မွန်သတင်းအေဂျင်စီ

Check Also

ဘီလူးကျွန်းဒေသ မွန်တို့၏အားအင်

Related

Leave a Reply

%d bloggers like this: