spot_img
Thursday, April 18, 2024
More
    spot_img
    Homeသတင်းရေး ရှေးဟောင်းမြို့သည် သုဝဏ္ဏဘူမိခေတ်ပြိုင်ဟု ပထဝီပညာရှင်ပြော

    ရေး ရှေးဟောင်းမြို့သည် သုဝဏ္ဏဘူမိခေတ်ပြိုင်ဟု ပထဝီပညာရှင်ပြော

    -

    ရှေးရေးမြို့ဟောင်းသည် သုဝဏ္ဏဘူမိနှင့် ခေတ်ပြိုင် ဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၆၀ဝ ရှိသည့် လေးမည်ရမြို့ ဖြစ်ကြောင်း မော်လမြိုင်တက္ကသိုလ်မှ အငြိမ်းစား ပထဝီဝင် ပါမောက္ခ ဒေါက်တာဒေါ်ကြင်စွမ် က ပြောသည်။

    သြဂုတ်လ ၂၃ ရက်နေ့က ရေးမြို့၊ မွန်ဓမ္မာရုံတွင် ပြုလုပ်သည့် “ရေးမြို့ဟောင်းသမိုင်း သုတေသန စာတမ်းဖတ်ပွဲ” ၌ “ရေးမြို့ ဖွံ့ဖြိုးမှုသဏ္ဌာန်နှင့် ခရီးသွားလုပ်ငန်း ဖြစ်တန်ခြေများ” ခေါင်းစဉ်ဖြင့် ဖတ်ကြားသည့် သုတေသနစာတမ်းတွင် ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။

    “ရေးမြို့ဟောင်းသမိုင်း သုတေသန စာတမ်းဖတ်ပွဲ-(AK)
    “ရေးမြို့ဟောင်းသမိုင်း သုတေသန စာတမ်းဖတ်ပွဲ-(AK)

    ဒေါက်တာဒေါ်ကြင်စွမ် က “ဒီနေရာမှာ မြို့ပြတည်ခဲ့တာဟာ ဘုရားသမိုင်းနဲ့ ထပ်တူဖြစ်ကြောင်း ဘယ်လိုမှ ငြင်းလို့ မရပါဘူး။ ကျွန်မတို့ သေချာကွင်းဆင်းလေ့လာပြီးတော့မှ သုတေသနတွေ လုပ်ပါတယ်။ အတိတ်မြို့ဟောင်းကို လေ့လာတဲ့အခါမှာ ကျောက်ခေတ်သစ်လက်နက်များ၊ ရှေးကလူမျိုးတွေရဲ့ လက်ခံယုံကြည်ခဲ့တဲ့ ယဉ်ကျေးမှုအစုစုသည် ရေးမြို့မှာ ဆင့်ကာဆင့်ကာ တွေ့ရှိနေရတာဟာ ကျောက်ခေတ်လက်နက်ကနေ ယနေ့ထိ ဖြစ်ပါတယ်” ဟု အထောက်အထား ဓါတ်ပုံများနှင့်တကွ ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။

    ရေးမြို့ တည်ရာသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၆၀ဝ ခန့်က “ဒေးချိုင်း” ဟူ၍လည်းကောင်း၊ မြို့တည် မာရဒေဝီ မင်းသမီးလက်ထက်တွင် “အဝိဇ္ဇာဇေယျပူရ”၊ “သီဟဇေယျပူရ” ဟူ၍လည်းကောင်း၊ ဟံသာဝတီခေတ်တွင် “ရေး” ဟူ၍လည်းကောင်း လေးမည်ရမြို့ ဖြစ်ကြောင်းကို သမိုင်းအထောက်အထားများ၊ ကောင်းကင်မြေပုံ အထောက်အထားများ၊ သုတေသနပြုချက်များနှင့် ယှဉ်တွဲကာတင်ပြခဲ့သည်။

    ၎င်းပြင် ရေးမြို့ ဖွံ့ဖြိုးမှုပုံသဏ္ဌာန်ကိုလည်း (၁) မာရဒေဝီ မတိုင်မီ (၂) မာရဒေဝီအုပ်စိုးစဉ် (၃) ဟံသာဝတီခေတ် (၄) မဟာနော်ရထာနှင့် စဉ့်ကူးမင်း အုပ်စိုးစဉ်ကာလ (၅) ကိုလိုနီခေတ် (၆) လွတ်လပ်ပြီးခေတ် (၇) ၁၉၇၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်ကြားကာလ ဟူ၍ ထင်ရှားသည့် အချိန်ကာလ ခုနစ်ပိုင်းခွဲကာ တင်ပြသွားခဲ့သည်။

    ဒေါက်တာဒေါ်ကြင်စွမ်သည် ၎င်း၏စာတမ်းကို ပြုစုနိုင်ရန်အတွက် မော်လမြိုင်တက္ကသိုလ်မှ ပါမောက္ခများနှင့်အတူ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလထိ ရေးမြို့နှင့် ပတ်ဝန်းကျင်ဒေသများသို့ ၅ ကြိမ်တိုင် လာရောက်ကာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

    အထက်ပါ စာတမ်းဖတ်ပွဲတွင် ဒေါက်တာဒေါ်ကြင်စွမ် အပါအဝင် မော်လမြိုင် တက္ကသိုလ်မှ ပါမောက္ခများနှင့် အငြိမ်းစား ပါမောက္ခများ၊ ပုသိမ် တက္ကသိုလ်နှင့် ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှ ပါမောက္ခများက ၎င်းတို့ ပြုစုထားသည့် စာတမ်း (၁၀) စောင်ကို ဖတ်ကြားခဲ့သည်။

    စာတမ်း ၁၀ စောင်အနက် ၅ စောင်မှာ ဝိဇ္ဇာဘာသာရပ် ပညာရှင်များ ပြုစုရေးသား တင်ပြသည့် ဝိဇ္ဇာပညာရပ် သုတေသနစာတမ်းများ ဖြစ်ပြီး၊ ကျန် ၅ စောင်မှာ ပထဝီနှင့် သိပ္ပံဘာသာရပ် ပညာရှင်များ ပြုစုရေးသား တင်ပြသည့် သိပ္ပံပညာရပ် သုတေသနစာတမ်းများ ဖြစ်ကြောင်း စာတမ်းဖတ်ပွဲ နာယကတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည့် မန္တလေး တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခ ဒေါက်တာဇော်လင်းက ခွဲခြားသုံးသပ်သည်။

    စာတမ်းဖတ်ပွဲသို့ ကျင်းပရေး ကော်မတီ နာယကများ ဖြစ်သည့် မွန်ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုး၊ လျှပ်စစ်ဝန်ကြီး နိုင်လဝီအောင်နှင့် ရေးမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျင်းပရေး ကော်မတီဝင်များ၊ စာတမ်းပညာရှင်များနှင့် ဒေသအသီးသီးမှ စိတ်ပါဝင်စားသူ ၃၀ဝ ကျော် တက်ရောက်ခဲ့ကြသည်။

    ဖတ်ကြားသည့် စာတမ်းတိုင်းတွင် သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှုပတ်ဝန်းကျင်နှင့် ဆက်နွယ်သည့် အကြောင်းအရာများ ပါဝင်ကြပြီး၊ စာတမ်းရှင်များအား ပြန်လည်မေးမြန်းခြင်း အစီအစဉ်တွင် မေးခွန်း ၁၇ ခုကို စာတမ်းရှင် ၇ ဦးအား မေးမြန်းခဲ့ကြသည်။ ၎င်းအနက် ၁၁ ခုမှာ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ မေးခွန်းများ ဖြစ်ကြသည်။

    ဒေါက်တာဇော်လင်း က “ကျွန်တော်တို့ ရေးမြို့ကို ရောက်ပြီး အကြမ်းဖျင်း လေ့လာကြည့်လိုက်တဲ့အခါမှာ ရေးမြို့ရဲ့ သဘာဝပတ်ဝန်းကျင်ဟာ အများကြီး ကျန်နေတာကို တွေ့ရတော့ သဘာဝပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှုပတ်ဝန်းကျင်ကို မျှခြေလုပ်မယ် ဆိုရင် အများကြီး လုပ်နိုင်မယ်ဆိုတဲ့အတွက် ဒါကလည်း ကျေနပ်အားရစရာ ရှိပါတယ်” ဟု ပြောသည်။

    မွန်ပြည်နယ်တွင် ရှေးဟောင်း မြို့များကို အကြောင်းပြု၍ သုဝဏ္ဏဘူမိမြို့ဟောင်း၊ မုတ္တမမြို့ဟောင်း၊ ဝါခရူမြို့ဟောင်း သုတေသနစာတမ်း ဖတ်ပွဲများကို ယခင်နှစ်များတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။

    စာတမ်းဖတ်ပွဲတွင် ဖတ်ကြားခဲ့သည့် စာတမ်းများနှင့် စာတမ်းရှင်များစာရင်း

    ၁။ ရေးဒေသဆိုင်ရာ ဘာသာရေး ဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာခြင်း
    (ဒေါက်တာမြင့်မြင့်သန်း၊ ပါမောက္ခ၊ အရှေ့တိုင်းပညာဌာန၊ မော်လမြိုင်တက္ကသိုလ်)

    ၂။ ရေးမြို့တွင် တူးဖော်တွေ့ရှိပြီး ပူဇော်ကိုးကွယ်လျက် ရှိသော ရှေးဟောင်း မွန်ဗုဒ္ဓရုပ်ပွားတော် လေးဆူ၏ ယဉ်ကျေးမှု တန်ဖိုး
    (ဒေါက်တာ နန်းလှိုင်၊ လက်ထောက်ကထိက၊ သမိုင်းဌာန၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)

    ၃။ ရေးမြို့ဟောင်းသမိုင်းအား ပဏာမ လေ့လာတင်ပြခြင်း
    (ဒေါက်တာခင်မေအောင်၊ ပါမောက္ခ/ဌာနမှူး၊ သမိုင်းဌာန၊ မော်လမြိုင်တက္ကသိုလ်)
    (ဒေါက်တာဇော်ဝင်း၊ ကထိက၊ သမိုင်းဌာန၊ မော်လမြိုင်တက္ကသိုလ်)

    ၄။ “ရေး” ရှေးဟောင်းမြို့ တည်ထောင်ခဲ့ခြင်းနှင့် စပ်လျဉ်းသည့် ဒေသခံ မွန်လူမျိုးတို့၏ အတွေးအခေါ် အယူအဆ မှတ်တမ်းများ
    (ဒေါက်တာချယ်ရီအောင်၊ တွဲဖက်ပါမောက္ခ၊ အဏ္ဏဝါသိပ္ပံဌာန၊ ပုသိမ်တက္ကသိုလ်)

    ၅။ စာပေထဲက ရေးမြို့ – ရေးမြို့ထဲက ပေစာ
    (ဒေါက်တာမော်မော်အောင်၊ တွဲဖက်ပါမောက္ခ၊ မြန်မာစာဌာန၊ မော်လမြိုင်တက္ကသိုလ်)
    (ဒေါ်မိစန်းစန်းချို၊ နည်းပြ၊ မြန်မာစာဌာန၊ မော်လမြိုင်တက္ကသိုလ်)

    ၆။ ရေးမြို့နှင့် ပတ်ဝန်းကျင်ဒေသ၏ ဘူမိဗေဒနှင့် ဂဝံကျောက် ဖြစ်တည်မှုကို လေ့လာဆန်းစစ်ခြင်း
    (ဒေါက်တာယဉ်ယဉ်အေး၊ ပါမောက္ခ/ဌာနမှူး၊ ဘူမိဗေဒဌာန၊ မော်လမြိုင်တက္ကသိုလ်)
    (ဦးဇော်လွင်ဦး၊ ကထိက၊ ဘူမိဗေဒဌာန၊ မော်လမြိုင်တက္ကသိုလ်)
    (ဦးဌေးသွင်၊ ဘူမိဗေဒပညာရှင်၊ ရေးမြို့၊ ယခင်ဘူမိဗေဒဌာန၊ မော်လမြိုင်တက္ကသိုလ်)

    ၇။ ရေးမြို့ ဆေးတောင်ရှိ သဘာဝပေါက်ပင်အမျိုးမျိုးနှင့် တန်ဖိုးရှိ ဆေးဘက်ဝင်အပင်များကို လေ့လာခြင်း
    (ဒေါက်တာမာလာအောင်၊ ပါမောက္ခ/ဌာနမှူး၊ ရုက္ခဗေဒဌာန၊ မော်လမြိုင်တက္ကသိုလ်)
    (ဒေါက်တာမိုးမိုးခိုင်၊ တွဲဖက်ပါမောက္ခ၊ ရုက္ခဗေဒဌာန၊ မော်လမြိုင်တက္ကသိုလ်)
    (ဦးမြင့်သူ၊ ကထိက၊ ရုက္ခဗေဒဌာန၊ မော်လမြိုင်တက္ကသိုလ်)

    ၈။ ရေးမြို့ ဖွံ့ဖြိုးမှု ပုံသဏ္ဌာန်နှင့် ခရီးသွားလုပ်ငန်း ဖြစ်တန်ခြေများ
    ဒေါက်တာဒေါ်ကြင်စွမ်၊ ပါမောက္ခ (ငြိမ်း)၊ ပထဝီဝင်ဌာန၊ မော်လမြိုင်တက္ကသိုလ်)

    ၉။ ရေးမြို့ ပတ်ဝန်းကျင်ရှိ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတွင် တောရိုင်းသတ္တဝါများ၏ အခန်းကဏ္ဍ
    (ဒေါက်တာအေးမိစံ၊ တွဲဖက်ပါမောက္ခ၊ သတ္တဗေဒဌာန၊ မော်လမြိုင်တက္ကသိုလ်)

    ၁၀။ ရေးမြို့နယ် ကမ်းရိုးတန်းဇုံ၏ သယံဇာတ အရင်းအမြစ်များ၊ ယင်းတို့ကို ထုတ်ယူသုံးစွဲမှု အခြေအနေနှင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ရန်များ တင်ပြခြင်း
    (ဒေါ်စုစုလှိုင်၊ ကထိက၊ အဏ္ဏဝါသိပ္ပံဌာန၊ ပုသိမ်တက္ကသိုလ်)
    (ဒေါက်တာဌေးအောင်၊ ပါမောက္ခချုပ်၊ မော်လမြိုင်တက္ကသိုလ်)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts