spot_img
Tuesday, April 16, 2024
More
    spot_img
    Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ သတင်းမွန်ကိုယ်စားလှယ်လောင်းများ လွှတ်တော်ရောက်ရေး ရေးမြို့တွင် အောင်နိုင်ရေးအဖွဲ့ ဖွဲ့မည်

    မွန်ကိုယ်စားလှယ်လောင်းများ လွှတ်တော်ရောက်ရေး ရေးမြို့တွင် အောင်နိုင်ရေးအဖွဲ့ ဖွဲ့မည်

    -

    ရေးမြို့နယ်လုံးဆိုင်ရာ မွန်တိုင်းရင်းသား ညီညွတ်ရေး ဆွေးနွေးပွဲ(Facebook)
    ရေးမြို့နယ်လုံးဆိုင်ရာ မွန်တိုင်းရင်းသား ညီညွတ်ရေး ဆွေးနွေးပွဲ(Facebook)
    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – လွှတ်တော်အသီးသီးသို့ မွန်တိုင်းရင်းသား ကိုယ်စားလှယ် အရေအတွက် အများအပြား ရောက်ရှိရေး ရည်ရွယ်ချက်ဖြင့် ရွေးကောက်ပွဲ အောင်နိုင်ရေး

    အကျိုးဆောင်အဖွဲ့ (ရေးမြို့နယ်) ကို ဖွဲ့စည်းရန် ရေးမြို့နယ်ခံ မွန်တိုင်းရင်းသားများက ဆုံးဖြတ်ခဲ့ကြသည်။

    သြဂုတ်လ ၁၁ ရက်နေ့တွင် ရေးမြို့၊ မွန်ဓမ္မာရုံ၌ ပြုလုပ်သည့် ရေးမြို့နယ်လုံးဆိုင်ရာ မွန်တိုင်းရင်းသား ညီညွတ်ရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် သံဃာတော်များ၊ မြို့နယ်၏ (အရပ်လေးမျက်နှာ) ဒေသ ၄ ခုမှ ဒေသခံများက ထိုသို့ ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

    “မွန်ပါတီတွေက အချင်းချင်း ညှိနှုိင်းဖို့ အလားအလာ မရှိတော့လို့၊ တစ်ချို့က တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ဖို့ အကြံပေးကြတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ M 23 ရဲ့ ရပ်တည်ချက်အတိုင်း ပါတီ ၂ ခုက ကိုယ်စားလှယ်လောင်းတွေထဲကပဲ ကောင်းမယ်ထင်တဲ့ ကိုယ်စားလှယ်ကို ရွေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်” ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ရေးမြို့မှ ကိုစိုး က ပြောသည်။

    ရေးမြို့နယ် မြောက်ပိုင်း လမိုင်းမြို့ခံလည်း ဖြစ်၊ လွတ်လပ်သော မွန်အမျိုးသား ရွေးကောက်ပွဲ အောင်နိုင်ရေး အကျိုးဆောင်အဖွဲ့၏ ပြောခွင့်ရလည်း ဖြစ်သည့် မင်းရဲမွန်က “ဒေသတစ်ခုဆို ကိုယ်စားလှယ် ၅ ယောက်၊ အားလုံး ကိုယ်စားလှယ် အယောက် ၂၀ ရွေးဖို့ ဆုံးဖြတ်ထားတယ်။ လောလောဆယ်တော့ ဆွေးနွေးပွဲ တက်ရောက်လာတဲ့ ဒေသ ၄ ခုက ခေါင်းဆောင်တစ်ယောက်စီကိုပဲ ရွေးရသေးတယ်” ဟု ပြောသည်။

    ဆွေးနွေးပွဲသို့ ကျောင်းရွာ စသည့် ရေးမြို့နယ် အရှေ့ပိုင်း၊ ကလော့၊ ဟံဂံ၊ ခေါဇာ စသည့် ရေးမြို့နယ် တောင်ပိုင်း၊ ဖာလိန်ဒေသ ရေးမြို့နယ် အနောက်ပိုင်းနှင့် လမိုင်း၊ မော့ကနင် စသည့် ရေးမြို့နယ် မြောက်ပိုင်းမှ ဒေသခံ နှစ်ရာကျော်နှင့် သံဃာတော်များ တက်ရောက်ဆွေးနွေးကြသည်။

    ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် လွှတ်တော်အသီးသီးသို့ မွန်တိုင်းရင်းသား ကိုယ်စားလှယ် အရေအတွက် အများအပြား ရောက်ရှိရေးသည် လွတ်လပ်သော မွန်အမျိုးသား ရွေးကောက်ပွဲ အောင်နိုင်ရေး အကျိုးဆောင်အဖွဲ့ (M23) ၏ ရည်ရွယ်ချက် ဖြစ်ပြီး လာမည့် ရွေးကောက်ပွဲတွင် မွန်လူထုမဲများ မကွဲစေရန် မဲဆန္ဒနယ်တစ်ခုတွင် မွန်ကိုယ်စားလှယ်လောင်းတစ်ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် အချင်းချင်း ညှိနှုိင်းကြရန် အဓိက မွန်နိုင်ငံရေးပါတီ ၂ ခု ဖြစ်သည့် မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီများသို့ မေတ္တာရပ်ခံစာ ပေးပို့၍လည်းကောင်း၊ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ၍လည်းကောင်း ညှိနှုိင်းခဲ့ပြီးသည်။

    သို့သော်လည်း မွန်ပါတီများက အချင်းချင်း ညှိနှုိင်းကြမည့် လက္ခဏာများကို မတွေ့ရခြင်းနှင့် မဲဆန္ဒနယ် အသီးသီးတွင် မိမိတို့ ကိုယ်စားလှယ်လောင်းများ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်းတွင် (M23) အပါအဝင် သံဃာတော်များ၊ ၁၉၉၀ နှင့် ၂၀၁၀ မွန်လွှတ်တော် ကိုယ်စားများနှင့် မွန်အရပ်ဖက် အဖွဲ့အစည်းများက မည့်သည့်ပါတီကို ဘက်မလိုက်ဘဲ မွန်အမျိုးသား အကျိုးကို သယ်ပိုးနိုင်မည်ဟု ယုံကြည်ရသည့် မွန်ပါတီများမှ ကိုယ်စားလှယ်လောင်းများကိုသာ မဲပေးနိုင်ရေး ဦးတည်ကာ စုပေါင်းအားထုတ်ကြိုးပမ်းသွားမည်ဟု ဇူလိုင်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

    ယခုလာမည့် ရွေးကောက်ပွဲအတွက် မွန်ပါတီအချင်းချင်း ညှိနှုိင်းကြမည် မဟုတ်တော့သည့်အတွက် မွန်အမျိုးသားရေး လှုပ်ရှားသူအချို့က အချို့မြို့နယ်များတွင် မိမိတို့ အစီအစဉ်ဖြင့် ပါတီ ၂ ခုမှ အပဖြစ်သည့် ပုဂ္ဂိုလ်ကို တစ်သီးပုဂ္ဂလအနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့ကြပြီး၊ အချို့မြို့နယ်များတွင် ပါတီ ၂ ခုမှ မိမိတို့ လက်ခံနိုင်သည့် ကိုယ်စားလှယ်ကို အတိအလင်း ကြေညာကာ ပါတီ ၂ ခုလုံးသို့ အကြောင်းကြားခဲ့ကြသည်။

    လာမည့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၁ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၂ နေရာ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၂ နေရာ ရှိပြီး၊ ထို ၅ နေရာလုံးတွင် အထက်ပါ မွန်ပါတီ ၂ ခုမှ ကိုယ်စားလှယ်လောင်း ၅ ဦးစီ ဝင်ရောက်ယှဉ်ပြိုင်ရန် ပဏာမစာရင်းများ ထုတ်ပြန်ထားကြပြီး ဖြစ်သည်။

    သြဂုတ်လ ၁၂ ရက်နေ့ထိ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လှျောက်ထားသည့် စာရင်းအရ ရေးမြို့နယ် မဲဆန္ဒနယ် ၅ ခုလုံးအတွက် မွန်အမျိုးသားပါတီ ကိုယ်စားလှယ် ၅ ဦး အမည်စာရင်းကို တွေ့ရှိရပြီး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကိုယ်စားလှယ်လောင်းအမည် မပါရှိသေးကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,300SubscribersSubscribe
    spot_img

    Latest posts