spot_img
Thursday, March 28, 2024
More
    spot_img
    Homeမေးမြန်းချက်နိုင်ဟံသာနှင့် မေးမြန်းဖြေကြားချက်

    နိုင်ဟံသာနှင့် မေးမြန်းဖြေကြားချက်

    -

    နိုင်ဟံသာ(Internet)
    နိုင်ဟံသာ(Internet)
    လက်ရှိတစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးရေးနှင့်ပတ်သက်ပြီး NCCT ခေါင်းဆောင်နှင့် SD အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ “နိုင်ဟံသာ”နှင့် လွတ်လပ်သောမွန်သတင်း
    အေဂျင်စီ IMNA အယ်ဒီတာ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံဖြစ်ပါသည်။

    IMNA-ဆရာနိုင်ဟံသာခင်ဗျား- လွန်ခဲ့တဲ့ရက်ပိုင်း ဇူလိုင်(၂၂-၂၃-၂၄)ရက်တွေမှာ တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ဆွေးနွေးညှိနှိုင်းခဲ့ကြရာမှာ တိုင်းရင်းသားတွေဘက်ကတောင်းဆိုနေတဲ့ အပစ်ရပ်လက်မှတ်ထိုးရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်ရေးနဲ့ပတ်သက်ပြီး အမြင်မတူ တစ်ဆို့နေတယ်လို့ကြားသိရပါတယ်၊ မှန်ပါသလားခင်ဗျား?

    နိုင်ဟံသာ။ ။ မှန်ပါတယ်။ အမြင်မတူလို့ သဘောတူညီမှုမရနိုင်သေးတဲ့ အချက် ၃-၄ ချက်လောက်ကျန်တဲ့အထဲမှာ ဒီအချက်ဟာ ညှိနှိုင်းဖို့အခက်ဆုံးလို့ ခန့်မှန်းရပါတယ်။ ဒီအချက်ဟာ ယခုအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ (SD) အနေနဲ့လာဆွေးနွေးမှ တစ်ဆို့တာမဟုတ်ဘူး၊ ယခင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) အနေနဲ့ လာဆွေးနွေးကတည်းက အမြင်မတူ တစ်ဆို့လာခဲ့တဲ့အချက်ဖြစ်ပါတယ်။

    IMNA- ဆရာတို့ (SD) အဖွဲ့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်ရေးအတွက် ဘယ်လိုအမြင် နဲ့ ဘာကြောင့်တောင်းဆိုရတာလဲ-?

    နိုင်ဟံသာ။ ။ ကျနော်တို့ အစိုးရနဲ့ အခုဆွေးနွေးနေတာဟာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက်ဖြစ်တယ်။ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးကိုဦးတည်မယ်ဆိုရင် အချို့အဖွဲ့နဲ့အပစ်ရပ်ပြီးအချို့အဖွဲ့နဲ့အပစ်မရပ်ပဲ ဆက်တိုက်နေ ကြမယ်ဆိုရင်တော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုတာ အဓိပ္ပါယ်မရှိတော့ဘူး။ ဒါဟာစုစည်းနေတဲ့ရန်သူ ကို ခွဲပြီးချေမှုန်းတဲ့နည်းဗျူဟာပဲဖြစ်တယ်။ ဒါမျိုးကိုကျနော်တို့ဘက်က လက်မခံနိုင်ဘူး။ ရိုးသားမှန်ကန်တဲ့ အမြင်သဘောထားနဲ့ နိုင်ငံရေးပြဿနာကို ပြေလည်စေချင်ရင် ဒီလိုမလုပ်သင့်ဘူး။ ကျနော်တို့ဘက်က တောင်း ဆိုတာက အပစ်ရပ်လက်မှတ်ထိုးရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲအားလုံးပါဝင်ဖို့လိုတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးအချို့အဖွဲ့က ကျနော်တို့ညှိနှိုင်းဆွေးနွေးသဘောတူချုပ်ဆိုတဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်အပေါ် သဘောမတူလက်မခံနိုင်လို့ မပါဝင်လိုဘူးဆိုရင် သူတို့ကိုချန်ထားလို့ရတယ်။ ဒါပေမဲ့ ကျနော်တို့ တလျှောက်လုံးပူးပေါင်းပြီး အပစ်ရပ်စဲရေးအတွက်ဆွေးနွေးလာကြတဲ့ (NCCT) အဖွဲ့ဝင်(၁၆)ဖွဲ့နဲ့ နောက်ပိုင်း ဖွဲ့စည်းလာတဲ့ (SD) အဖွဲ့မှာထပ်ပါလာတဲ့ ကျောင်းသားတပ်မတော် (ABSDF) အပါအဝင် (၁၇) ဖွဲ့ကိုတော့ အားလုံးပါဝင်နိုင်ဖို့ ကျနော်တို့ဘက်ကတောင်းဆိုနေတာဖြစ်တယ်။

    IMNA-အစိုးရဘက်ကတင်ပြတဲ့ အချို့အဖွဲ့တွေကိုချန်ထားမယ်ဆိုရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်မလဲ ?

    နိုင်ဟံသာ။ ။ ဒါဟာကျနော်တို့ဘဝတူ ကံကြမ္မာတူ အတိုက်အခံအင်အားစုတွေရဲ့ စုစည်းမှုကိုခွဲပြီး ချေမှုန်းဖို့ကိုဦးတည် နေတာဖြစ်လို့ ကျနော်တို့ဘက်ကလက်မခံနိုင်ဘူး။ ဒီလိုအခွဲခံရင် ရေရှည်မှာအားလုံး ချေမှုန်းခံရမှာဖြစ်တယ်။ စုစည်းညီညွတ်တဲ့အင်အားနဲ့သာ ပန်းတိုင်ကိုရောက်နိုင်တာမို့ စုစည်းနေတဲ့အားကို ထိန်းသိမ်းထားဖို့လိုတယ်။ တဘက်မှာ ကိုယ်ကျိုးကြည့်အမြင်နဲ့ အစိုးရဘက်ကလက်မခံတဲ့အဖွဲ့တွေကို ချန်ထားခဲ့မယ်ဆိုရင် ရေရှည်လက်တွဲ လာတဲ့ ဘဝတူတော်လှန်ရေး ရဲဘော်ရဲဘက်တွေအပေါ် သစ္စာဖေါက်ရာကျလိမ့်မယ်။ အစိုးရဘက်ကနေ ပြန်သုံးသပ်ဖို့က အဖွဲ့အားလုံးပါဝင်လာရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်စရာရှိလဲ။ ပကတိအခြေအနေကို ပြန်သုံးသပ်ကြည့်ရင် ကျနော်တို့တိုင်းရင်းသားလူမျိုးတွေဟာ မိမိတို့ဆိုင်ရာဒေသနဲ့ ပြည်နယ်ထဲမှာပဲ နေထိုင်ကြတာမဟုတ်ဘူး။ ဥပမာ- မွန်ပြည်နယ်မှာ ကရင်တွေရှိသလို ကရင်ပြည်နယ်ထဲမှာလည်း မွန်တွေရှိတယ်။ ကချင်ပြည်နယ်မှာရှမ်းတွေရှိသလို ရှမ်းပြည်နယ်ထဲမှာလည်း ကချင်တွေရှိတယ်။ အဲဒီတော့ မွန်တွေ ကချင်တွေနဲ့ပဲအပစ်ရပ်ပြီး ကရင်တွေ ရှမ်းတွေနဲ့အပစ်မရပ်ရင် မွန်ပြည်သူတွေ ကချင်ပြည်သူတွေ အေးအေးချမ်းချမ်းနေနိုင်မှာမဟုတ်ဘူး။

    တော်လှန်ရေးလှုပ်ရှားမှု နယ်မြေကိုပြန်ကြည့်ရင် မွန်တော်လှန်ရေးလှုပ်ရှားမှုဟာ ကရင်ပြည်နယ်ထဲမှာ လှုပ်ရှားနေတာရှိသလို ကရင်တော်လှန်ရေးလှုပ်ရှားမှုကလည်း မွန်ပြည်နယ်မှာလှုပ်ရှားနေတာရှိတယ်။ ဒါကနီးကပ်ထိစပ်နေတဲ့ လူမျိုးတွေရဲ့အနေအထား။ ရခိုင်တော်လှန်ရေးအင်အားစုတွေဆိုရင် သူတို့နယ်မြေနဲ့ဝေးလံတဲ့ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေထဲမှာလည်း လှုပ်ရှားနေကြတယ်။ ဘဝပေးအသိနဲ့ အဖိနှိပ်ခံဘဝတူ လူမျိုးအချင်းချင်း အပြန်အလှန်အကူအညီပေးနေကြတာဖြစ်လို့ အဖွဲ့တချို့နဲ့အပစ်ရပ်ပြီး ကျန်အဖွဲ့ကိုတိုက်မယ်ဆိုရင် အချင်းချင်း မကူညီပဲနေကြမှာမဟုတ်ဘူး။ ဒီကျန်နေတဲ့စစ်ပွဲဟာကျန်ပြန့်လာမှာဖြစ်တယ်။ ဆိုလိုတာက မီးကြွင်းမီးကျန် ကနေ တအိမ်လုံးကိုလောင်ပြီး တရွာလုံးကို ကူးဆက်သွားနိုင်ပါတယ်။ ဒါကြောင့် တပြည်လုံးအတိုင်းအတာနဲ့ အပစ်ရပ်စဲနိုင်မှပဲ ငြိမ်းချမ်းရေးဟာ ရေရှည်တည်တံ့နိုင်မှာဖြစ်တယ်။

    IMNA- အစိုးရဘက်က ကိုးကန့် ပလောင်နဲ့ ရခိုင်တပ်မတော်(AA) အဖွဲ့တွေကို အပစ်ရပ်စဲရေးမှာလက်မခံနိုင် ဘူးလို့ ပြောနေတာကြားသိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာကြောင့်ငြင်းပယ်နေတယ်လို့ ဆရာမြင်လဲ?

    နိုင်ဟံသာ။ ။ ဒီသုံးဖွဲ့နဲ့ပတ်သက်ပြီး ကြားသိရတဲ့သူတို့သဘောထားကတော့ ကိုးကန့်အပေါ်မှာယခင်(၂၀၀၉)ခုကနဲ့ ဒီနှစ်ရဲ့နှစ်ဆန်းပိုင်းမှာဖြစ်ပျက်ခဲ့တဲ့ တိုက်ခိုက်မှုတွေအပေါ် နာကျည်းနေပုံရတယ်။ ပလောင် (ခေါ်) တအာင်းအဖွဲ့ အပေါ်မှာတော့ သူတို့ရဲ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဒေသခံပြည်သူ့စစ်တွေကို လိုက်လံအရေးယူတိုက်ခိုက်နေလို့ နာကျည်းနေတာဖြစ်တယ်။ ရခိုင် (AA)အပေါ်မှာတော့ ရခိုင်ပြည်နယ်ဘက်ကိုဆင်းလာပြီး လှုပ်ရှားနေလို့ဖြစ်တယ်။ တကယ်လို့ သူတို့ရဲ့မူလအခြေပြုရာ ကချင်ပြည်နယ်မှာပဲလှုပ်ရှားရင် ပြဿနာမရှိဘူးလို့ဆိုပါတယ်။ ဒီသုံးဖွဲ့ အထဲက ကိုးကန့်အဖွဲ့အပေါ်မှာ နာကျည်းမှုက ပိုပြီးပြင်းထန်နေပါတယ်။ ဒါတွေနဲ့ပတ်သက်ရင် ကျနော်တို့အမြင်က အချင်းချင်းတိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ သမိုင်းကြောင်းတွေကို ပြန်ကောက်နေမယ်ဆိုရင် နှစ်ဘက်စလုံးမှာ နာကျည်းမှုတွေရှိနေတာပဲ။ ပလောင်နဲ့ ရခိုင်(AA) တို့ဘက်က မနှစ်ကစက်တင်ဘာလ လိုင်ဇာဗိုလ်သင်တန်းကျောင်းမှာ မြန်မာ့တပ်မတော်လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ သူတို့ရဲ့ ဗိုလ်လောင်းအဖွဲ့ဝင်တွေ အများအပြား ထိခိုက်သေဆုံးခဲ့ရတဲ့အပေါ် နာကျည်းနေတာပဲ။ ရှေ့တန်းစစ်မျက်နှာမှာလည်းမဟုတ်၊ စစ်ပူကာလတဘက် နဲ့တဘက် အပြတ်အသတ်တိုက်ခိုက်နေတဲ့ ကာလလည်းမဟုတ်ပဲနဲ့ ဒီလိုအဝေးကနေလှမ်းပြီးပစ်ခတ်ခဲ့တဲ့အပေါ် သူတို့ဘက်ကတော်တော်လေး မကျေမချမ်းဖြစ်ခဲ့ရတယ်။ ကိုးကန့်အဖွဲ့ကလည်း ဒီနှစ် နှစ်ဆန်းပိုင်းမှာဖြစ်ခဲ့တဲ့ လောက်ကိုင်ဒေသတိုက်ပွဲမှာ သာမာန်အရပ်သား လောက်ကိုင်မြို့ကပြည်သူတွေ များစွာသေဆုံးခဲ့ရတဲ့အပေါ်မှာ မကျေနပ်ချက်တွေ ရှိနေတယ်လိို့ုသိရတယ်။ ဒါပေမဲ့ ဒီလိုအတိတ်က နာကျည်းမှုတွေကိုပဲဆက်ပြောနေရင် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာမဟုတ်ဘူး။ ငြိမ်းချမ်းရေးကိုမတည်ဆောက်နိုင်ရင် နောက်ထပ်ဒီလိုအဖြစ်မျိုးတွေ ထပ်ပြီးကြုံတွေ့နေရမှာဖြစ်လို့ ဒါတွေကိုအမြန်အဆုံးသတ်နိုင်ဖို့ အဓိကထားဖို့လိုတယ်ဆိုပြီး အများကဖျောင်းဖျ ပြောဆိုတာကိုလက်ခံလို့ ဆက်လက်ပါဝင်ဆွေးနွေးနေကြတာဖြစ်တယ်။ နိုင်ငံရေးမှာသဘောထားကြီးဖို့၊ သီးခံခွင့်လွှတ်သင့်တာတွေကို သီးခံခွင့်လွှတ်ဖို့နဲ့ ပန်းတိုင်ကိုဦးတည်ပြီး ရှေ့ကိုဆက်လှမ်းနိုင်ဖို့ကိစ္စကိုအဓိက ထားရမှာဖြစ်တယ်။

    IMNA- ဒီလိုအမြင်မတူနေတာမျိုးရှိနေရင် ဒီ ၂၀၁၅- ရွေးကောက်ပွဲမတိုင်ခင်မှာ အပစ်အခတ်ရပ်စဲရေး လက် မှတ်ထိုးနိုင်မယ့် အလားအလာရှိနိုင်ပါ့မလား-

    နိုင်ဟံသာ။ ။ သဘောတူညီမှုရမယ်ဆိုရင်တော့ထိုးဖြစ်မယ်။ သဘောတူညီမှုမရရင်တော့ ထိုးဖြစ်မှာမဟုတ်ဘူး။ သဘောတူညီမှုရဖို့ဆိုရင် နှစ်ဖက်အကြားနားလည်မှုနဲ့ လက်ခံနိုင်မှုရှိတဲ့အပေါ်မူတည်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေဘက်ကတော့ တရားမှျတပြီးလွတ်လပ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်လာရေးနဲ့ ဒီမိုကရေ စီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်တည်ဆောက်ရေးအတွက် လွတ်လပ်ပွင့်လင်းစွာဆွေးနွေးဆုံးဖြတ်ခွင့် တွေရှိမယ်ဆိုရင်လက်မှတ်ထိုးမှာပါ။

    IMNA- ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဘာကြောင့်ခက်ခဲကြန့်ကြာနေရတာလဲ-?

    နိုင်ဟံသာ။ ။ ယခင်အဆက်ဆက်က အာဏာရအစိုးရတွေရဲ့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ဖို့လုပ်ဆောင်ကြ ရာမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ လက်နက်ကိုင်တပ်တွေကိုဖျက်သိမ်းရေးမှာပဲ အလေးထားလုပ် ဆောင်ခဲ့ကြတယ်။ နိုင်ငံရေးပြဿနာကိုဆွေးနွေးဖြေရှင်းဖို့တခါမှမလုပ်ဆောင်ခဲ့ကြဘူး။ တိုင်းရင်းသားတွေ လက်နက်ကိုင်တိုက်ပွဲဝင်နေကြတာဟာ သူတို့ရဲ့ အမျိုးသားဆိုင်ရာအခွင့်အရေးတွေရရှိဖို့အတွက်ဖြစ်တယ်။ သူတို့ရဲ့ လက်နက်တွေကိုသိမ်း သူတို့တပ်ဖွဲ့တွေကိုဖျက်သိမ်းတာပဲလုပ်ပြီး သူတို့တောင်းဆိုနေတဲ့ အမျိုးသားဆိုင်ရာ အခွင့်အရေးတွေမရလို့ လူငယ်လူသစ်တွေက လက်နက်အသစ်တွေရှာ လူသစ်တွေစုပြီး ပြန်လည်တော်လှန်နေကြတာကြောင့် ဒီလက်နက်ကိုင်ပဋိပက္ခ ရှည်ကြာနေရတာဖြစ်တယ်။ ရိုးသားမှန်ကန်တဲ့စေတနာနဲ့ တွေ့ဆုံဆွေးနွေးပြီး တန်းတူညီမျှတဲ့ အခွင့်အရေးတွေဖန်တီးပေးမယ်ဆိုရင် ဒီပြဿနာဟာ ဖြေရှင်းဖို့မခဲယဉ်းပါဘူး။ သူတို့ စွပ်စွဲနေသလို တိုင်းရင်းသားအင်အားစုတွေက ခွဲထွက်ရေးကိုဦးတည်နေတာမဟုတ်ဘူး။ အမျိုးသားဆိုင်ရာအခွင့်အရေးမှာ တန်းတူညီမှျပြီး မိမိအမျိုးသားကံကြမ္မာကို မိမိတို့ဖန်တီးနိုင်ခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် ရုန်းကန်တော်လှန်တိုက်ပွဲဝင်နေကြတာဖြစ်တယ်။ ဒါကြောင့် နိုင်ငံမှာလူမျိုးတမျိုးထဲ ချုပ်ကိုင်ချယ်လှယ်လွှမ်းမိုးမှုမရှိတဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုအသွင်ကို ပြုပြင်ဖန်တီးလိုက်မယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေး ကိုအမြန်တည်ဆောက်နိုင်မှာပါ။

    IMNA-ဒီလိုစိတ်ရှည်လက်ရှည်နဲ့ ဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts