spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းအံဒင်အရေး စစ်ဆေးခံရသူ ၂၆ ခြောက်ဦးအမှု ဒေသခံများ အလုံးအရင်းဖြင့်လာရောက်ပူးပေါင်းအစစ်ခံ

    အံဒင်အရေး စစ်ဆေးခံရသူ ၂၆ ခြောက်ဦးအမှု ဒေသခံများ အလုံးအရင်းဖြင့်လာရောက်ပူးပေါင်းအစစ်ခံ

    -

    အံဒင် ကျောက်မီးသွေးစက်ရုံ စီမံကိန်း ထောက်ခံသူ၏ တိုင်ကြားချက်ကြောင့် ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်ခံထားရသည့် ရေးမြို့နယ်၊ နှစ်ကရုတ်ကျေးရွာ ဥက္ကဌ အပါအဝင် စီမံကိန်း ကန့်ကွက်သူ ၂၆ ဦးအား ရေးမြို့မ ရဲစခန်းက ဇွန်လ ၂၅ ရက်နေ့တွင် ဆင့်ခေါ်စစ်ဆေးရာ၌ အံဒင်ကျေးရွာအုပ်စုရှိ ရွာ ၄ ရွာဒေသခံများက အလုံးအရင်းဖြင့် လာရောက်ပူးပေါင်း အစစ်ခံကြသည်။

    လာရောက်ပူးပေါင်း အစစ်ခံသူများတွင် အံဒင်၊ နှီးကရုတ်၊ ရွာသစ်၊ သာဂရံ ရွာများမှ ပါဝင်ပြီး ကောက်ခံရရှိသည့် စာရင်းအရ အင်အား ၃၅၁ ဦးပါဝင်ကာ မော်တော်ကား ၁၉ စီး၊ မော်တော်ဆိုင်ကယ် ၅၀ ကျော်ဖြင့် ၁၄ မိုင်ကျော် ကွာဝေးသည့် အံဒင်ကျေးရွာအုပ်စုမှ ရေးမြို့သို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။

    အံဒင်အရေး ဒေသခံများလာရောက်ပူးပေါင်းအစစ်ခံသူများ(IMNA)
    အံဒင်အရေး ဒေသခံများလာရောက်ပူးပေါင်းအစစ်ခံသူများ(IMNA)

    “မြေဝယ်တဲ့လူကို ကန့်ကွက်တဲ့ အထဲမှာ ကျွန်တော်တို့လည်း ပါတယ်။ ဘာ့ကြောင့် ဒီ ၂၆ ယောက်ကိုပဲ ခေါ်စစ်ရတာလဲ။ သူတို့က ကျွန်တော်တို့အားလုံး ကိုယ်စား အစစ်ခံနေရသလို ဖြစ်နေတယ်။ ဒါ့ကြောင့် သူတို့နဲ့အတူ ပူးပေါင်းထွက်ဆိုဖို့ ခုလိုလိုက်လာတာ” ဟု ဆင့်ခေါ်ခံရသူတို့နှင့်အတူ ရေးမြို့မ ရဲစခန်းသို့ လိုက်ပါလာသူ အံဒင်ရွာသား ဦးညွန့်ဝင်း က ပြောသည်။

    အံဒင် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်းအတွက် ယမန်နှစ်က မြေယာဝယ်ယူပေးနေသူဟု ဒေသခံများက မှတ်ယူထားသည့် သာဂရမ်ရွာသူ မရီဌေး က မေလ ၁၅ ရက်နေ့တွင် နှီးကရုတ်ရွာ၌ မြေယာကိစ္စနှင့် ပတ်သက်၍ လှုပ်ရှားဆောင်ရွက်မှုကို အံဒင်၊ နှီးကရုတ်၊ ရွာသစ်၊ သာဂရမ်၊ နှီးနှူရွာများမှ ဒေသခံ အင်အား ၃၀ဝ ကျော်က ကျောက်မီးသွေးစက်ရုံ အလိုမရှိ ကြွေးကြော်သံများဖြင့် ဝိုင်းဝန်းကန့်ကွက်ခဲ့ကြသည်။

    ယင်းဖြစ်ရပ်ကို မေလ ၂၅ ရက်နေ့ ရက်စွဲဖြင့် မရီဌေး၊ ဦးသာတေ၊ ဒေါ်ကြည်လင်း၊ မခင်ခင်ထွေး (၄) ဦးတို့က ရေးမြို့နယ် ရဲစခန်းသို့ တိုင်ကြားခဲ့ပြီး၊ ရေးမြို့မ ရဲစခန်းက မေလ ၂၆ ရက်နေ့ ရက်စွဲဖြင့် နှစ်ကရုတ်ကျေးရွာ ဥက္ကဌ ဦးအောင်မြင့်ရှိန်အား ပြစ်မှုပုဒ်မ ၄၅၁၊ ၄၂၇၊ ၄၄၇၊ ၅၀၆ (သာမန် လက်ရောက်မှု၊ အကျိုးစီးပွား ပျက်စီးစေမှု၊ နေအိမ်ကျော်နင်းမှု၊ ကြိမ်းမောင်းမှု) များဖြင့် အမှုဖွင့်ခဲ့ပြီး ဆင့်ခေါ်စစ်ဆေးရာမှ ဒေသခံများက ယခုကဲ့သို့ အလုံးအရင်းဖြင့် လာရောက်ထွက်ဆိုအစစ်ခံကြခြင်း ဖြစ်သည်။

    မရီဌေး ပါ ၄ ဦး၏ တိုင်ကြားစာတွင် “သာဂရမ်ကျေးရွာနေ မရီဌေးသည် ကျောက်မီးသွေးဓာတ်အားပေး စက်ရုံ တည်ဆောက်ရေးကိစ္စတွင် စက်ရုံဖြစ်မြောက်ရေးအတွက် ထောက်ခံသူတစ်ယောက် ဖြစ်ပါသည်” ဟု ပါရှိသည်။

    ၎င်းအပြင် “မရီးဌေးမှာ လယ်မြေရှိပြီး (၁၅- ၅- ၂၀၁၅) ရက်နေ့တွင် နှီးကရုတ်ကျေးရွာသို့ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ရရှိရန်အတွက် လယ်နီးနားချင်း၊ မိတ်ဆွေလယ်သမားများထံသို့ သွားရောက်တိုင်ပင်ကြရာ ထိုအချိန်တွင် ဦးအောင်မြင့်ရှိန်း က ပြဿနာရှာကာ ကျေးရွာအသီးသီးမှ အကြမ်းဖက်လူမိုက်များကို စုပေါင်းကာ မရီဌေးကို ရန်လိုရန်ဖွဲ့ ခြိမ်းခြောက်၍” ဟု ပါရှိသည်။

    “ထို့အပြင် ဦးသာတေ၊ ဒေါ်ကြည်လင်းတို့ နေအိမ်ပေါ်သို့ ထပ်မံ၍ ဦးအောင်မြင့်ရှိန်း ဦးဆောင်သည့် လူမိုက်များက အိမ်ကို ဝိုင်းရံ ခြံစည်းရိုး ဖျက်ဖြိုခြင်း၊ အိမ်ပေါ်သို့တက်၍ တုတ်ဆွဲဓားဆွဲဖြင့် သတ်မည်ဖြတ်မည်ဟု ကြိမ်းမောင်းကာ — “ စသည်ဖြင့်လည်း တိုင်ကြားချက်တွင် ပါရှိသည်။

    အံဒင်ကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်မောင်ရှင် က “ရီဌေး ဆိုသူက အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်၊ ပုံစံ ၇ မကျသေးတဲ့ လယ်တွေ သူအားလုံး လုပ်ပေးလို့ ရတယ်။ အုပ်ချုပ်ရေးမှူး လုပ်ချင်လုပ်၊ မလုပ်ချင်နေ၊ သူကိုယ်တိုင် လုပ်ပေးလို့ရတယ် အဲဒီပုံစံပေါ့။ ဒါကို ကျွန်တော့် ရာအိမ်မှူး (နှီးကရုတ်ရွာ ဥက္ကဋ္ဌ) က ဖုန်းဆက်လာတယ်။ ဒါဆိုရင် ဘယ်သူ့ ခွင့်ပြုချက်နဲ့ လာလုပ်လဲ ဆိုတာ မေးလိုက်၊ ခွင့်ပြုချက် မပါဘူး ဆိုရင် ပြန်ခိုင်းလိုက် ကျွန်တော် အဲဒါပဲ ပြောလိုက်တယ်” ဟု ဆိုသည်။

    “ရာအိမ်မှူး ပြောတဲ့အတိုင်း သူပြန်သွားမယ် ဆိုရင် အေးအေးဆေးဆေးပါပဲ။ ခုက သူမပြန်ပဲ တင်းမာနေလို့၊ တစ်အိမ်တက် တစ်အိမ်ဆင်း ဆက်လုပ်နေလို့ ဒီလိုဖြစ်တာ။ အရှင်းဆုံး ပြောရရင် သူက မြေတွေ လိုက်ဝယ်နေတယ်။ ကျောက်မီးသွေးကိစ္စပဲ ဆိုတော့ ရွာက လက်မခံကြဘူးပေါ့။ လူစုပြီးတော့ အဲဒီလို အော်ကြတယ်။ ကျွန်တော် လူစုခွဲပေးလိုက်တယ်။ နင်တို့ ပြန်ကြ၊ အားလုံး ပြန်ကြ၊ သူ့ (မရီဌေး) ကိုလည်း ကျွန်တော် အိမ်ထိ ကားနဲ့ လိုက်ပို့ပေးလိုက်တယ်။ စွဲထားတဲ့ပုဒ်မ ၄ ခုလောက် ရှိတယ်။ အဲဒါ ဘာတစ်ခုမှ မဟုတ်ဘူး” ဟု သူကဆက်ပြောသည်။

    လာရောက်ပူးပေါင်း အစစ်ခံ ထွက်ဆိုချက်ပေးသူများ၏ အမည်များကို ရေးမြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက လက်ခံထားပြီး ဥပဒေအကြံပေးချက်အတိုင်း ဆက်လက်လုပ်ဆောင် သွားမည်ဟု ပြောသည်။

    အမှုစစ် ရဲအရာရှိ က “အခုက အမှုဖွင့်ထားတာကို ခေါ်ယူစစ်ဆေး မေးမြန်းတာလောက်ပဲ။ အခု ထွက်ဆိုချက် လာပေးတဲ့ သူတွေကိုလည်း သီးခြားစီ ခေါ်ယူစစ်ဆေးသွားမှာပါ” ဟု ပြောသည်။

    တိုင်ကြားခံရမှုနှင့် ပတ်သက်၍ တိုင်ကြားခံရသူများကို ဇွန်လ ၁၃ ရက်နေ့တွင် သံဖြူဇရပ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မြင့်သိန်းက တစ်ကြိမ်၊ ဇွန်လ ၁၃ ရက်နေ့တွင် ရေးမြို့မ ရဲစခန်းက တစ်ကြိမ် ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ပြီး ဖြစ်သည်။

    အံဒင်ကျောက်မီသွေးစက်ရုံ စီမံကိန်းကို ထိုင်းနိုင်ငံ အခြေစိုက် တိုယိုထိုင်း ကုမ္ပဏီက ဒေါ်လာသန်း ၂၇၀ဝ ရင်းနှီး ဆောက်လုပ်ကာ လျှပ်စစ်ဓါတ်အား ၁၂၈၀ မဂ္ဂါဝပ်ထုတ်ရန် လျာထားပြီး၊ ဧပြီလ ၉ ရက်နေ့တွင် ပြည်ထောင်စု အစိုးရ၊ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနနှင့် လုပ်ငန်းဆောင်ရွက်ခွင့် သဘောတူစာချုပ် (MoA) လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။

    ထိုစီမံကိန်းကို ဒေသခံများက အစဉ်တစိုက် ကန့်ကွက်ခဲ့ပြီး၊ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့က ဦးဆောင်ကာ အင်အား ၅၀ဝ ဝန်းကျင်ဖြင့် ရေးမြို့တွင် စီတန်းလှည့်လည် ဆန္ဒပြခဲ့သည်။

    ၎င်းအပြင် MoA လက်မှတ်ရေးထိုးပြီးနောက် မေလ ၅ ရက်နေ့ တွင်လည်း ဒေသခံများ ဦးဆောင်ပြီး အံဒင်ကျေးရွာ ဘောလုံးကွင်းတွင် စီမံကိန်းကို ကန့်ကွက်ကြောင်း အင်အား ၆၀ဝ၀ ဝန်းကျင်ဖြင့် လူထုဆန္ဒ ဖော်ထုတ်ပွဲ ပြုလုပ်ခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts