spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ်ယစ်မျိုးအခွန်ငွေ ကျပ်သိန်း ၇၀ဝ၀ ကျော်ရရှိ

    ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ်ယစ်မျိုးအခွန်ငွေ ကျပ်သိန်း ၇၀ဝ၀ ကျော်ရရှိ

    -

    ပြီးခဲ့သည့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း ယစ်မျိုးလိုင်စင် ၂၀ဝ၀ ဆိုင်နီးပါးချပေးထားမှုတွင် ယစ်မျိုးအခွန်ငွေ ကျပ်သိန်း ၇၃၉၀ ကျော်ရရှိကြောင်း သိရသည်။

    မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း မော်လမြိုင်မြို့နယ် ယစ်မျိုးခွန် ကျပ်သိန်း ၁၇၆၅၊ ရေးမြို့နယ် ကျပ်သိန်း ၉၄၀၊ သံဖြူဇရပ် ကျပ်သိန်း ၇၈၀နှင့် မုဒုံမှ ကျပ်သိန်း ၇၇၀ ရရှိခဲ့ကြောင်း မွန်ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာခင်မောင်သွင်က ပြီးခဲ့သည့် မွန်ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

    သံဖြူဇရပ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဦးက မြို့နယ်အလိုက် လိုင်စင်ရှိအရက်ဆိုင်များ၊ စားသောက်ဆိုင်အရေအတွက်နှင့် ယစ်မျိုးခွန်ငွေကို ဖြေကြားပေးရန်နှင့် လိုင်စင်မဲ့ဆိုင်များအား မည်သို့ စီမံခန့်ခွဲနေကြောင်း လွှတ်တော်တွင် မေးမြန်းခဲ့သည်။

    မွန်ပြည်နယ် ဘဏ္ဍာရေးဝန်ကြီးက “မော်လမြိုင်မြို့နယ်တွင် ယစ်မျိုးလိုင်စင်ဆိုင် ၃၅၁ ဆိုင်၊ သံဖြူဇရပ်တွင် ၂၁၄ ဆိုင်၊ မုဒုံတွင် ၂၀၂ ဆိုင်၊ ရေးတွင် ၁၉၈ ဆိုင်၊ ဘီးလင်းတွင် ၁၉၆ ဆိုင်၊ ကျိုက်ထိုတွင် ၁၈၇ ဆိုင်၊ ကျိုက်မရောတွင် ၁၈၂ ဆိုင်၊ ချောင်းဆုံ ၁၇၁ ဆိုင်၊ ပေါင်တွင် ၁၄၅ ဆိုင်နှင့် သထုံတွင် ၁၃၀ ဆိုင် စုစုပေါင်း ၁၉၇၆ ဆိုင်ရှိကြောင်း” ပြောကြားခဲ့သည်။

    မြို့နယ်အတွင်းရှိ ဟိုတယ်၊ စားသောက်ဆိုင်များ၊ စတိုးဆိုင်များ၊ မီနီမားကတ်များ စသည့် ယစ်မျိုးလုပ်ငန်းဆောင်ရွက်နေသော ဆိုင်များအား ပုံမှန်စစ်ဆေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်း၊ အရေးပေါ်စစ်ဆေးခြင်းအပြင် လိုင်စင်မဲ့ရောင်းချပါက ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းနှင့် ပညာပေးခြင်းများကို လုပ်ဆောင်နေကြောင်း ဝန်ကြီးက ဖြေကြားခဲ့သည်။

    “မွန်ပြည်နယ်တွင် ယစ်မျိုးခွန်ကောက်ခံရေးဥပဒေကို အရက်သေစာသောက်စားခြင်း အလေ့အထမပြန့်ပွားစေရေး၊ တရားမဝင်ထုတ်လုပ်မှု၊ ရောင်ချမှုမရှိစေရေးနှင့် ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေများ ဥပဒေနှင့်အညီရရှိစေရန် ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ်တွင် ပြဌာန်းအတည်ပြုခဲ့ကြောင်း” ဦးနိုင်ဦးက မေးမြန်းစဉ်တွင် ပြောကြားသည်။

    တရားဝင်လိုင်စင်ရယူထားသော အခွန်ထမ်းပြည်သူများ နစ်နာမှုမရှိစေရေးအတွက် လိုင်စင်မဲ့ယစ်မျိုးဆိုင်များအား ထိရောက်စွာ ဖမ်းဆီးဆောင်ရွက် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ဦးစီးအရာရှိတို့ပါဝင်သော ခရိုင်ယစ်မျိုးလုပ်ငန်း စိစစ်ကြပ်မတ်ရေးအဖွဲ့ငယ်များဖြင့် ဆောင်ရွက်နေကြောင်း ၄င်းက ပြောသည်။

    လိုင်စင်မဲ့ယစ်မျိုးလုပ်ငန်းဆောင်ရွက်နေသူများအား လစဉ်ဖမ်းဆီးခြင်း၊ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျှက်ရှိကြောင်းနှင့် ၂၀၁၄-၁၅ ခုနှစ်ဘဏ္ဍာရေးနှစ်အတွင်း တရားမဝင်ယစ်မျိုးဆိုင် ၃၁၂ ဆိုင်အား ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့သည်။

    မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှလည်း တရားမဝင်လိုင်စင်မဲ့အရက်ဆိုင်များပပျောက်ရေး အထူးအလေးထားကြပ်မတ်ဆောင်ရွက်ရန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ညွန်ကြားထားသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,500SubscribersSubscribe
    spot_img

    Latest posts