spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းရန်ကုန် IPI ကမ္ဘာ့ညီလာခံအား မြန်မာသတင်းသမားအချို့မတက်ရောက်

    ရန်ကုန် IPI ကမ္ဘာ့ညီလာခံအား မြန်မာသတင်းသမားအချို့မတက်ရောက်

    -

    ရန်ကုန်မြို့တွင် မတ်လ ၂၇ မှ ၂၉ ရက်နေ့အထိ ပထမဦးဆုံးအကြိမ်ပြုလုပ်သည့် International Press Institute (IPI) World Congress ၆၅ ကြိမ်မြောက် ကမ္ဘာ့ညီလာခံအား မြန်မာနိုင်ငံမှ သတင်းမီဒီယာ အဖွဲ့အစည်းအချို့ မတက်ရောက်ကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

    ယင်းသို့ သတင်းမီဒီယာအဖွဲ့များ မတက်ရောက်ခြင်းသည် ၎င်းတို့အခွင့်အရေး ၎င်းတို့ပြုလုပ်ခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူ မဇ္ဈိမမီဒီယာ အယ်ဒီတာချုပ် ဦးစိုးမြင့်က ပြောသည်။

    “ဒီလိုဆန္ဒပြတယ် ဆိုရင်လည်း သတင်းမီဒီယာတွေ သူတို့ အခွင့်အရေးသူတို့ လုပ်တာဘဲလေ၊ ဒါပေမဲ့ ဒါဟာ အစိုးရရဲ့ပွဲမဟုတ်ဘူး၊ ဒီလိုလာပြီး စကားပြောကြတဲ့ အထဲ အစိုးရရဲ့တာဝန်ရှိသူတွေ ပါသလို အမျိူးသားဒီမိုကရေစီ အဖွဲ့ချုပ်က သူတွေလည်း ပါတယ်၊ သတင်းမီဒီယာ အဖွဲ့တွေက တာဝန်ရှိတဲ့ သူတွေ ဝင်ဆွေးနွေးတဲ့ ဟာပေါ့” ဟု ဦးစိုးမြင့် က ပြောသည်။

    IPI ညီလာခံသည် သတင်းမီဒီယာနှင့် သက်ဆိုင်သည့် အရေးကြီး ကိစ္စများကို ဆွေးနွေးသည့် ညီလာခံ တစ်ခုဖြစ်ကာ ရန်ကုန်မြို့တွင် ၃ ရက်တိုင် ပြုလုပ်မည်ဖြစ်ပြီး ညီလာခံတွင်လည်း မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်ကိစ္စနှင့် ရွေးကောက်ပွဲတွင် မီဒီယာ၏ အခန်းကဏ္ဍများ ဆွေးနွေးမည်ဖြစ်ကြောင်း ဦးစိုးမြင့်၏ ပြောကြားချက်အရ သိရသည်။

    မြန်မာနိုင်ငံတွင် သတင်းသမားများအားရိုက်နှက်ခြင်း၊ မတရား ဖမ်းဆီးထောင်ချမှုများရှိနေသည့် အတွက် ပြန်ကြားရေးဝန်ကြီး တက်ရောက်ရန်ရှိသည့် အဆိုပါ IPI ညီလာခံကို မြန်မာသတင်းသမားများ သပိတ်မှောက်သည့် အနေဖြင့် မတက်ရောက်ကြရန် မြန်မာဂျာနယ်လစ်ကွန်ယက် MJN က နှိုးဆော် ကြေညာထားသည်။

    မြန်မာဂျာနယ်လစ်ကွန်ယက် အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်၏ လူမှုကွန်ယက် Facebook စာမျက်နှာတွင် “ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး တက်ရောက်ရန်ရှိသော မတ်လ ၂၇မှ ၂၉ ရက်နေ့ထိ ရန်ကုန်မြို့တွင် ကျင်းပမည့် IPI International Press Institute နိုင်ငံတကာမီဒီယာ ကွန်ဖရင့်သို့ ပြည်တွင်းသတင်းထောက်များ တက်ရောက်ခြင်း မပြုဘဲ သပိတ်မှောက်ရန် လည်းနှိုးဆော်ပါသည်၊ ယခုလို မတက်ရောက်ရန် သပိတ်မှောက်ခြင်းမှာ IPI ကိုသပိတ်မှောက်ခြင်းမဟုတ်ဘဲ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုခြင်းသာ ဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဟု ရေးသားထားသည်။

    မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ် ကွန်ယက် SMJN ညှိနှိုင်းရေးမှုး ကိုညဏ်စိုးလင်းက “သတင်းထောက်တွေကို အကြမ်းဖက်ဖမ်းတဲ့ ကိစ္စမှာ သမ္မတနဲ့ ပြန်ကြားရေးဝန်ကြီးတို့ တာဝန်ရှိပါတယ်၊ ဝန်ကြီးမတက်ဖြစ်ရင်တော့ ကျွန်တော်တို့တက်မှာပါ၊ သူတို့က တာဝန်ရှိသူတွေဆိုတော့ သူတို့တက်နိုင်တဲ့ပွဲမို့ ကျနော်တို့ မတက်ပဲ သပိတ်မှောက်တာပါ”ဟု ပြောသည်။

    အလားတူ နိုင်ငံတကာမြန်မာ့သတင်း BNI အယ်ဒီတာများကလည်း အဆိုပါ IPI ညီလာခံသို့ မတက်ရောက်ရန်ဆုံးဖြတ်ထားသည်ဟု သိရသည်။

    ယခုညီလာခံတွင် ဒေါက်တာ မိုဟာမက်ယူနပ်စ် (Dr. Muhammad Yunus) (နိုဘယ်ဆုရှင်) ၊ David Kaye (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်)၊ Austin Beutner (ထုတ်ဝေသူ နှင့် အမှုဆောင်အရာရှိချုပ် – လော့စ်အင်ဂျလိစ်တိုင်းမ်စ်)၊ အူမာချီမာ (ပါကစ္စတန်မှ စူးစမ်းထောက်လှမ်းရေးသားသော သတင်းထောက် – Investigative reporter) ၊ ဦးရဲထွဋ် (ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ – ပြန်ကြားရေးဝန်ကြီး) ၊ ချာလီဆန်းနက်ထ် (Charlie Sennott – ဂလိုဘယ်လ်ပို့စ်ထ် ပူးတွဲတည်ထောင်သူ နှင့် ကဏ္ဍစုံအယ်ဒီတာ) ၊ ဂျင်မ်ကလမ်ဆီ (Jim Clancy – စီအန်အန် သတင်းဆက်သူဟောင်း နှင့် သတင်းထောက်ဟောင်း) တို့အပြင် အခြား နာမည်ကြီး ဆွေးနွေးဟောပြောသူများ ပါဝင်မည် ဖြစ်သည်။

    ယင်းစကားဝိုင်း ဆွေးနွေးပွဲ (panel discussion) များတွင် သတင်းစာပိုင်ဆိုင်မှု ဆိုင်ရာ ပုံစံ (model) များ နှင့် အယ်ဒီတာပိုင်းဆိုင်ရာ လွတ်လပ်မှု၊ စူးစမ်းထောက်လှမ်းရေးသားသော သတင်းစာပညာ (investigative journalism) ၏ အခန်းကဏ္ဍ၊ ပဋိပက္ခများ နှင့် အကျပ်အတည်းများအား ကျင့်ဝတ်များနှင့်အညီ သတင်းထုတ်လုပ်နိုင်ရေးဆိုင်ရာ စိန်ခေါ်မှုများ၊ အမုန်းတရားဆိုင်ရာ ရေးသားပြောဆိုချက်များ နှင့် အများပြည်သူ၏ အကျိုးစီးပွါးအတွက် သတင်းစာပညာ မြှင့်တင်ရေး တစ်ကမ္ဘာလုံးဆိုင်ရာ လိုအပ်ချက်များအကြောင်း စသည်တို့ကို ဆွေးနွေးကြမည်ဟု သိရသည်။

    International Press Institute (IPI) ကို ၁၉၅၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာပေါ်ရှိ သက်တမ်းအရင့်ဆုံး နှင့် အထင်ရှားဆုံး မီဒီယာ လွတ်လပ်ခွင့် မြှင့်တင်ရေး အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်ပြီး အယ်ဒီတာများ၊ မီဒီယာ အမှုဆောင်များ နှင့် ထင်ရှားသော သတင်းသမား (ဂျာနယ်လစ်)များ ပါဝင်သည့် နိုင်ငံတကာ ကွန်ရက်တစ်ခုဖြစ်ကာ နိုင်ငံ ၁၀ဝ ကျော်တွင် IPI အဖွဲ့ဝင်များ ရှိသည်။

    World Congress ကမ္ဘာ့ညီလာခံသည် IPI ၏ အရေးကြီးသော နှစ်စဉ် ညီလာခံ တစ်ခုဖြစ်ကာ နိုင်ငံတကာ သတင်းစာစောင်များ၏ ရှေ့မျက်နှာဖုံးများတွင် မည်သည့်နိုင်ငံတကာသတင်းများ ပါဝင်သင့်ကြောင်း ဆုံးဖြတ်ရသော အယ်ဒီတာ နှင့် သတင်းသမား ရာပေါင်းများစွာ သာမက မီဒီယာကဏ္ဍမှ ထိပ်တန်းအမှုဆောင်များကို ဆွဲဆောင်နိုင်သော ညီလာခံ တစ်ခုလည်း ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts