spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးမွန်ပြည်နယ်တင်ဒါခေါ်ဆိုမှုများ ပွင့်လင်းမြင်သာမှုရှိရဲ့လား

    မွန်ပြည်နယ်တင်ဒါခေါ်ဆိုမှုများ ပွင့်လင်းမြင်သာမှုရှိရဲ့လား

    -

    မွန်၊ ကရင် ဝန်ကြီးချုပ်များနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲ(Internet)
    မွန်၊ ကရင် ဝန်ကြီးချုပ်များနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲ(Internet)
    မွန်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ တင်ဒါခေါ်ဆိုမှုများ၊ တင်ဒါရွေးချယ်မှုများမှာ ပွင့်လင်းမြင်သာမှုမရှိကြောင်း KKLC ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုလတ်က ပြောသည်။

    တင်ဒါဖွင့်ခြင်းကို အကြောင်းကြားသောပရောဂျက်ရှိသလို အကြောင်းမကြားသောပရောဂျက်တွေလည်းရှိကြောင်း ဦးကိုကိုလတ်က ပြောသည်။

    သို့သော် စက်မှုကုန်ကြမ်းသီးနှံမှတင်ဒါခေါ်ယူပြီး တစ်လကျော်ခန့်အကြာတွင်မှ တင်ဒါအတွက်သွင်းထားသောငွေကို ပြန်လည်ထုတ်ယူနိုင်ကြောင်း ၄င်းတို့မှ ပြန်လည်ဖုန်းဆက်အကြောင်းကြားလာသည့်အတွက် မည်သည့်နေ့တွင် တင်ဒါဖွင့်သွားကြောင်းနှင့် မည်သည့်ကုမ္ပဏီမှ တင်ဒါရရှိကြောင်းကို မေးမြန်းရာတွင် ကုမ္ပဏီ ၂ ခုအောင်သွားကြောင်း အဆိုပါဌာနမှ ပြောကြောင်း ဦးကိုကိုလတ်က ဆိုပါသည်။

    “ကြေညာထားတဲ့နေ့မှာ တင်ဒါဖွင့်လားဆိုတော့ သူတို့ဖွင့်ချင်တဲ့အချိန်ဖွင့်တယ်၊ ဘယ်နေ့နောက်ဆုံးရက်လဲဆိုတော့ အဲနောက်ဆုံးရက်မှာ တင်ပေါ့။ ဖွင့်တာကတော့ သူတို့အဆင်ပြေတဲ့အချိန်၊ သူတို့စိစစ်ပြီးတဲ့အချိန် သူတို့ဖွင့်တယ်” ဟု မွန်ပြည်နယ် လျှပ်စစ်တင်ဒါဝင်ပြိုင်သူတစ်ဦးက ပြောသည်။

    အစိုးရမှ ၄င်းတို့၏တင်ဒါအောင်မြင်သည့် result ထုတ်ပေးလိုက်ချိန်တွင် အခြားသူနာမည်ပါပြီး မိမိနာမည်မပါလာပါက တင်ဒါမအောင်သည်ကိုသိရှိရကြောင်း ၄င်းလျှပ်စစ်တင်ဒါဝင်ပြိုင်သူက ပြောသည်။

    တင်ဒါတင်ထားသူများအနေနှင့် မည်သည့်နေ့တွင် တင်ဒါဖွင့်လှစ်ကြောင်းနှင့် မည်သည့်ကုမ္ပဏီမှ တင်ဒါရရှိသွားကြောင်းကို မသိခြင်းမှာ ကျေနပ်စရာမကောင်းကြောင်း ဦးကိုကိုလတ်က ပြောသည်။

    “တင်ဒါစည်းကမ်းချက် အချက်နံပါတ် ၅ ကို မကြိုက်ဘူး၊ ဘယ်အကြောင်းပြချက်မှ မရှိဘဲ ဘာကြောင့် တင်ဒါအောင်တယ်မအောင်ဘူးဆိုတာကို မေးမြန်းပိုင်ခွင့်မရှိဘူး” ဟု ဦးကိုကိုလတ်က ပြောသည်။

    တင်ဒါဖွင့်မည်ဟုအကြောင်းကြားသည့်အတွက် ဖွင့်ပွဲသို့ တက်ရောက်ခဲ့သော်လည်း ၂ နာရီခွဲကျော်ခန့်တွင် တင်ဒါဖွင့်ပြီး အောင်စာရင်းသိမည့် တင်ဒါရကုမ္ပဏီများနှင့် စာချုပ်တစ်ခါတည်းချုပ်ဆိုပြီး မအောင်သူများမှ သွင်းထားသောပိုက်ဆံ တစ်ခါတည်းထုတ်သွားမည့်ပုံစံမျိုးနှင့် ပြောဆိုနေသော်လည်း အဆိုပါ ရွေးချယ်မှုများကို ပြည်နယ်အစိုးရအစည်းအဝေးသို့ တင်ပြရမည်ဖြစ်သည့်အတွက် ၃ နာရီကျော်ခန့်တွင် မိမိပြန်လိုပါက ပြန်နိုင်ကြောင်း တင်ဒါဖွင့်ပွဲတွင် ဖြစ်နေကြောင်း ၄င်းတက်ရောက်ခဲ့သည့် တင်ဒါဖွင့်ပွဲ၏အဖြစ်ကို ဦးကိုကိုလတ်က ပြောသည်။

    “အစိုးရအဖွဲ့ကိုတင်ပေးရအုံးမယ်တဲ့။ တင်ပေးပြီးရင်လည်း ဘယ်နေ့ပြီးမလဲဆိုတာကို သိလို့ရမလာလို့မေးတော့ သိလို့မရဘူးတဲ့၊ သိလို့မရဘူးဆိုတော့ ၁၄ ရက်လောက်ကြာလာတော့ လိုက်မေးတာ စုံသွားတယ်။ နောက်ဆုံး ပြည်နယ်အစိုးရရုံးကို ရောက်သွားတယ်။ ဝန်ကြီးတစ်ဦးကို ကျနော်မေးတယ်။ သူတို့လည်း အဖြေမပေးနိုင်ဘူး” ဟု ဦးကိုကိုလတ်က ပြောပါသည်။

    တင်ဒါကို တစ်လခန့်ခေါ်ယူကြောင်းနှင့် တင်ဒါဖွင့်သောနေ့ကို ကြေညာပေးကြောင်း ကုမ္ပဏီမှ ပြောလိုသည်များကို ပြောဆိုနိုင်ကြောင်းနှင့် အဆိုပါတင်ဒါများကို ပြန်လည် စစ်ဆေးရန် ဝန်ကြီးချုပ် ဖွဲ့စည်းထားပေးသော တင်ဒါခေါ်ယူရေးကော်မတီ၊ တင်ဒါစိစစ်ရေးကော်မတီနှင့် တင်ဒါရွေးချယ်ရေးကော်မတီတို့ရှိကြောင်း တင်ဒါရွေးချယ်ရေးမှ မည်သည့်ကုမ္ပဏီမှ တင်ဒါရရှိသည့်ကို ရွေးချယ်ပေးကြောင်း ဒေါက်တာလှဦးကဆိုပါသည်။

    သို့ရာတွင် တင်ဒါ result ထွက်ပြီးမှသာ မည်ကဲ့သို့ရွေးချယ်ကြောင်း၊ မည်သည့်အချက်ကိုကြည့်ပြီးအမှတ်ပေးသည်ကို အစိုးရထံမေးမြန်းပါက result ထွက်ပြီးသည့်အတွက် အကျိုးမရှိကြောင်း၊ တင်ဒါဝင်ပြိုင်သူတို့က ပြောသည်။

    “ဒါကျနော်တို့အဖွဲ့က ရွေးလိုက်တာပါ ဘယ်ကုမ္ပဏီ ဘယ်ကုမ္ပဏီပေါ့။ ကျနော်ရွေးချယ်ပြီးရင် Cabinet ကို တင်ရတယ်။ ၁၀ မြို့နယ်က ဝန်ကြီးတွေက အဲဒါကို ဆုံးဖြတ်တယ်၊ ပေးသင့်မပေးသင့်” ဟု မွန်ပြည်နယ် ပညာရေးကျောင်းများ တင်ဒါရွေးချယ်ခြင်းနှင့်ပတ်သက်ပြီး ဒေါက်တာလှဦးက ပြောသည်။

    တင်ဒါရွေးချယ်ရေးအဖွဲ့ဝင်များမှ စည်းမျဉ်းစည်းကမ်းနှင့်အညီ မည်သို့ပင်ရွေးချယ်စေကာမူ အစိုးရဝန်ကြီးအဖွဲ့ဝင်နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ကြောင်း လျှပ်စစ်တင်ဒါဝင်ပြိုင်သူက ပြောသည်။

    “အမှတ်ပေးစည်းမျဉ်းနဲ့လုပ်တယ်ပေါ့နော်။ ဒါပေမယ့် အဓိကကတော့ အစိုးရပဲ တာဝန်ခံရတာလေ ဘာတင်ဒါဖြစ်ဖြစ်ပေါ့။ အမှန်က အမှတ်ပေးစည်းမျဉ်းလုပ်လည်း cabinet ကပဲလုပ်ရမှာ။ အခုက အမှတ်တွေထဲမှာ ဝန်ထမ်းတွေပါတယ်။

    သက်ဆိုင်ရာဌာနနဲ့ တခြားတင်ဒါရွေးချယ်စိစစ်ရေးကော်မတီတို့ ပါတယ်။ အဓိကကတော့ အစိုးရအဖွဲ့ဝင်ဝန်ကြီးပဲ ဆုံးဖြတ်ရတာ။ ဝန်ထမ်းတွေက ဝင်ပြီးအမှတ်ပေးတာတို့က သဘာဝတော့ သိပ်မကျဘူး” ဟု ၄င်းက ပြောသည်။

    တင်ဒါဖွင့်ရက်တွင် မည်သည့်ကုမ္ပဏီမှ တင်ဒါရရှိကြောင်း အသိမပေးဘဲ အစိုးရရုံးအဖွဲ့အား ထပ်မံတင်ပြပေးရမည်ဆိုသောကြောင့် တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့မှာ အလကားသက်သက်သာ ဖြစ်သွားကြောင်း မည်သည့်တင်ဒါကို ကုမ္ပဏီများမှာ လျှောက်ထားသော်လည်း ၄င်းတို့ပေးလိုသောကုမ္ပဏီကိုသာ တင်ဒါလုပ်ငန်း လုပ်ကိုင်ခွင့်ပေးကြောင်း ဦးကိုကိုလတ်က ဆိုပါသည်။

    “အခုဟာက အားလုံးကနေ unknown တွေချည်းပဲ ဖြစ်နေတယ်။ အဲတော့ တွက်ချက်မှုကောင်းတဲ့သူကိုပဲ အမှတ်ပိုပေးနေတဲ့အခါကျတော့။ တွက်ချက်မှုကောင်းတယ် မကောင်းဘူးဆိုတာကို ဘယ်လိုဆုံးဖြတ်မလဲ။ အဲဒါကို အမှတ်ပေးတဲ့သူက တွက်ချက်မှုကောင်းတယ် မကောင်းဘူးဆိုတာကို ဆုံးဖြတ်နိုင်တဲ့သူတွေ မဟုတ်တာတွေလည်းပါတယ်” ဟု ကျန်းမာရေးဌာနမှ ဆေးရုံဆောက်လုပ်ခွင့်တင်ဒါရရှိသူတစ်ဦးက ပြောသည်။

    တင်ဒါဝင်ပြိုင်ရာတွင် မိမိဆောက်လုပ်မည့်အဆောက်အဦး structure နှင် design တို့ကို မိမိဘာသာရေးဆွဲရကြောင်း ဆောက်လုပ်ရာတွင် အဆောက်အဦးပုံစံချင်တူသော်လည်း အဆောက်အဦးထဲတွင်ထည့်သုံးသည့် သံချောင်းများ၊ ၄င်းတို့အရွယ်အစားများ ကွဲသွားနိုင်ကြောင်း သို့အတွက် အစိုးရအဖွဲ့မှ တင်ဒါခေါ်ရာတွင် ပြည်ထောင်စုတစ်ခုလုံးရှိ တိုက်နယ်ဆေးရုံများသည် မည်သည့်ပုံစံ၊ မည်သည့်ဆိုက်သုံးမည်ဆိုသည့်အသေးစိတ်တွက်ချက်မှု detail estimate ထည့်ပေးပြီး ဈေးနှုန်းတွက်ချက်မှုတစ်ခုကိုသာ ကွက်လပ်အဖြစ်ထားပေးပါက ကုမ္ပဏီများအနေဖြင့် ဈေးနှုန်းကွက်လပ်တွင် ထပ်ထည့်ပြီး ပြိုင်ယုံဖြစ်ပါက အဆင့်တိုင်းတွက် ကြုံတွေရသည့်ပြဿနာများ လျော့နည်းသွားမည်ဟု တိုက်နယ်ဆေးရုံဆောက်ခွင့်ရသူက ပြောသည်။

    “အက်စီစီတင်ဒါခေါ်တာ အကုန်လုံးကို ရေးချထားပေးတယ်။ ကိုယ်က ဈေးနှုန်းတစ်ခုကိုပဲ ထည့်ရတယ်။ ဈေးနှုန်းထည့်ပြီးတော့မှ တင်ဒါပြိုင်ရတယ်။ အဲဒီဈေးနှုန်းကလည်း ဒေသပေါက်ဈေးနဲ့ ကိုက်ညီမှ။ နည်းလွန် များလွန်ရင်လည်း မပေးဘူး။ အစိုးရလုပ်ငန်းတွေလည်း အဲလိုစနစ်ကျစေချင်တယ်” ဟု ၄င်းက ပြောသည်။

    မည်သည့်နေ့တွင် တင်ဒါဖွင့်လှစ်ပြီး မည်သည့်ကုမ္ပဏီမှ တင်ဒါရရှိသွားသည်၊ မည်သည့်ကုမ္ပဏီမှ တင်ဒါ မအောင်မြင်ကြောင်းဆိုသည့်စာရင်းအား သိထားရမည်ဖြစ်ကြောင်း ဦးကိုကိုလတ်ကပြောသည်။

    “Cabinet ပြန်တင်တယ်။ Cabinet မှာတစ်ခါ finalize ပြန်လုပ်တယ်။ ဒီကုမ္ပဏီတွေကို ပေးသင့်မပေးသင့်။ ကျန်ခဲ့တဲ့ကုမ္ပဏီတွေရှိရင်လည်း ဝန်ကြီးတွေက ထပြောပြီး ဒီကုမ္ပဏီကိုလည်း ပေးသင့်တယ်လို့ ဒီကုမ္ပဏီက မနှစ်က ဘာလုပ်ခဲ့တယ် စတဲ့နာမည်ကောင်းလည်ရှိတယ်လို့ပြောရင် ကျနော်တို့က နည်းနည်း correction ပြန်လုပ်။ finalize ပြန်လုပ်တယ်။ ပြန်အတည်ပြုတယ်။ အတည်ပြုပြီးရင် ထွက်တယ်” ဟု ဒေါက်တာလှဦးက ပြောသည်။

    သို့သော် သတ်မှတ်သည့်နေ့ရက်တွင် ကော်မတီအားလုံးနှင့် တင်ဒါတင်သွင်သူများရှေ့မှောက်တွင် မျက်နှာစုံညီတင်ဒါများ ဖွင့်လှစ်ရမည်ဟု တင်ဒါလုပ်ငန်းဆောင်ရွက်မည့်လုပ်ငန်းအတွက် ဖွဲ့စည်းထားသည့် ကော်မတီများအနေဖြင့် ၄င်းလုပ်ငန်းကို လုပ်ဆောင်ရန် မွန်ပြည်နယ်အစိုးရမှ ထုတ်ပြန်ထားသည်။

    “ကျေးလက်ဦးစီးဌာနက ခေါ်တဲ့တင်ဒါမှာလည်း ကုမ္ပဏီကြီးတွေကို လျှောက်ခွင့်မပေးဘူးလို့ ပြောပေမယ့် ကုမ္ပဏီအသေးတွေကိုပဲ လျှောက်ခွင့်ပေးမယ်လို့ ပြောတယ်။ တင်ဒါကျလာတော့ ကုမ္ပဏီကြီးပဲ အဲတင်ဒါရသွားတယ်” ဟု ၄င်းက ထပ်မံပြောသည်။

                                                                                                                                                           တင်ဒါခေါ်ယူရာတွင် ၄င်းတို့သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ ဥပမာ စစ်တောင်မြစ်ကမ်းပါးရေတိုက်စားခြင်းမှ ကာကွယ်ရန် ရေထိန်းနံရံ ပေ ၂၀ဝ၀ တင်ဒါခေါ်ယူရာတွင် ပေ ၁၀ဝ၀ လျှင်တစ်ဦးသာ ပေးမည်ဟု သတ်မှတ်ထားသော်လည်း အဆိုပါတင်ဒါအားလုံးကို ကုမ္ပဏီတစ်ခုကသာ တင်ဒါအောင်မြင်သွားသည်ဟု ရေထိန်းတံခါးတင်ဒါဝင်ယှဉ်ပြိုင်သူတစ်ဦးက ပြောသည်။
    

    “တင်ဒါစည်းကမ်းချက်တွေမှာလည်း ဆပ်ကန်ထရိုက်ပေးခွင့်မရှိပါဘူးဆိုပြီးတော့ ရေးထားတာပေါ့လေ။ ရသွားတဲ့ကုမ္ပဏီတွေအားလုံးက ဆပ်ကန်ထရိုက်မပေးတဲ့ ကုမ္ပဏီ လုံးဝမရှိပါဘူး” ဟု ၄င်းက ပြောဆိုပါသည်။

    တင်ဒါအောင်မြင်သောကုမ္ပဏီသည် တစ်ဆင့်ခံကန်ထရိုက် ဆပ်ကန်ထရိုက် ထပ်မံလွှဲပြောင်ခြင်းမပြုရဟု မွန်ပြည်နယ်အစိုးရမှ ထုတ်ပြန်ထားသည်။

    တင်ဒါအောင်မြင်သည့်လုပ်ငန်းများမှ မည်သည့်လုပ်ငန်းကို မည့်သည့်ကုမ္ပဏီမှဆောက်လုပ်နေကြောင်းနှင့် မည်သည့်ဌာနမှခွင့်ပြုပေးကြောင်း စသည်များကို ဆိုင်းပုဒ်ကြီးနှင့် ကြေညာကပ်ထားသင့်ကြောင်း ဦကိုကိုလတ်က ပြောသည်။

    မွန်ပြည်နယ်အတွင်းရှိ ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေ၊ လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေး ဖွံ့ဖြိုးရေး ရန်ပုံငွေ၊ ၂၅% ဆိုင်ကယ်ရန်ပုံငွေနှင့် ဌာဆိုင်ရာဖြည့်စွက်ရန်ပုံငွေများသည် ဒေသအကျိုးပြုဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရာတွင် ပြည်သူလူထုများ ပွင့်ပွင်းလင်းလင်း သိရှိနိုင်ရန် ဆောင်ရွက်ပေးသင့်ကြောင်း ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးချမ်းမြင့်မှ မေးမြန်းခဲ့သည်။

    သို့သော် ပြည်သူများ ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် အဆိုပါလုပ်ငန်းအကောင် အထည်ဖော်ဆောင်မည့် တင်ဒါရ ကုမ္ပဏီများ၊ အဖွဲ့အစည်းနှင့် သက်ဆိုင်ရာဌာနများသို့ လုပ်ငန်းဆောင်ရွက်မှု ခွင့်ပြုသည့်နှစ်၊ လုပ်ငန်းအမည်၊ အတိုင်းအတာ၊ ခွင့်ပြုရန်ပုံငွေ၊ ပြည်သူပါဝင်မှု စုစုပေါင်းတန်ဖို့တို့ကို ဖော်ပြသည့် ဗွီနိုင်းဆိုင်းဘုတ်ထောင်ထားရေးကို ညွန်ကြားထားပြီး ဖြစ်သော်လည်း အချို့သောလုပ်ငန်းမှာ ဆောင်ရွက်မှု အားနည်းကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူးရေးဝန်ကြီး ဦးမျိုးညွန့်က ဆိုသည်။

    ညွန်ကြားချက်များကို မလုပ်ဆောင်သည့်လုပ်ငန်းများအား ၄င်းဗွီနိုင်းထောင်ရန် ကြပ်မတ်ကြီးကြပ်သွားမည်ဟု ဦးမျိုးညွန့်က ဖြေကြားခဲ့သည်။

    အဆိုပါလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြည်သူများအား ရှင်းပြရန်လိုအပ်သည့်လုပ်ငန်းဟူသမျှ ဗွီနိုင်းထောင်ရန်လိုအပ်ပြီး ဒေသဖွံ့ဖြိုးရေးအကျိုးဆောင်ရွက်ရာတွင် နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု မရှိစေရန် ပြည်သူများ ဝိုင်းဝန်းထိန်းသိမ်းပြီး ရန်ပုံငွေရရှိသော ကျေးရွာအဆင့်ထိဒေသံများ သိရှိနိုင်ရန် ဗွီနိုင်းထောင်ရန် သင့်ကြောင်း ဦးချမ်းမြင့်မှ မေးမြန်းခဲ့သည်။

    သို့သော်တင်ဒါအောင်မြင်သွားသောကုမ္ပဏီများထဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် နီးစပ်သူများသာ ဖြစ်ကြောင်း ဦးကိုကိုလတ်က ဆိုပါသည်။

    ၄င်းအပြင် တင်ဒါပိတ်ရက်၌ ၄ နာရီနောက်ပိုင်းရောက်ရှိလာသော တင်ဒါမှန်သမျှကို ထည့်သွင်းစဉ်းစားမည်မဟုတ်ဆိုသည့်အတိုင်း ၄ နာရီအတိခန့်မရောက်လာပါက ပယ်ပျက်လိုက်မည်ဟုဆိုသလို မပယ်ဖျက်ဘဲ တင်ဒါအောင်သွားသည့်ကုမ္ပဏီလည်း ရှိကြောင်း အဆိုပါဖြစ်စဉ်ကို မြင်တွေ့ခဲ့သည့် ဦးကိုကိုလတ်က ပြောသည်။

    ဌာနဆိုင်ရာလုပ်ငန်းများအတွက်တင်ဒါခေါ်ယူရာတွင် ယခင်က ချိတ်ပိတ်တင်ဒါခေါ်ယူခြင်း၊ တင်ဒါခေါ်ယူခြင်းဟူသောစကားလုံးကိုသာ အသုံးပြုလာခဲ့သော်လည်း လွှတ်တော်ပေါ်ပြီးနောက်ပိုင်းတွင် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းဟု သုံးနှုန်းလားခဲ့ကြောင်း ရန်ကုန်မြို့မှ တင်ဒါလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

    “အမှန်က စကားလုံးအသုံးအနှုန်းသာ ပြောင်းလဲလာတယ်။ အရင်ပုံစံနဲ့ သိပ်မကွာပါဘူး” ဟု ၄င်းက ပြောသည်။
    တင်ဒါလျှောက်လွှာတွင် အချက်အလက်များကို စိစစ်ရေးအဖွဲ့သို့ရောက်ရှိပြီး လျှောက်လွှာတွင်းရှိ အနည်းဆုံးဈေးနှုန်းဖြင့် အဆိုပြုသူကိုရွေးချယ်သော်လည်း ၄င်းတို့အဖွဲ့ပေးလိုသည်များကို ပေးသည့်အတွက် ပွင့်လင်းမြင်သာမှု မရှိဟု ၄င်းက ပြောသည်။

    သို့သော် အချို့တင်ဒါများမှာ တင်ဒါဖွင့်ပွဲတွင် မည်သည့်ကုမ္ပဏီမှ အနည်းဆုံးအဆိုပြုကြောင်းကို တိုက်ရိုက်စစ်ဆေးပြီး ပေးသည်လည်း ရှိသည့်အတွက် အနည်းငယ် ပွင့်လင်းလာကြောင်း ၄င်းက ထပ်မံပြောဆိုပါသည်။

    ကရင်ပြည်နယ် ဘားအံတွင် ဤ lot နေရာတွင် အဆိုပါကုမ္ပဏီမှ ဤပမာဏလောက်သောငွေကြေးဖြင့်တင်ထားကြောင်း၊ ကုမ္ပဏီနာမည်နှင့် ၎င်းတို့ တင်သော ဈေးနှုန်းဇယားများကို ပရောဂျက်တာနှင့် ရှင်းပြကြောင်း ဦးကိုကိုလတ်က ပြောသည်။
    “မွန်ပြည်နယ်တင်ဒါက ဘားအံတင်ဒါနဲ့တခြားစီပါပဲ။ ဘားအံတင်ဒါ အင်မတန်ရှင်းပါတယ်။ ပရောဂျက်တာနဲ့ထိုးပြတယ်။ ဟောဒီကုမ္ပဏီက ဟောဒီလောက်တင်ဒါတင်တယ်။ အနည်းဆုံးဖြစ်တယ်။ ဒီတော့ သူကိုပေးလိုက်။ ဒုတိယအနည်းဆုံးဖြစ်တဲ့ ဒီကုမ္ပဏီကိုပေးပါတယ်။ မကျေနပ်တဲ့လူရှိရင် ထပြောလို့ရပါတယ်။ အဲလိုပွင့်ပွင့်လင်းလင်းရှိပါတယ်” ဟု ဦးကိုကိုလတ်က ပြောသည်။

    နောက်တက်လာသည့်အစိုးရဖြစ်စေ လာမည့်နှစ်တွင်ဖြစ်စေ ယင်းကဲ့သို့ လုပ်သင့်ဆောင်သင့်ကြောင်း သို့သော် တင်ဒါခေါ်ယူရာတွင် အဓိကမှာ ပွင့်လင်းမြင်သာမှုဟု ၄င်းက ဆိုသည်။

    မွန်ပြည်နယ်နှင့် နီးစပ်သည့် ကရင်ပြည်နယ်မှ ပွင့်လင်းမှုရှိရှိ လုပ်ဆောင်နိုင်သေးပါက အဆင့်မြင့်မြို့တော်တစ်ခုတွင် ပါဝင်သည့် မွန်ပြည်နယ်မှ မည်သည့်အကြောင်းကြောင့် ထိုကဲ့သို့ မလုပ်ဆောင်နိုင်သေးသနည်းဟု မေးမြန်းလိုက်ပါသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts