spot_img
Friday, March 29, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်၅၃ နှစ်ပြည့်တဲ့အထိ ဖက်ဒရယ် တစ္ဆေခြောက်နေဆဲ

    ၅၃ နှစ်ပြည့်တဲ့အထိ ဖက်ဒရယ် တစ္ဆေခြောက်နေဆဲ

    -

    မြန်မာ့နိုင်ငံရေးသမိုင်းမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၄၈ မတ်လ ၂၈ ရက်နေ့က စခဲ့တဲ့ ပြည်တွင်းစစ် ၊ ၁၉၅၈ ခုနစ် အိမ်စောင့်အစိုးရ တက်လာတာ၊ ၁၉၆၂ ခုနစ် မတ်လ ၂ ရက်နေ့မှာ စစ်အာဏာသိမ်းတာ ၊ ၁၉၈၈ ခုနစ် အရေးတော်ပုံနဲ့ စစ်တပ်အာဏာသိမ်းတာ၊ ၂၀၁၂ ခုနစ်ကြားဖြတ်ရွေးကောက်ပွဲစတဲ့ အချိုးအကွေ့တွေဟာ ထင်သာမြင်သာ ဖြစ်ခဲ့ပါတယ်။

    အဲဒီအကွေ့တွေကို ပြန်ကြည့်မယ်ဆိုရင် ၂၀၁၂ ခုနစ် ကြားဖြတ်ရေးကောက်ပွဲမှာ အန်အယ်လ်ဒီ အနိုင်ရပြီး လွှတ်တော်ထဲ ဝင်လာခဲ့တဲ့ အချိုးအကွေ့ကလွှဲလို့ ကျန်တဲ့ အကွေ့တွေတော်တော်များများဟာ တိုင်းပြည်ကို နောက်ပြန်ဆုတ်သွားခဲ့စေတဲ့ အချိုးအကွေ့တွေ ဖြစ်ခဲ့တာကိုလည်း တွေ့ရပါတယ်။အာဏာသိမ်းမှုတွေ အာဏာလွှဲပြောင်းမှုတွေကို ကြည့်မယ်ဆိုရင်လည်း ၁၉၅၈ ခုနစ်မှာ အိမ်စောင့်အစိုးရက အာဏာ လွှဲပြောင်းရယူတာ ၊ ၁၉၆၂ ခုနစ်မှာ တော်လှန်ရေးကောင်စီက အာဏာသိမ်ပြီး တပါတီ အာဏာရှင်စနစ်ကို အသက်သွင်းတာ ၊ ၈ လေးလုံးအရေးတော်ပုံကို တပ်မတော်ကနေ ဖြိုခွင်းပြီး အာဏာသိမ်းတာ စတဲ့ အဖြစ်ပျက်တွေကိုတွေ့ရမှာဖြစ်ပြီး အထက်မှာ ဖော်ပြခဲ့တဲ့ မြန်မာ့နိုင်ငံရေးအချိုးကွေ့တွေနဲ့ တိုက်ရိုက်ပတ်သက် နေတာလည်း တွေ့ရပါတယ်။

    ၁၉၆၂ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း(Internet)
    ၁၉၆၂ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း(Internet)

    မတ်လ (၂) ရက်နေ့မှာ ကျရောက်တဲ့ ၅၃ နှစ်ပြည့် တောင်သူလယ်သမားနေ့ဆိုတာဟာလည်း တနည်းအားဖြင့် ပြန်ရေတွက် မယ်ဆိုရင် ပြည်ထောင်စုကြီးပြိုကွဲမှာစိုးတယ်ဆိုပြီး အာဏာရှင်ဟောင်း ဦးနေဝင်းက အာဏာသိမ်းခဲ့တဲ့ ၅၃ နှစ်မြောက် အာဏာသိမ်းနှစ်ပတ်လည်နေ့ပဲ ဖြစ်ပါတယ်။ ဖက်ဒရယ် အရေးတောင်းဆိုမှုတွေကြောင့် တိုင်းပြည်ပြိုကွဲမှာ စိုးတယ်ဆိုပြီး အာဏာသိမ်းခဲ့တဲ့နောက် တိုင်းပြည်လူဦးရေရဲ့ အများစုဖြစ်တဲ့ တောင်သူလယ်သမားတွေရဲ့ ဘဝတွေ ဖွံ့ဖြိုးတိုးတက် အောင်လုပ်မယ်ဆိုပြီး အာဏာသိမ်းခဲ့တဲ့ မတ်လ (၂) ရက်နေ့ကိုလည်း တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ခဲ့တာ တွေ့ရပါတယ်။တောင်သူလယ်သမား အလုပ်သမားတွေကို အခြေခံတဲ့ ဆိုရှယ်လစ် စနစ်ကိုသွားမယ်ဆိုပြီး အာဏာသိမ်းခဲ့တဲ့ နေ့ကိုတောင် တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ခဲ့ပေမဲ့ တောင်သူလယ်သမားတွေရဲ့ ဘဝကတော့ ၁၉၆၂ ခုနှစ်ကစပြီး ဒီကနေ့အချိန်ထိ ထင်သာမြင်သာတဲ့ ပြောင်းလဲမှုမျိုးကို မကြုံတွေ့ခဲ့ရပါဘူး။

    အခုထိလည်း ရုန်းကန်နေရဆဲ ဖြစ်သလို အာဏာရှင် အစိုးရအဆက်ဆက်ရဲ့ ထင်ရာစိုင်းမှုတွေကြောင့် လယ်မဲ့ ယာမဲ့ ပြသနာတွေကလည်း ခေတ်အဆက်ဆက် ရင်ဆိုင်ခဲ့ရတာပါ။အဲဒီကတည်းက ခြောက်လှန့်ထားတဲ့ စကားလုံးဖြစ်ခဲ့တဲ့ ဖက်ဒရယ်ဆိုတဲ့ စကားလုံးကိုလည်း ပြီးခဲ့တဲ့ ၂၀၁၀ ခုနစ်လောက်အထိကို တော်တော့တန်တန် ပြည်သူတွေအနေနဲ့ ဘယ်သူမှ မပြောရဲ မဆိုရဲတဲ့အဖြစ်ကို ရှိနေခဲ့တာလည်း တွေ့ရပါတယ်။ အခုဆိုရင်တော့ အစိုးရဘက်ကလည်း ပြောလာတာတွေ တွေ့နေရပါပြီ။ သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ အစိုးရတို့အကြား တစုံတရာ ပြေလည်မှု မရသေးသလို ပြည်တွင်းစစ်ကလည်း ဆက်ဖြစ်နေဆဲ ဖြစ်တဲ့အတွက် အာဏာသိမ်းခဲ့တာ ၅၃ နှစ်မြောက် နှစ်ပတ်လည် ရှိလာတဲ့အထိ ဖက်ဒရယ်ဆိုတဲ့ စကားလုံး တစ္ဆေက ခြောက်နေဆဲပဲလား၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ခက်ခဲနေဆဲပဲလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။

    သမိုင်းကို ပြန်ခြေရာခံခြင်း
    တကယ်တော့ ၁၉၆၂ ခုနစ်မှာ အာဏာသိမ်းခဲ့တဲ့ အဖြစ်ပျက်တွေက ပင်လုံစာချုပ်ချုပ်ဆိုတာ ၊ ပင်လုံကတိကဝတ်တွေကို အကောင်ထည်ဖော်မှုအားနည်းတာ ၊ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပင်လုံကတိကဝတ်တွေပါမလာတာ ၊ ပြည်တွင်းစစ် ဖြစ်လာတာ ၊ ၁၉၅၈ ခုနစ် ဆယ်နှစ်ပြည့်တဲ့အချိန်မှာ တချို့က ပင်လုံကတိကဝတ်တွေအတိုင်း အကောင်ထည်ဖော်မပေးရင် အခြေခံ ဥပဒေပါ ပြဌာန်းချက်အရ ခွဲထွက်မယ်ဆိုပြီး တောင်းဆိုလာတာ ၊ ၁၉၆၀ ရွေးကောက်ပွဲအပြီး အနိုင်ရခဲ့တဲ့ ဖဆပလ ပါတီအနေနဲ့ အခြေခံဥပဒေပြင်ဖို့အတွက် တိုင်းရင်းသားတွေနဲ့ စုပေါင်းပြီး တွန်းတွန်းတိုက်တိုက်လုပ်လာတာ စတဲ့အချက် တွေက ဆက်စပ်မှုရှိနေတာ တွေ့ရပါတယ်။မြန်မာ့ သမိုင်းတလျှောက်ကို ပြန်ကြည့်မယ်ဆိုရင် ပြည်ထောင်စုဆိုတဲ့ ဝေါဟာရက ပင်လုံစာချုပ်ချုပ်ဆိုပြီးနောက် လွတ်လပ်ရေးရမှ ပေါ်လာခဲ့တာပါ။ ဗမာအပါဝင် အသွင်မတူတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေအနေနဲ့ ရှေးဘုရင်တွေ ၊ စော်ဘွားတွေ ၊ သက်ဆိုင်ရာ မျိုးနွယ်စုခေါင်းဆောင်တွေရဲ့ အုပ်ချုပ်မှုနဲ့အတူ ပဒေသရာဇ်ခေတ် ၊ မြို့ပြနိုင်ငံခေတ်တွေကို ဖြတ်သန်းခဲ့ကြတာပါ။

    ဘုရင့်နောင် ၊ အလောင်းဘုရား စတဲ့ ဗမာဘုရင်တွေလက်ထက်မှာ တိုင်းပြည်ရဲ့ နယ်နိမိတ်က ကြီးမားကျယ်လာတာတွေရှိခဲ့ပြီး တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ဒေသတွေကိုပါ တိုက်ခိုက်သိမ်းပိုက်နိုင်တာတွေ ရှိခဲ့ပေမဲ့ ပြည်ထောင်စု စိတ်ဓါတ်နဲ့ တည်ထောင်ထားနိုင်ခဲ့တာ မဟုတ်တဲ့အတွက် လက်အောက်ခံ တိုင်းရင်းသားမျိုးနွယ်စုတွေအနေနဲ့ အုပ်ချုပ်သူ ဘုရင်တွေ အပေါ် မကြာခဏ တော်လှန် ပုန်ကန်ခဲ့တာတွေလည်း ပဒေသရာဇ် ခေတ်တလျှောက် ဒုနဲ့ ဒေးပါပဲ။

    ပင်လုံကတိကဝတ်နဲ့ ပြည်တွင်းစစ်
    မြန်မာနိုင်ငံကို လွတ်လပ်ရေးရစေခဲ့တဲ့ သမိုင်းဝင် ပင်လုံစာချုပ် ချုပ်ဆိုနိုင်မှုဟာ မြန်မာနိုင်ငံအတွင်းမှာရှိကြတဲ့ တိုင်းရင်းသား တွေအနေနဲ့ ပထမဆုံးအကြိမ် စည်းလုံးညီညွတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့ အချိန်မှာ နေရာဒေသကိုလိုက်ပြီး ဥပဒေ ၅ ခုနဲ့ ခွဲခြား အုပ်ချုပ်ခဲ့တဲ့အတွက် လွတ်လပ်ရေးယူဖို့ ဖြစ်လာတဲ့အချိန်မှာ ပြည်မနဲ့ တောင်တန်းခွဲပြီး လွတ်လပ်ရေး ယူမလား တွဲပြီး လွတ်လပ်ရေးယူမလားဆိုတဲ့ ကိစ္စတွေ ပေါ်လာတာကြောင့် အားလုံး တပြိုင်နက်တည်း ပေါင်းစုပြီး လွတ်လပ်ရေး ရယူနိုင်အတွက် ရည်ရွယ်ပြီး သမိုင်းဝင် ပင်လုံစာချုပ်ကို စုပေါင်း လက်မှတ် ရေးထိုးခဲ့ကြတာပဲ ဖြစ်ပါတယ်။

    ဗိုလ်ချုပ်အောင်ဆန်းရဲ့ “ခင်ဗျားတို့ တောင်ပေါ်သားတွေကို အင်္ဂလိပ်ကျွန်ဘဝမှာ မနေစေချင်သလို ၊ဗမာလူမျိုးတွေရဲ့ ကျွန်ဘဝမှာလည်း မနေစေချင်ဘူး။ တန်းတူရည်တူ ဆက်ဆံပါ့မယ်။ ဗမာတကျပ်ရရင် ရှမ်းလည်း တကျပ်ရစေရမယ်” ဆိုတဲ့အတွက်ကြောင့်လည်း ပင်လုံညီလာခံကို တက်ရောက်ခဲ့ကြတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အနေနဲ့ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်မယ်ဆိုရင်းလည်း မှားမယ် မထင်ပါဘူး။

    ဒါပေမဲ့ သိကြတဲ့အတိုင်းပါပဲ ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ပြီးတဲ့အချိန်မှာတော့ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ရေးဆွဲရာမှာ တိုင်းရင်းသားတွေအတွက် တန်းတူလို့ ပြောနိုင်တဲ့ ပင်လုံစာချုပ်ပါ အခွင့်ရေးတွေက တော်တော်များများ ပါမလာပါဘူး။ အဲဒီအခြေခံ ဥပဒေမှာ ကတည်းကိုက ပင်လုံကတိကဝတ်တွေနဲ့ စတင်သွေဖယ်လာခဲ့ပြီး လွတ်လပ်ရေးရပြီးမှာပဲ ပြည်တွင်းစစ်နဲ့ စတင်ကြုံတွေ့ခဲ့ရပါတယ်။၁၉၄၇ ဖွဲ့စည်းပုံမှာက ပြည်နယ်တွေကို ကိုယ်ပိုင်ပြဌာန်းခွင့် နိုင်ငံရေး အာဏာ အပြည့်ဝ မပေးခဲ့ပါဘူး။ အုပ်ချုပ်ရေး တရားစီရင်ရေး နဲ့ ဥပဒေပြုရေးတွေဖြစ်ပြီး ကျန်တော်တို့ ချင်းလူမျိုးတွေဆို ပြည်နယ်တောင် စရခဲ့တာ မဟုတ်ပဲ ဝိသေသတိုင်း အဆင့်သာ ရခဲ့တာပါ။

    ဗမာလူမျိုးတွေအနေနဲ့ ပြည်နယ်ဖွဲံ့စည်းခဲ့တာမရှိဘဲ ပြည်ထောင်စု အာဏာကို ချုပ်ကိုင်တာကလည်း ပြည်မကြီးကပါပဲ။ ဗမာလူမျိုးတွေက ပြည်ထောင်စုကြီးရဲ့ ဗဟိုအစိုးရ အာဏာကို ချုပ်ကိုင်ထားခဲ့တာပါ။ တတိယ အားနည်းချက်ကတော့ လွှတ်တော်ကို ပြည်ထောင်စုစနစ်အတိုင်းမထားပဲ တပြည်ထောင်စနစ်ကျင့်သုံးတဲ့ အင်္ဂလန်နိုင်ငံက လွှတ်တော်ပုံစံကို ပုံတူကူးချခဲ့တာပဲဖြစ်ပါတယ်။အထက်လွှတ်တော်ကလူမျိုးစု လွှတ်တော်ဖြစ်ရမှာ ဖြစ်ပြီး ပြည်နယ်အလိုက် လူဦးရေတူညီစွာ စေလွှတ်ရမှာဖြစ်ပေမဲ့ အောက်လွှတ်တော်လိုပဲ လူဦးရေအချိုးစားအလိုက် လွှတ်တော်အမတ်တွေကို စေလွှတ်လိုက်တဲ့ အခါမှာတော့ လွှတ်တော်နှစ်ရပ်လုံးမှာ ဗမာတွေ စိုးမိုးချယ်လှယ်လို့ ရသွားတယ်” လို့ ဖက်ဒရယ်ရေးရာ ကျွမ်းကျင်သူ တဦးဖြစ်တဲ့ ဒေါက်တာဆလှိုင်းလျှံမှုန်းဆာခေါန်းက သူ့ရဲ့ တိုင်းရင်းသား လူမျိုးများအရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ်ဆိုတဲ့ စာအုပ်မှာ မှတ်ချက်ပြုထားပါတယ်။အဲလို တန်းတူမဖြစ်ခဲ့တဲ့အတွက် လွတ်လပ်ရေးရပြီး ၁၀ နှစ်ကြာလာတဲ့ အချိန်မှာ အခြေခံ ဥပဒေပါ ပြဌာန်းချက်အတိုင်း ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိသည် ဆိုတဲ့အချက်ကို လက်ကိုင်စွဲပြီး အကောင်ထည် ဖော်မပေးရင် ခွဲထွက်မယ်ဆိုပြီး တိုင်းရင်းသားတွေဘက်က တောင်းဆိုမှုတွေ ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီတောင်းဆိုမှုတွေကိုလည်း ရှောင်လွှဲတဲ့အနေနဲ့ အိမ်စောင့်အစိုးရ တက်လာပါတယ်။ နောက်ပိုင်းကတော့ သိကြတဲ့အတိုင်းပါပဲ။ ၁၉၆၀ ရွေးကောက်ပွဲလုပ်တယ်။

    ပင်လုံစာချုပ်(Internet)
    ပင်လုံစာချုပ်(Internet)

    ဦးနုဦးဆောင်တဲ့ ဖဆပလက အနိုင်ရတယ်။ တဖြည်းဖြည်း ပြည်တွင်းစစ်ရဲ့ အခြေခံ ပြသနာက နိုင်ငံရေးနဲ့ တန်းတူ အခွင့်ရေးပြသနာလို့ သဘောပေါက်လာခဲ့တဲ့အတွက် ဖဆပလ အစိုးရအနေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ လက်တွဲပြီး တိုင်းရင်းသား တန်းတူအခွင့်ရေးအတွက် တွန်းတွန်းတိုက်တိုက်လုပ်လာတယ်။အဲဒီလိုနဲ့ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ တောင်ကြီးညီလာခံပေါ်လာတယ်။ အဲဒီနောက် ၁၉၆၂ ခုနစ် ဖေဖော်ဝါရီလမှာ အစိုးရကနေ ဦးဆောင်ပြီး တိုင်းရင်းသား ပေါင်းစုံပါဝင်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်နိုင်ရေးအတွက် နည်းနှောဖလှယ်ပွဲကျင်းပတယ်။ ကျင်းပလို့ မပြီးခင်မှာ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ တပ်မတော်က အာဏာသိမ်းလိုက်တာပါပဲ။ ဖက်ဒရယ်ခွဲထွက်ခွင့်ကြောင့် တိုင်းပြည် ချောက်ထဲကျသွားမှာ ပြည်ထောင်စုကြီးပြိုကွဲမှာ စသဖြင့် အကြောင်းပြချက်တွေနဲ့ပါ။

    ‘ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက “အကြောင်းပြလို့သာပြတာဗျ အဲဒီတုန်းက ကျန်တော့်အဖေက တောင်ကြီးညီလာခံမှာ အထွေထွေ အတွင်းရေးမှူး။ အာဏာသိမ်းတော့ ဖမ်းဆီးခံရပြီး ပြန်မတွေ့တော့တဲ့ ကျန်တော့်ဦးလေး သီပေါစော်ဘွားက ဖက်ဒရယ် အခြေခံ ဥပဒေရေးဆွဲရေးက တာဝန်ရှိသူ သူတို့ပြောတာ ခွဲထွက်ရေးဆိုတာ မပါခဲ့ဘူး ၆၀ ခုနစ်နောက်ပိုင်းကစလို့။ ဦးနုအစိုးရနဲ့လည်း တော်တော်အဆင်ပြေနေပြီ အဲဒီမှာ တပ်က အဲဒါက ခွဲထွက်ရေးဆိုတာကို ပြပြီး အာဏာသိမ်းတာပါ ‘ လို့ ပြောပါတယ်။

    အဲဒီနောက်ပိုင်းမှာတော့ ပြည်တွင်းစစ်မီးကလည်း မငြိမ်းသတ်နိုင်တော့သလို လက်နက်မကိုင်တဲ့ တိုင်းရင်းသားမျိုးနွယ်စု ဆိုတာ မရှိသလောက်ဖြစ်လာပါတယ်။ ဖက်ဒရယ်ဆိုတဲ့ စကားလုံးကလည်း လွတ်လွတ်လပ်လပ်ပြောဆိုလို့ မရတဲ့ တားမြစ် ထားတဲ့ စကားလုံးတရပ်ဖြစ်လာခဲ့ပါတယ်။ ၁၉၇၄ ခုနစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကလည်း တပါတီ အာဏာရှင် စနစ် ရှင်သန်ရေးအတွက်သာ ဖြစ်ခဲ့သလို တပြည်ထောင် စနစ်သာ ဖြစ်ခဲ့တာပါ။ ဒါ့အပြင် တိုင်းရင်းသားလူမျိုးတွေရဲ့ အစိုးရ အဖွဲ့အတွင်းမှာ နေရာရရှိမှု အနေထားနဲ့ တပ်မတော်အပါဝင် ဌာနဆိုင်ရာတွေမှာ အဆင့်မြင့်ရာထူးတွေမှာ ရယူနိုင်မှုမှာလည်း ခေတ်ကာလတွေအလျှောက် အရေအတွက်က တဖြည်းဖြည်း လျော့လျော့ကျလာခဲ့ပါတယ်။ တပ်မတော်မှာရှိတဲ့ တိုင်းရင်းသားတပ်ရင်းတွေဆိုရင်လည်း နောက်ပိုင်းမှာ ပျောက်ကုန်ပါတယ်။

    ၈၈ နောက်ပိုင်း
    တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ခွဲထွက်ရေးဆိုတဲ့ မူက ၉၀ ပြည့်နှစ်တွေမှာတော့ လုံးဝပျောက်သွားခဲ့ပါတယ်။ ၈ လေးလုံး အရေးတော်ပုံအပြီးတက်လာတဲ့ နဝတ ၊ နအဖ အစိုးရလက်ထက်တွေမှာလည်း နိုင်ငံရေး ပြသနာတွေက မဖြေရှင်းနိုင်ခဲ့သလို ပြည်တွင်းစစ်မီးကိုလည်း ငြိမ်းသတ်နိုင်တာမရှိခဲ့ပါဘူး။ အဲဒီကာလတွေအတောအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စည်းအချို့နဲ့ အပစ်ရပ်တာတွေရှိပေမဲ့ နိုင်ငံရေးအဖြေရှာနိုင်တဲ့အဆင့်အထိ မရောက်တဲ့အတွက် အဲဒီ အပစ်အခတ် ရပ်စဲရေးတွေဟာလည်း မတည်မြဲခဲ့ပါဘူး။ တဘက်မှာလည်း ပြည်တွင်းက ဒီမိုကရေစီအရေး လှုပ်ရှားသူတွေရဲ့ တောင်းဆိုမှု တွေကိုလည်း ပြေလည်အောင် ဖြေရှင်းနီုင်မှုမရှိတာ တွေ့ရပါတယ်။ အဲဒီနောက် အမျိုးသား ညီလာခံနဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံဆိုတာ ပေါ်လာပါတယ်။

    ၂၀ဝ၈ ဖွဲ့စည်းပုံ
    ၂၀၁၀ နောက်ပိုင်းမှာတော့ ၂၀ဝ၈ ဖွဲ့စည်းပုံအရ တိုင်းတွေ ပြည်နယ်တွေမှာ လွှတ်တော်တွေ ရှိလာသလို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်ဆိုပြီးလွှတ်တော် သုံးရပ်ရှိလာပါတယ်။ ဒါပေမဲ့လည်း တိုင်းတွေ ပြည်နယ်လွှတ်တော်တွေရဲ့ ဥပဒေပြုခွင့်ဟာ အင်မတန်မှ နည်းလှသလို အဓိကကျတဲ့ အဆိုတွေ ဥပဒေတွေကို ဆုံးဖြတ်တဲ့နေရာဖြစ်တဲ့ ပြည်ထောင်စု လွှတ်တော်မှာဆိုရင်လည်း သိပ်မျှတမှု မရှိပါဘူး။တခြားနီုင်ငံတော်တော်များများမှာတော့ လွှတ်တော်တရပ်က ကန့်ကွက်လိုက်ရင် အဲဒီအဆိုတွေ ဥပဒေတွေက အတည်မဖြစ်ပါဘူး။ ဒီမှာက ပြည်သူ့လွှတ်တော်က လူဦးရေများပြီး ပြည်သူ့လွှတ်တော်က တင်တာဆိုရင် ပြည်ထောင်စု ( လွှတ်တော်နှစ်ရပ်ပေါင်းက) လွှတ်တော်က ပြန်ပြီး ဆွေးနွေး ဆုံးဖြတ်တာကြောင့် ပြည်သူ့ဘက်က တခြမ်းစောင်းနေသလို တိုင်း ၇ တိုင်းက ပြည်မ ဒေသတွေ ဖြစ်နေတဲ့အတွက် ညီမျှတယ်လို့ ပြောဖို့ ခက်ပါတယ်။ ဒါတောင် လွှတ်တော်တိုင်းမှာရှိနေတဲ့ ၂၅ ရာခိုင်နှုန်းကို ထည့််မတွက်သေးပါဘူး။

    ဒါ့အပြင် ပြည်နယ်နဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်တွေကိုလည်း သမ္မတကပဲ ခန့်အပ်တာဖြစ်သလို သယံဇာတအရင်းမြစ် ခွဲဝေမှုတွေလည်း မရှိပါဘူး။ အခွန်ကောက်ခံနိုင်ခွင့်ကလည်း နည်းပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေမှာ ဝန်ကြီးဌာနတွေရှိပေမဲ့ လုပ်ပိုင်ခွင့်ကသိပ်မရှိလှသလို ဖွဲ့စည်းမှုတွေကလည်း တိကျရှင်းလင်းတဲ့ ပြဌာန်းချက်တွေ မရှိပါဘူး။ ဒါတောင် ပြည်နယ်နှင့်တိုင်း ၁၄ ခုနဲ့ တွက်ထားတာပါ။ ဗမာ (၇) ကျပ် တိုင်းရင်းသား တကျပ်ဆိုတဲ့အချိုးနဲ့ ချကြည့်မယ် ဆိုရင်တောင် အပြည့်ဝမရသေးတဲ့ သဘောဖြစ်နေပါတယ်။ပြည်နယ်နဲ့ တိုင်းအလိုက် အခြေခံ ဥပဒေတွေလည်း ရှိမနေပါဘူး။

    ပြည်နယ်အလိုက် ကာကွယ်ရေးတပ်တွေလည်း ရှိမနေခဲ့ပါဘူး။ အစိုးရအဖွဲ့အတွင်းမှာတော့ တိုင်းရင်းသားတွေအနေနဲ့ ဒုတိယ သမ္မတ ရာထူးတွေ ၊ ပြည်နယ်ဝန်ကြီးချုပ်တွေ ၊ ဒုဝန်ကြီးတွေအထိ ဖြစ်လာတာတော့တွေ့ရပါတယ်.။ အများစုကတော့ အာဏာရ ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ တပ်မတော်သားဟောင်းတွေ ဖြစ်ပါတယ်။ ဒေသတွေရဲ့ ဖွံ့ဖြိုးမှုတွေကိုကြည့်မယ် ဆိုရင်လည်း တိုင်းရင်းသားဒေသတွေနဲ့ ပြည်မဒေသတွေဟာ အတော်ကိုကွာဟနေဆဲဖြစ်ပါတယ်။

    ဖွဲ့စည်းပုံပြင်ရေး ၊ အပစ်ရပ်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေး
    အဲဒီဖွဲ့စည်းပုံကို ပြင်ဖို့ဆိုပြီး လုပ်နေတာလည်းကြာနေပါပြီ။ အခု လွှတ်တော် သက်တမ်းကုန်ခါနီး ၁၀ လအလိုအထိကို ဥပဒေကြမ်းက လွှတ်တော်မှာ ဆွေးနွေးတဲ့အဆင့် မရောက်သေးပါဘူး။ တဘက်ကလည်း တော်တော်များများက တိုင်းတွေ ပြည်နယ်တွေ လုပ်ပိုင်ခွင့်ပေးဖို့ ဝန်ကြီးချုပ်တွေကို လွှတ်တော်တွေကနေရွေးဖို့အထိ Decentralize လုပ်ဖို့ ပြောနေကြပေမဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက ပြည်နယ်တွေတိုင်းတွေကို ဥပဒေပြုခွင့်ပိုပေးဖို့ အခွန်ကောက်ခံခွင့်ပိုပေးဖို့လောက်သာ ပြင်သင့်တယ်လို့ ပြောဆိုနေတာလည်း တွေ့ရပါတယ်။ပြည်နယ်ဝန်ကြီးချုပ်ရွေးဖို့တို့ သဘာဝ သယံဇာတအရင်းမြစ် ခွဲဝေခွင့်တို့တောင် ပါတာ မတွေ့ရပါဘူး။

    မြန်မာ့နိုင်ငံရေး လေ့လာသူ စာရေးဆရာ ဦးကျော်ဝင်းကတော့ ပြည်တွင်းစစ်မီးငြိမ်းချင်ရင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံ ပြင်ပေးဖို့လိုပြီး တိုင်းတွေ ပြည်နယ်တွေရဲ့ ဥပဒေပြုခွင့်တွေကို တိုးမြှင့်ပေးရမယ်။ အခွန်ကောက်ခံခွင့်ကို တိုးမြင့်ပေး ရမှာဖြစ်ပြီး သဘာဝ သယံဇာတ အရင်းမြစ်ခွဲဝေမှုတွေကိုလည်း တိကျတဲ့ ပြဌာန်းချက်တွေနဲ့ ပြည်နယ်တွေကို ပေးထားဖို့ လိုသလို ပြည်နယ်ဝန်ကြီးချုပ်တွေကိုလည်း ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက လွှတ်တော်တွေက တင်မြောက် နိုင်တဲ့ အခြေအနေမျိုးအထိ စပြင်ပေးထားဖို့လိုတယ်။ အနိမ့်ဆုံး သမ္မတကနေ ခန့်ထားတာကနေ လွှတ်တော်ကနေ သုံးယောက်တင် သမ္မတက တယောက်ရွေးဆိုတဲ့လောက်အထိ ဖြစ်မှရမယ်။ ဒါမှ အနာဂတ်မှာ ဖက်ဒရယ်ပြည်ထောင်စုကို တဖြည်းဖြည်းသွား ဖို့ရာမှာ အဆင်ပြေနိုင်မှာဖြစ်တယ်လို့ အကြံပြုထားပါတယ်။တဘက်မှာလည်း နိုင်ငံရေးအင်အားစုတွေအကြား အုပ်စုအလိုက် နိုင်ငံရေးအကျုးိစီးပွားမတူမှုအပေါ်အခြေခံပြီး ဖွဲ့စည်းပုံပြင်ရေး ၊ တွေ့ဆုံဆွေးနွေးရေးလို ကိစ္စတွေမှာ နှောင့်နှေးကြန့်ကြာ မှုတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။

    အစိုးရအနေနဲ့လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်ကတည်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် လက်မှတ်ရေးထိုးမယ် လက်မှတ်ထိုးပြီးရင် နိုင်ငံရေး ဆွေးနွေး အဲဒီမှာ ဖွဲ့စည်းပုံပြင်ဆိုတဲ့ မူဝါဒကိုချမှတ်ပြီး လုပ်ဆောင် နေတာတွေ့ရပါတယ်.။ ဒါပေမဲ့လည်း နိုင်ငံရေးအာမခံချက်ကို ခိုင်ခိုင်မာမာလိုချင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စည်းတွေက အများကြီးဖြစ်နေတာကြောင့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးက ဝေးနေဆဲဖြစ်နေပါတယ်။တိုင်းရင်းသား လက်နက်ကိုင်တွေကတော့ တိုင်းရင်းသား အခွင့်ရေးတွေကို ဥပဒေအရ ခိုင်ခိုင်မာမာရှိမှ လက်မှတ်ရေးထိုး ချင်ကြတာပါ။ သူတို့က အချိုးညီမျှတဲ့ ဖက်ဒရယ်ပုံစံလောက်ကို တင်ပြနေတာတွေ့ရပါတယ်။ လက်ရှိတပ်မတော်မှာ တိုင်းရင်းသား မျိုးနွယ်စုတွေ နည်းပါးလွန်းတာ အခွင့်ရေးနည်းလွန်းတာကြောင့် တပ်မတော်ဟာ ပြည်သူအားလုံးကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုတပ်မတော် မျိုးဖြစ်သင့်တယ် ဆိုတဲ့အထိကို တောင်းဆိုနေတာလည်း တွေ့ရပြီး တပ်မတော် ဘက်က အဲဒီအချက်မှာ ဆွေးနွေးဖို့တောင် ဆန္ဒမရှိလှတာကြောင့် တိုင်းရင်းသားဒေသတွေမှာတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေဆဲပါပဲ။

    “အပစ်မရပ်လည်း နိုင်ငံရေးက ဆွေးနွေးချင်ရင်ဆွေးနွေးလို့ရတာပဲဗျာ အပစ်မရပ်ခင်နိုင်ငံရေးအရ အာမခံချက်ပေးထားရင် ကျန်တာက ချက်ခြင်းသွားလို့ရတယ်။ နိုင်ငံရေးအရ သြဇာရှိတဲ့ ပုဂ္ဂိုလ်တွေအကြားမှာ ဆွေးနွေးရေးတွေလုပ်ရတာပါပဲ။ လုပ်နေတဲ့ ဆွေးနွေးရေးတွေကလည်း အပေါ်ယံဖြစ်နေတယ်.။ အခုက Peace Process နဲ့ သွားမှ ရမယ်ဆိုတာက တမျိုး လွှတ်တော်က သွားမှ ရမယ်ဆိုတာက တမျိုး ပိုမိုရှုပ်ထွေးနှောင့်နှေးအောင်လုပ်သလို ဖြစ်နေတယ်” လို့ မြန်မာ့နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်.။

    ဖက်ဒရယ် တစ္ဆေခြောက်နေဆဲလား
    ဖက်ဒရယ်အသုံးနှုန်းနဲ့ ပတ်သက်လို့တော့ အစိုးရဘက်က မကြာခဏ ပြောလာတာတွေ့ရသလို နိုင်ငံရေးဆွေးနွေးမှုမှ ထွက်ပေါ်လာသည့် ရလာဒ်များကို အခြေခံပြီး ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရန် သဘောတူသည် လို့ ဆိုတဲ့ အထိတော့ သဘောတူလာတာတွေ့ရပါတယ်။ ဘယ်အချိန်မှာ ဘယ်လောက်အဆင့် အကောင်ထည်ဖော်ပေးမယ်ဆိုတာ တိတိကျကျ မသိရပါဘူး။ တဘက်ကလည်း နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးအတွက် တအားအလောတကြီးလုပ်လာတာတွေ့ရတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။“အခုအချိန်အထိ ဖွဲ့စည်းပုံပြင်ဖို့ကို ချီတုံချတုံဖြစ်နေတယ် ဘယ်လိုလုပ်ငြိမ်းချမ်းရေးရမလဲဗျာ” လို့ ဦးခွန်ထွန်းဦးက ပြောပါတယ်။

    လက်တွေ့ကျကျခြုံငုံ သုံးသပ်ရမယ် ဆိုရင်တော့ ဖက်ဒရယ် ယောင်ယောင်လုပ်ထားတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံကို အတန်သင့် ဖြေလျှော့ဖို့ Decentralize လုပ်ဖို့ ၊ တိုင်းတွေ ပြည်နယ်တွေ ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာလွှတ်တော်တွေက ရွေးချယ်စေပြီး သယံဇာတခွဲဝေခွင့်တွေ ဥပဒေပြုခွင့်တွေ အုပ်ချုပ်ခွင့်တွေ ပိုပေးဖို့ ဆိုတာတောင် တော်တော်လုပ်ယူရမဲ့ အခြေအနေ ရောက်နေတယ်လို့ ဆိုကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဆိုတဲ့ အချိန်ကလည်း သိပ်မကျန်တော့ပါဘူး။ သေချာတာကတော့ ဖက်ဒရယ်ဝေါဟာရကို အကြောင်းပြပြီး အာဏာသိမ်းခဲ့တာ နှစ်ပေါင်း ၅၃ နှစ် ပြည့်ပြီ ဖြစ်ပေမဲ့ တန်းတူညီမျှမှုရှိတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စုက အခုချိန်အထိ မဖြစ်သေးသလို ဖြစ်ဖို့လည်း တော်တော်ကြိုးစားရဦးမဲ့ အနေထားမှာ ရှိနေပါတယ်။ ဒါ့အပြင် ဖက်ဒရယ်တစ္ဆေခြောက်နေလို့ ဒီလောက်ကြာနေတာလားဆိုတာက စဉ်းစားစရာပါ။
    မြန်မာ့နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက‘ ဖက်ဒရယ်ကို တစ္ဆေလို့ မသုံးနှုန်းစေချင်ဘူး။

    လွတ်လပ်ရေးရပြီးနောက်ပိုင်းကတည်းက အဲဒီအခွင့်ရေးက တိုင်းရင်းသား လူမျိုးစုတွေရဲ့ ရပိုင်ခွင့် အခွင့်ရေးဆိုတာမျိုးပဲ ဖြစ်စေချင်တယ်။ မတူကွဲပြားခြားနားတဲ့တိုင်းရင်းသားတွေ ပေါင်းစု နေထိုင်ကြတဲ့ မြန်မာနိုင်ငံအဖို့ ဖက်ဒရယ် ပြည်ထောင်စု ဆိုတာက မဖြစ်မနေတည်ဆောက်ကြရမဲ့ လိုအပ်ချက်ပဲလို့ ထင်တယ်။ ‘ လို့ သုံးသပ်ပါတယ်။၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့စည်းမှ ကိုမြအေးက ‘ ကျန်တော်မြင်တာကတော့ ဖက်ဒရယ်တစ္ဆေက ခြောက်နေဆဲပဲ။ အခုက ၅၃ နှစ်ရှိလာပြီဗျာ ၆၂ က စတွက်မယ်ဆိုရင်တောင် .။ လွတ်လပ်ရေးရတဲ့ ၁၉၄၈ စတွက်မယ်ဆိုရင် နှစ်ပေါင်း ၆၀ ကျော် အခုရှိနေတဲ့လူတွေအကုန်လုံး အမှောင်ခေတ်တွေကို ဖြတ်သန်းခဲ့တဲ့ အဲဒီခေတ်တွေမှာ ကြီးပြင်းခဲ့တဲ့ လုူတွေကြီးကြီးပါ။ ကျန်တော်တို့လည်း ၅၀ ရှိပြီး အဲဒီခေတ်တွေမှာ ကြီးပြင်းခဲ့တာဖြစ်တယ်။ အဲဒီခေတ်ဖြတ်သန်းခဲ့ရင် ပြည်သူတွေက အစ ဖက်ဒရယ်ကို ကြောက်မှာပဲ ။ အာဏာပိုင်နေတဲ့သူတွေက ပိုဆိုးပေါ့။ အားလုံး ဖက်ဒရယ်ကို မကြောက်အောင်လုပ်ဖို့ အားလုံးမှာ တာဝန်ရှိတယ်” လို့ ပြောပါတယ်။-

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts