ယခု သပိတ်အား ဝန်းရံပေးသော သံဃာတော်မှာ ၄ ပါးခန့်သာ ရှိပြီး ထိုအထဲတွင်မော်လမြိုင်မြို့မှ သံဃာတော်အချို့သာ ပါဝင်ကြောင်း မွန်ပြည်နယ် ဘီလူးကျွန်းဒေသမှ သံဃာတော် ဦးဥက္ကံသ (ခ) ဦးဇင်းဇော်လတ်က မိန့်ကြားသည်။
“အခုလောလောလောဆယ်တော့ သံဃာတော်တွေ အရမ်းနည်းနေပါတယ်၊ မော်လမြိုင်မြို့ပေါ်က သံဃာတော်တွေ အရမ်းနည်းပါတယ်၊ ပါဝင်တဲ့ သံဃာတော်တွေ ၃ – ၄ ပါးဘဲ ရှိပါတယ်၊ သံဃာတော်တွေ စာမေးပွဲနီးနေတာကြောင့်လည်း ဖြစ်နိုင်တယ်” ဟု ဦးဇင်းဇော်လတ်က မိန့်သည်။
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ယနေ့ ၁၀ နာရီမှစကာ မွနြ်ပည်နယ် ကျောင်းသားများနှင့် ထားဝယ် ကျောင်းသားများ ပူးပေါင်းကာ အမျိူးသားပညာရေး ဥပဒေနှင့် တိုင်းရင်းသားစာပေ သင်ကြားခွင့်ရရှိရေးအတွက် ဆန္ဒပြ တောင်းဆိုကြသည်။
သံဃာတော်များမှလည်း မွန်ပြည်နယ်ကျောင်းသား သပိတ်ကို အဘက်ဘက်မှ ဝိုင်းဝန်းကူညီသင့်ကြောင်း ထောက်ခံအားပေရန်လည်း လိုအပ်ကြောင်း ပြည်ပရောက် မွန်သံဃာတော်တစ်ဦးက ပြောသည်။
“တကယ်လို့ ဖိနှိပ်မှု များလာရင် အဘက်ဘက်က ဝိုင်းကူပေးဖို့ ပြင်ဆင်ထားပါတယ်၊ လိုအပ်လို့ရှိရင် ကျောင်းသားတွေကို ရပာန်းသံဃာတော်တွေ ထောက်ခံအားပေးဖို့၊ အင်အားဖြည့်တင်းပေးဖို့ လိုအပ်တယ်လို့ ဦးဇင်းက တစ်သီးပုဂ္ဂလ အနေနဲ့ ပြောချင်ပါတယ်”ဟု ပြည်ပရောက် သံဃာတော် အရှင်ထာဝရ မိန့်ကြားသည်။
ထိုပြင် အမျိူးသားပညာရေးဥပဒေနှင့် ပတ်သက်၍ ဆန့်ကျင်သပိတ်မှောက်နေသည့် ကျောင်းသားများကို အစိုးရမှ အကြမ်းဖက်ဖိနှိပ်မှုများ ပြုလုပ်ပါက ထိုပြဿနာသည် ပိုမိုရှုပ်ထွေးသွားနိုင်ကြောင်း အထက်ပါ သံဃာတော်မှ သုံးသပ်ခဲ့သည်။
အလားတူ ကျောင်းသားသပိတ်ကို ဆန့်ကျင်သည့် ဒေသခံအချို့သည် မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်တွင် ငြိမ်ချမ်းစွာ ဆန္ဒထုတ်ဖော်နေကြကြောင်း သိရသည်။
ယခုလက်ရှိ မော်လမြိုင်မြို့တွင် ရောက်ရှိနေကြသည့် ထားဝယ်ကျောင်းသား သပိတ်စစ်ကြောင်းသည် ရန်ကုန်သို့ ဆက်လက်ချီတက်မည်ဖြစ်သည်။
သို့သော်လည်း မွန်ပြည်နယ် ကျောင်းသားများသည် သပိတ်နှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများကို မော်လမြိုင်တွင်သာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ပိုင်းမှ ရန်ကုန်သို့ ဆက်လက် ချီတက်မည်ဖြစ်ကြောင်း မွန်ပြည်နယ်ကျောင်းသားသမဂ္ဂမှ သိရသည်။
“ကျွန်တော်တို့ ၁၂ ရက်နေ့ နောက်ပိုင်းကျမှ အခြေအနေကိုကြည့်ပြီး ခရီးဆက်မှာပါ၊ နောက်ပိုင်းမှာ လုပ်မဲ့ ဆွေးနွေးပွဲ အခြေအနေကို စောင့်ကြည့်ဦးမှာပါ” ဟု ကျောင်းသား ပာန်တလမွန်က ပြောသည်။
ယနေ့ မွန်ပြည်နယ်တွင် ချီတက်နေသော ကျောင်းသားသပိတ်တွင် ကျောင်းသားဦးရေ ၅၀ ခန့်သာပါဝင်ပြီး မော်လမြိုင် GTC ကျောင်းသား များ၊ မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသားများနှင့် ထပ်မံပူပေါင်းရရန်ရှိပြီး၊ သပိတ်စစ်ကြောင်းကို ဒေသခံပြည်သူအများစုက ဝန်းရံလိုက်ပါ
လျှက်ရှိကြောင်း၊ အစိုးရမှလည်း လုံခြုံရေးများကို တင်းကျပ်စွာချထားကြောင်း သိရသည်။
မွန်ပြည်နယ်တွင် ထားဝယ်ကျောင်းသားများနှင့် မွန်ကျောင်းသားများ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စ၍ ရေး၊ သံဖြူဇရပ်၊ မုဒုံ စသည့်မြို့များသို့ ချီတက်ခဲ့ကြသည်။