spot_img
Saturday, April 20, 2024
More
    spot_img
    Homeသတင်းကျောက်မီးသွေးလျှပ်စစ်ဓါတ်အား ပညာပေးဟောပြောပွဲ အံဒင်ကျေးရွာတွင်ပြုလုပ်

    ကျောက်မီးသွေးလျှပ်စစ်ဓါတ်အား ပညာပေးဟောပြောပွဲ အံဒင်ကျေးရွာတွင်ပြုလုပ်

    -

    ကျောက်မီးသွေးဓါတ်အားပေးစက်ရုံ တည်ဆောက်ရန် လျာထားသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာတွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ ညပိုင်းက ပြုလုပ်သည့် ပထမအကြိမ် ပညာပေးဟောပြောပွဲသို့ သတ္တုတွင်း ပညာရှင် ဦးစိန်မြင့် (သတ္တုဦးစီး) တက်ရောက်ဆွေးနွေးခဲ့သည်။

    ဦးစိန်မြင့် က “ဒီဒေသရဲ့ အနေအထားနဲ့ ဒီပတ်ဝန်းကျင်ရဲ့ အနေအထားဟာဆိုရင် ဒီစက်ရုံဟာ လုံးဝမကိုက်ဘူး၊ ကျွန်တော်က လုံးဝ သဘောမကျဘူး၊ ဒေသခံတွေကိုလည်း ဒါတွေလိုအပ်တယ်၊ မလိုအပ်ဘူး ဆိုတာကို သိစေချင်လို့ ဒီမှာ အမြင်ဖွင့်ပွဲ ဆွေးနွေးဖလှယ်ပွဲ လုပ်တာပါပဲ” ဟု ပြောသည်။

    သတ္တုတွင်းပညာရှင် ဦးစိန်မြင့် ဟောပြောစဉ်(AKKA)
    သတ္တုတွင်းပညာရှင် ဦးစိန်မြင့် ဟောပြောစဉ်(AKKA)

    စာပေဟောပြောပွဲကို မလေးရှားနိုင်ငံရောက် အံဒင်ဒေသခံများ၏ ပံ့ပိုးမှုဖြင့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသီလက ဦးဆောင်ပြုလုပ်ခြင်း ဖြစ်ပြီး ဦးစိန်မြင့် နှင့်အတူ မွန်ပြည်သစ်ပါတီ ဗဟိုစည်းရုံးရေးဌာန ဒုတာဝန်ခံ(၁) နိုင်ယက္ခလည်း တက်ရောက် ဟောပြောခဲ့သည်။

    အံဒင်ကျေးရွာ၊ အထက်တန်းကျောင်း ဘောလုံးကွင်း၌ ပြုလုပ်သည့် အဆိုပါ ဟောပြောပွဲတွင် ဦးစိန်မြင့်က ကျောက်မီးသွေး ပညာပေးနှင့် ပတ်သက်၍ “စွမ်းအင် ရှာပုံတော်” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး၊ နိုင်ယက္ခ က “လူ့စွမ်းအား အရင်းအမြစ် တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ခြင်း ဖြစ်သည်။

    ဘဒ္ဒန္တသီလ က “ဘုန်းကြီးတို့ ရွာမှ စာပေဟောပြောပွဲ အလေ့အထ မရှိဘူး။ စိတ်ဝင်စားမှုလည်း နည်းတယ်။ ဒီလိုအလေ့အကျင့် ဖြစ်အောင်၊ ပညာရှင်ရဲ့ အမြင်သဘောထားကိုလည်း သိသွားအောင် ဆိုပြီး ဒီပွဲကို လုပ်ဖြစ်တာပါ” ဟု မိန့်သည်။

    တိုယိုထိုင်း ကုမ္ပဏီက တည်ဆောက်ရန် လျာထားသည့် ၁၂၈၀ မဂ္ဂါဝပ်ရှိ အံဒင်ကျောက်မီးသွေးစက်ရုံ စီမံကိန်းသည် ဒေသခံများ၏ ကန့်ကွက်မှုများနှင့် ကြုံတွေ့နေရပြီး၊ တစ်ဖက်တွင်လည်း လိုလားသူ လူတစ်စုက ထောက်ခံလက်မှတ်များ တိတ်တဆိတ် ကောက်ခံလျက် ရှိကြောင်း ဆရာတော်က မိန့်သည်။

    ထိုသို့ လုပ်ဆောင်မှုများ ရှိနေခြင်းကြောင့် ဒေသခံများအနေနှင့် အစည်းအဝေးများ၊ ဆွေးနွေးပွဲများနှင့် ရှင်းလင်းပွဲများသို့ တက်ရောက်သည့်အခါ လက်မှတ်ထိုးရန် တောင်းဆိုလာပါက သတိဝီရိယရှိရန် လိုအပ်ကြောင်းလည်း ဦးစိန်မြင့် က သတိပေးခဲ့သည်။

    သူက “စက်ရုံဆောက်ဖို့ အာသီသ ပြင်းထန်နေတဲ့ တချို့လုပ်ငန်းရှင်များက ဒေသခံတွေရဲ့ ရိုးသားမှုနဲ့ မသိနားမလည်မှု တွေကို အခွင့်ကောင်းယူပြီးတော့ ဒီလက်မှတ်တွေကို အလွဲသုံးစား လုပ်ပြီးတော့ သဘောတူညီချက် လက်မှတ်အဖြစ်နဲ့ အသုံးချနေတာကိုလည်း မြင်နေ ကြားနေရတဲ့အတွက် ဒါလည်း သတိထားဖို့ လိုပါတယ်” ဟု ပြောသည်။

    ဦးစိန်မြင့်သည် “ပတ်ဝန်းကျင်က နုနု၊ ကျောက်မီးသွေး မုန်တိုင်းက ကြမ်းကြမ်းနှင့် သန့်ရှင်းသော စွမ်းအင်ရှာပုံတော်” “သေမင်းတမန်လော စွမ်းအင်လော” စသည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ပညာပေးစာအုပ်များစွာ ရေးသားခဲ့သည့် သတ္တုဦးစီးဌာနမှ အငြိမ်းစားတစ်ဦး ဖြစ်သည်။

    ၎င်းပြင် အံဒင်ကျေးရွာ မွန်အမျိုးသား အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၏ တောင်းဆိုမှုကြောင့် ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းတွင်လည်း ဘုန်းတော်ကြီးကျောင်းတွင် ကျောင်းသူ ကျောင်းသားများအား ပညာပေး ဟောပြောခဲ့သည်။

    အဆိုပါအံဒင် ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားစီမံကိန်းဆောက်လုပ်မည့်အစီအစဉ်အား မွန်သံဃာတော်အဖွဲ့ အစည်း များ၊ မွန်လူငယ်အဖွဲ့အစည်းများ၊ ရေးမြို့နယ်ဒေသခံများနှင့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် မွန်ပြည်သစ်ပါတီတို့က ကန့်ကွက်စာများ ထုတ်ပြန်ခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts