spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းမူလခြံပိုင်ရှင်(၁၉) ဦး ပိုင်နက်ကျူးကျော်မှုဖြင့် ရေးမြို့တွင် တရားစွဲဆိုခံနေရ

    မူလခြံပိုင်ရှင်(၁၉) ဦး ပိုင်နက်ကျူးကျော်မှုဖြင့် ရေးမြို့တွင် တရားစွဲဆိုခံနေရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာသား စိုက်ပျိုးခြံလုပ်ကိုင်သူ (၁၉) ဦးကို ခြံရှင်အသစ်ဆိုသူက ပိုင်နက်ကျူးကျော်မှု၊ ခြိမ်းခြောက်မှုဖြင့် မြို့နယ်တရား၌ တရားစွဲဆိုခြင်းခံထားရကြောင်း သိရသည်။

    အဆိုပါ ကိုးမိုင်ရွာသားတို့ နှစ်ကာလကြာ စိုက်ပျိုးလုပ်ကိုင်လာသောမြေကို စီးပွားရေးလုပ်ငန်းရှင် ဦးပေါ်ထွန်း ဆိုသူက ၎င်းပိုင်ဆိုင်သည်ဟု ဆိုကာခေါဇာမြို့ ရဲစခန်း၌ ၂၀၁၅ ဇန်နဝါရီလဆန်းပိုင်းတွင် လာရောက်အမှုဖွင့်ထားခြင်း ဖြစ်ပြီး ပြီးခဲ့သည့် (၂၂)ရက်နေ့တွင် ရေးမြို့နယ် တရားရုံး၌ (၃) ကြိမ်မြောက် တရားရင်ဆိုင်ရန် ဆင့်ခေါ်ခြင်းခံရကြောင်း တရားစွဲဆိုခံရသူတစ်ဦးဖြစ်သူ နိုင်ကြိမ်က ပြောသည်။

    “ဦးပေါ်ထွန်းက သူ့ခြံဧရိယာထဲ ကျူးကျော်မှု ပုဒ်မ (၄၄၇) နဲ့ ရွာက ခြံသမား(၁၉) ယောက်ကို စွဲထားတယ်၊ (၁၉) ယောက်ထဲက (၂)ယောက်ကို နောက်ထပ်ပုဒ်မ (၄၅၆) သူ့ကို ခြိမ်းခြောက်မှုနဲ့ ခေါဇာစခန်းမှုး ဦးမြင့်သိန်းဆီမှာ စွဲထားတာပေါ့၊ တရားလို အနေနဲ့လည်း စခန်းမှူးကပဲ လိုက်တာလေ၊ ကာယကံရှင် ဦးပေါ်ထွန်းကိုတော့ တရားရုံးကို တခါမှ မလာသေးဘူး” ဟု နိုင်ကြိမ် က ပြောသည်။

    အငြင်းပွားလျှက်ရှိနေသော ထိုမြေယာသည် မူလလုပ်ကိုင်သူ ရွာသားတို့က ရာဘာပင်၊ ကွမ်းပင်နှင့် အခြားသီးနှံအပင်မျိုးစုံကို မိရိုးဖလာအဆက်ဆက် စိုက်ပျိုးလာပြီး ၂၀၁၀ ခုနှစ်မှစ၍ သစ်တောဦးစီးဌာနမှ မာန်အောင်သစ်တောကြိုးဝိုင်းအတွင်း တည်ရှိ နေသဖြင့် သိမ်းယူခဲ့ပြီး အခြားသော စီးပွားရေးလုပ်ငန်းရှင်ထံ (၂၀၁၂) ခုနှစ်တွင် ပြန်လည်ရောင်းချခဲ့ကြောင်း ရွာသားများထံမှ သိရသည်။

    တရားစွဲဆိုခြင်း ခံရသူထဲတွင် ပါဝင်သူ ကိုးမိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်ရွှေဘက “စီမံကိန်း ဖြစ်မလာတော့ ဒီမြေကို လုပ်ကိုင်ခွင့်ပေးဖို့ သစ်တောဦးစီးကို ကျနော်တို့အကြိမ်ကြိမ် လျှောက်ထားတာ (၂၀၁၀) ခုနှစ်ကတည်းကပါ၊ ဒီမြေတွေကို အကုန်လုံး တိုင်းတာပြီးလို့ စာရင်းနဲ့တင်ထားတာ ကျနော်တို့မှာ သက်သေရှိပါတယ်၊ သစ်တောဦးစီးကလည်း ရတော့မယ်၊ ရတော့မယ်နဲ့ အခြားအရပ်ကလာတဲ့ စီးပွားရေးသမားတွေကို လုပ်ခွင့်ပေးလိုက်တာ” ဟု ပြောသည်။

    သို့သော် ထိုမြေသည် သစ်တောဦးစီးဌာနမှ အခြားလူတစ်ဦးဦးကို လုပ်ကိုင်ခွင့် ပေးထားသည့် စာရွက်စာတမ်း အထောက်အထားများ ကျေးရွာအုပ်ချုပ်ရေးမှူးထံ ယခုအထိ အသိပေးအကြောင်းကြားခြင်း မရှိသေးကြောင်း အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

    တရားရုံး၏ ဆင့်ခေါ်ခြင်းခံရသည့် ယခု (၃)ကြိမ်မြောက် အာမခံအတွက် လက်မှတ်ရေးထိုးခြင်း အဆင့်သာ ရှိနေဆဲဖြစ်ပြီး အခြားစစ်ဆေးမေးမြန်းခြင်းများ မရှိသေးကြောင်း၊ ရုံးချိန်းကို လာမည့် ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် ထပ်မံချိန်းဆို ထားကြောင်း တရားစွဲဆိုခံရသူများထံမှ သိရသည်။

    “နောက်ရုံးချိန်း ရောက်မလာရင် တစ်ယောက်ကို ကျပ် (၅) သိန်း အာမခံလျော်ရမယ် အဲဒါပဲ ပြောသေးတယ်၊ တိုင်ကြားတာ ကလဲ ဘာမှအသေအချာ မသိရသေးဘူး”ဟု နိုင်ကြိမ်က ဆိုသည်။

    ယခုအမှုကို ကိုးမိုင်ရွာသားဘက်မှ ရှေ့နေ ဦးအေးကြည်၊ ဦးကျော်သူရတို့ လိုက်ပါဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး တရားစွဲဆိုခြင်းခံရသူများမှာ ဦးဂျပန်၊ ဦးသောင်ကြည်၊ ဦးဉာဏ်ထွန်း၊ ဦးမွန်ထော၊ ဦးကင်း၊ ဦးဝင်းရွှေ၊ ဦးမိုးအောင်၊ ဦးကွန်းပလိုင်၊ ဦးချိန်း၊ ဒေါ်သိန်းကြည်၊ ဒေါ်ညွန့်အေး၊ ဒေါ်ဇာ၊ ဦးချမ်းလွန်၊ နိုင်ကြိမ်၊ ဦးနွဲ့၊ ဒေါ်ဝင်းကြည်၊ ဦးအောင်ထူး၊ ဦးနိုင်နိုင်(ရွှေဘ)၊ ဒေါ်ကွန်းဒွတ်(ကွယ်လွန်)တို့ ဖြစ်သည်။

    မြို့နယ်တရားရုံး(IMNA)
    မြို့နယ်တရားရုံး(IMNA)
    ရေးမြို့နယ်တောင်ပိုင်း ကိုးမိုင်ကျေးရွာဝန်းကျင်တွင်လည်း ခြံရှင်အသစ်ဆိုသူတို့က မူလခြံလုပ်ကိုင်သူတို့ကို အလားတူ တရားစွဲဆိုမှုများ ရှိနေကြောင်း သိရှိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts